DVB Logo
Home
Lead Story
ကမ္ဘာရန်…
DVB
·
October 10, 2023
ကမ္ဘာရန်…
Donate to DVB

စနေနေ့မနက်အစောပိုင်း အောက်တိုဘာ ၇ ရက် ကစလို့ ဟားမားစ်စစ်သွေးကြွအုပ်စုတွေဟာ အစ္စရေးနိုင်ငံထဲကို ဒုံးကျည်အရေအတွက် ထောင်နဲ့ချီပြီး တရစပ် ပစ်ခတ်တိုက်ခိုက်ခဲ့သလို နယ်မြေပိုင်းခြားထားတဲ့ ခြံစည်းရိုးတွေကို ချိုးဖျက်ပြီး အစ္စရေးနိုင်ငံထဲ ဝင်ရောက်ခဲ့ကြတယ်။

ဟားမားစ်တွေရဲ့ ဒုံးကျည်ပစ်ခတ်မှုကြောင့် အစ္စရေးတောင်ပိုင်းဒေသမှာ ရုတ်ရုတ်သည်းသည်း ဖြစ်သွားပြီး အဆောက်အဦတွေ၊ မော်တော်ကားတွေ ထိမှန်မီးလောင်ကြသလို အစ္စရေးစစ်သားတွေနဲ့ အရပ်သားတွေ နှစ်ရာကျော် သေဆုံးတယ်လို့ သတင်းတွေမှာ ဖော်ပြတယ်။

ဟားမားစစ်သွေးကြွအုပ်စုတွေဟာ အစ္စရေးနိုင်ငံထဲကို မြေပြင်၊ ရေပြင်နဲ့ လေကြောင်းကတဆင့် ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ကြတာဖြစ်တယ်။

မမျှော်လင့်ဘဲ အငိုက်မိသလိုဖြစ်သွားတဲ့အတွက် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက “ကျနော်တို့ စစ်ဖြစ်နေပြီ” We are at war လို့ အထိတ်တလန့် ကြေညာလိုက်ရပြီး ချက်ချင်းပဲ ဂါဇာဒေသကို လေကြောင်းက လက်တုံ့ပြန် တိုက်ခိုက်ခဲ့လို့ ဂါဇာဘက်အခြမ်းမှာလည်း ပါလက်စတိုင်းတွေ တရာကျော် သေတယ်လို့ သတင်းတွေထဲမှာ ဖတ်ရတယ်။

အစ္စရေးဟာ ဟားမားစ်တွေရဲ့ ရုတ်တရက် အလစ်အငိုက် တိုက်ခိုက်မှုကို ခံလိုက်ရတာပါ။ ဒီလိုတိုက်ခိုက်လာလိမ့်မယ်လို့လည်း ထင်မထားခဲ့ဘူး။ အစ္စရေးက သူ့ရဲ့ ထောက်လှမ်းရေးကို ယုံကြည်စိတ်ချခဲ့တယ်။ ဒါပေမဲ့ အခုတိုက်ခိုက်မှုကိုတော့ အစ္စရေးထောက်လှမ်းရေးက ကြိုအသိမပေးနိုင်ခဲ့ဘူး။

တိုက်တိုက်ဆိုင်ဆိုင် ဒီတိုက်ခိုက်မှုဟာ လွန်ခဲ့တဲ့ နှစ် ၅၀ (၁၉၇၃ ခုနှစ်က) ဖြစ်ပွားခဲ့တဲ့ အာရပ်-အစ္စရေး စစ်ပွဲဖြစ်ပွားပြီး တရက်အကြာမှာ ဖြစ်ခဲ့တယ်။ ယုန်ကစ်ပူး စစ်ပွဲလို့ ခေါ်တဲ့ အဲဒီစစ်ပွဲဟာ အစ္စရေးတွေရဲ့ ယုန်ကစ်ပူး ပွဲတော်ကျင်းပနေခိုက်မှာ စတင်ဖြစ်ပွားခဲ့တာပါ။ အခုလည်း အစ္စရေးတွေရဲ့ ဘာသာရေး နေ့ထူးနေ့မြတ်မှာ ဟားမားစ်တွေက အလစ်အငိုက် ထိုးစစ်ဆင် တိုက်ခိုက်လာတာပါ။

ပွဲက မပြီးသေးပါဘူး။ ဟားမားစ်တွေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေဟာ အစ္စရေးနိုင်ငံထဲ အဆက်မပြတ် ကျရောက်ပေါက်ကွဲနေလို့ မြို့တော် တဲလ်အဗစ်မှာ လေကြောင်းရန် အချက်ပေးဥဩဆွဲရသလို လူတွေအားလုံး ဘေးကင်းရာမှာ နေကြရတယ်။ အစ္စရေးတွေရဲ့ ဒုံးပျံကာကွယ်ရေးစနစ်က တုံ့ပြန်တိုက်ခိုက်မှုတွေနဲ့ ပေါက်ကွဲသံတွေ ဆူညံနေတယ်။

အစ္စရေးတောင်ပိုင်းနယ်မြေထဲကို ခြံစည်းရိုးတွေကို ဘူဒိုဇာတွေနဲ့ ချိုးဖျက်ပြီး ဝင်ရောက်လာတဲ့ ဟားမားစ်တွေက အစ္စရေး နယ်ခြားစောင့်စခန်းတချို့ကို သိမ်းပိုက်ခဲ့သလို အစ္စရေးစစ်တပ်က အရာရှိတချို့ အပါအဝင် အစ္စရေးနိုင်ငံသား နှစ်ရာကျော်ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးပြီး ဂါဇာထဲကို ခေါ်သွားတယ်လို့ ဆိုတယ်။

ဒီမနက်သတင်းမှာတော့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အကြီးကျယ်ဆုံး လက်တုံ့ပြန်သွားမှာဖြစ်လို့ ဂါဇာဒေသခံတွေကို ဘေးကင်းတဲ့နေရာတွေကို ရှောင်နေကြဖို့၊ ဗုံးခိုကျင်းတွေထဲ နေကြဖို့ ကြိုတင်အသိပေးထားတာ တွေ့ရတယ်။

ဂါဇာဒေသမှာ သွေးချောင်းစီးမယ့် စစ်ပွဲကြီးတပွဲ ဖြစ်လာတော့မယ့်သတင်းကို ကမ္ဘာကြီးက စောင့်ကြည့်နေရပြန်ပြီပေါ့။

စစ်ပွဲတွေက ကမ္ဘာကြီးရဲ့ နေရာအနှံ့မှာ ဖြစ်နေကြတာပါ။ ကိုယ်နဲ့နီးတဲ့နေရာနဲ့ ကိုယ်နဲ့ဝေးတဲ့နေရာပဲ ကွာတယ်။ ခုလို အရင်ထဲက တငွေ့ငွေ့လောင်နေတဲ့ မီးတခု ရုတ်တရက် ထတောက်လာလို့ ပျာပျာသလဲ ခေါင်းထောင်ကြည့်မိကြသလို စစ်ပွဲက ရက်ရှည်ကြာသွားတဲ့အခါ နိုင်ငံတကာ သတင်းခေါင်းစဉ်အောက်က အလိုလို မှေးမှိန်ပျောက်ကွယ်သွားတဲ့ အဖြစ်တွေလည်း မြင်တွေ့နေရတာပဲ။

ရုရှား-ယူကရိန်းစစ်က တနှစ်ခွဲကြာလာပါပြီ။ မနေ့တနေ့က ရုရှားတွေပစ်လိုက်တဲ့ ဒုံးပျံ ယူကရိန်းအရှေ့မြောက်က ရိုဇာရွာပေါ် ကျရောက်ခဲ့လို့ အရပ်သား ကလေးလူကြီး ၅၁ ယောက် သေဆုံးခဲ့တယ်။ သောကြာနေ့ကလည်း ခါကိဗ်ကို ပစ်လိုက်တဲ့ ရုရှားဒုံးပျံကြောင့် လူနေအဆောက်အဦတွေ ပြိုကျပြီး ၁၀ နှစ်သား ကလေးတဦး သေဆုံးသွားတယ်။ အလားတူပါပဲ ယူကရိန်းတွေက ရုရှားရဲ့ ပင်လယ်နက်ရေတပ်စခန်းဌာနချုပ်ကို ပြီးခဲ့တဲ့ တပတ်က ဒုံးပျံနဲ့ ပစ်ခတ်ခဲ့လို့ ရုရှားရေတပ်သင်္ဘောနဲ့ ရေငုပ်သင်္ဘောတွေ မီးလောင်ပျက်စီးခဲ့တယ်။

စစ်ပွဲဟာ ကာလရှည် တောက်လျှောက်ဖြစ်နေခဲ့တယ်။ နိုင်သူမရှိ၊ ရှုံးသူမရှိ။ အရပ်သားတွေက မြေစာပင်ပေါ့။

ဒီသတင်းတွေဟာ နိုင်ငံတကာသတင်းခေါင်းစဉ်အောက်မှာ နေ့စဉ်နီးပါး ပါနေပေမဲ့ ကြာလာတော့လည်း ဟိုးအဝေးကြီးက စစ်ပွဲဟာ ကိုယ်နဲ့မဆိုင်သလို ဪ စစ်ဖြစ်နေကြပါလားနဲ့ပဲ မေ့မေ့ပျောက်ပျောက် ဖြစ်သွားတတ်ကြတယ်။ တကယ်က စစ်ကို တကယ်တမ်း စစ်မြေပြင်မှာ ရင်ဆိုင်နေရသူတွေလောက် အဝေးကလူတွေက မခံစားနိုင်ကြပါဘူး။ နေအိမ် အဆောက်အဦတွေ မီးလောင်ပျက်စီး၊ ကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုတွေ အသက်ဆုံးရှုံး၊ ဒဏ်ရာရ၊ နေရပ်စွန့်ခွာ၊ ဖြစ်သလို ဒုက္ခသည်စခန်းတွေထဲ စုပြုံနေထိုင်၊ အစာရေစာ မဝမလင်၊ အိပ်ရာ ခေါင်းအုံး မရှိ။

စစ်က ယူကရိန်း တနေရာတည်း ဖြစ်နေတာတော့ မဟုတ်။ အာဖရိက နိုင်ငံတချို့မှာလည်း ဖြစ်နေတာပဲ။ ဆူဒန်မှာ စစ်ဗိုလ်ချုပ်နှစ်ဦး အာဏာလုရင်း မြို့တော်ခါတွန်နဲ့တကွ တနိုင်ငံလုံး တိုက်ပွဲတွေဖြစ်ရင်း တိုင်းပြည်က ပျက်သလို ဖြစ်နေပြီ။ ဆီးရီးယားမှာဖြစ်နေတဲ့ တိုက်ပွဲတွေဟာ ဆယ်စုနှစ်ချီ ကြာနေပြီဖြစ်သလို လစ်ဗျားမှာလည်း မပြီးသေးဘူး။

ယူကရိန်းစစ်က အနောက်အုပ်စုနဲ့ ရုရှား အားပြိုင်တဲ့စစ်ပွဲဖြစ်လို့ ကမ္ဘာလုံးအတိုင်းအတာနဲ့ သက်ဆိုင်တယ်။ အနောက်အုပ်စု ကျားကန်ပေးထားတဲ့ ယူကရိန်းက မလျှော့သလို ရုရှားကလည်း လွယ်လွယ်နဲ့ နောက်ဆုတ်မယ့် လက္ခဏာမရှိဘူး။

စစ်ဖြစ်ရတဲ့ အကြောင်းတွေ အမျိုးမျိုးရှိတယ်။ ဆူဒန်တို့ ဆီးရီးယားတို့က နိုင်ငံသားချင်း အာဏာလုကြတဲ့ ပြည်တွင်းစစ်။ ရုရှားနဲ့ ယူကရိန်းကျတော့ အချုပ်အခြာအာဏာ နယ်မြေလုကြတဲ့ နိုင်ငံတကာစစ်။

ဟားမားစ်တွေက အစ္စရေးနယ်မြေထဲ ရုတ်တရက်ဝင်တိုက်တဲ့ စစ်ပွဲက အသစ်တော့မဟုတ်ဘူး။ တငွေ့ငွေ့လောင်နေတာ ကြာပြီဖြစ်တဲ့ စစ်။ ဘယ်ကစသလဲလို့မေးရင် ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီဖြစ်တဲ့ “အာရပ်-ဂျူး” လူမျိုးရေး၊ ဘာသာရေးနဲ့ ပိုင်နက်နယ်မြေ ပဋိပက္ခ။ သမိုင်းကို ဖတ်ကြတဲ့အခါမှာ ဒုတိယကမ္ဘာစစ်ပြီးကတည်းက ဖြစ်ပေါ်လာတဲ့ ဒီပြဿနာကို တွေ့ကြရတယ်။

ဒီနေ့ တည်ရှိနေတဲ့ အစ္စရေးနိုင်ငံကို ကြည့်လိုက်ရင် တဆက်တစပ်တည်း ဖြစ်မနေတဲ့ အပေါက်ကြီး နှစ်ပေါက်ကို တွေ့ရမယ်။ ဂါဇာကမ်းမြောင်ဒေသနဲ့ အနောက်ဘက်ကမ်း။ ဒီနေရာတွေမှာ ပါလက်စတိုင်း အာရပ်တွေ ခြေချနေထိုင်တယ်။ ဂါဇာကမ်းမြောင်မှာ ပါလက်စတိုင်း ၂ ဒသမ ၃ သန်း နေထိုင်တယ်။ အစ္စရေးနိုင်ငံရဲ့ မြေထဲပင်လယ်နဲ့ ထိစပ်နေတဲ့ ဒီကမ်းမြောင်ဒေသဟာ အစ္စရေးစိတ်ကြိုက် ပိတ်ဆို့ထားနိုင်တဲ့နေရာဖြစ်ပြီး လွန်ခဲ့တဲ့ ၁၆ နှစ်ကတည်းက ပိတ်ဆို့ထားခဲ့တယ်။

ဒီနယ်မြေအပိုင်းအခြားတွေ ဖြစ်ပေါ်လာရတာလည်း လွန်ခဲ့တဲ့ နှစ်များစွာက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခစစ်ပွဲများရဲ့ နောက်ဆက်တွဲပါပဲ။ အစ္စရေးဟာ ၁၉၆၇ ကတည်းက အနောက်ဘက်ကမ်းကို သိမ်းထားခဲ့ပြီး ဂျူး၊ ခရစ်ယာန်၊ အစ္စလာမ် ဘာသာသုံးခုရဲ့ အထွတ်အမြတ်ထားရာ ဂျေရုဆလင်ဟာလည်း အနောက်ဘက်ကမ်းဒေသမှာ ရှိနေခဲ့တယ်။ မတူညီတဲ့ လူမျိုးနှစ်ခုရဲ့ ကွဲပြားတဲ့ ဘာသာရေး ယုံကြည်ချက်က ဒီဒေသမှာ စစ်ပွဲတွေ၊ အမုန်းတရားတွေ မျိုးဆက် တဆက်ပြီး တဆက် ကိန်းအောင်းနေစေခဲ့တယ်။ အာရပ်-အစ္စရေး။ ပါလက်စတိုင်း-အစ္စရေး။

စနေနေ့ မနက်ပိုင်းက ဟားမားစ်စစ်သွေးကြွအုပ်စုတွေ အစ္စရေးထဲ ဝင်တိုက်တဲ့ဖြစ်ရပ်က ရုတ်တရက် ထတောက်လာတာမျိုးတော့ မဟုတ်ဘူး။ ဒီဒေသမှာ ကာလတာရှည်ကတည်းက ဖြစ်နေခဲ့တာဆိုပေမဲ့ နိုင်ငံတကာသတင်းခေါင်းစဉ်အောက်က ပျောက်ပြီး မေ့နေခဲ့ကြတာ ဖြစ်တယ်။ တိုက်ဆိုင်ချင်တော့ အစ္စရေးမှာ ဝန်ကြီးချုပ် နေတန်ယာဟုကို လူထုက အကြီးအကျယ် ဆန္ဒပြနေကြချိန်လည်း ဖြစ်တယ်။

ဂါဇာက ဆန္ဒပြ ပါလက်စတိုင်းတွေကို အစ္စရေးစစ်တပ်က နှိမ်နင်းတာရယ်၊ ပါလက်စတိုင်း နယ်မြေထဲ ဂျူးတွေက အိမ်ရာတိုးချဲ့လာတွေရယ်အပြင် ဒီပြဿနာရဲ့ တခုသော အကြောင်းက အင်မတန် ထိရှလွယ်ပြီး သူပိုင် ငါပိုင် အငြင်းပွားနေတဲ့ (အာရပ်တွေက Aqsa Mosque အက်ဆာဗလီ လို့ခေါ်ပြီး ဂျူးတွေက Temple Mount) လို့ ခေါ်တွင်တဲ့ ဘုရားကျောင်းဝင်းထဲကို ပြီးခဲ့တဲ့ရက်များက ဂျူး ဘာသာရေးအစွန်းရောက်တွေ ဝင်ရောက်ပြီး ဝတ်ပြုကြတာကို ဟားမားစ်တွေက မကျေမနပ်ဖြစ်ကြတာပဲ ဖြစ်တယ်။

အာရပ်-ဂျူး ပြဿနာဟာ နှစ်ပေါင်းများစွာ မပြီးဆုံးနိုင်သေးတဲ့ ပြဿနာတခုပါ။

CWM 

Ref: CNA / Reuters / BBCworld

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013