DVB Logo
Home
နိုင်ငံတကာ
အိုအိုင်စီ အစည်းအဝေးခေါ်ရန် အီရန် တောင်းဆို၊  အီးယူက အစ္စရေး အခြေအနေ ဆွေးနွေးမည်
DVB
·
October 10, 2023
အိုအိုင်စီ အစည်းအဝေးခေါ်ရန် အီရန် တောင်းဆို၊  အီးယူက အစ္စရေး အခြေအနေ ဆွေးနွေးမည်
Donate to DVB

သီတင်းပတ်ကုန်ရက်က အစ္စရေးကို ဟားမတ်စ်က တိုက်ခိုက်အပြီး ဟားမတ်စ်နဲ့ အစ္စရေးတပ်ဖွဲ့ တွေကြား တိုက်ပွဲတွေ ပြင်းထန်လာလို့ အစ္စလမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) က အရေးပေါ် အစည်းအဝေးတရပ်ကို ခေါ်ယူဖို့ အီရန်အစိုးရက တောင်းဆိုခဲ့တယ်လို့ အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ နတ်ဆား ခနားနီက အောက်တိုဘာ ၉ ရက်မှာ ပြောပါတယ်။

အမေရိကန်နဲ့ ဥရောပအစိုးရ တချို့ဟာ ပါလက်စတိုင်းနိုင်ငံကို ဆန့်ကျင်တဲ့ စိတ်ဓာတ်ရေးရာစစ်ပွဲနဲ့ ပြင်းထန်တဲ့ ဝါဒဖြန့်မှုတွေ သုံးနေတယ်လို့ သူက စွပ်စွဲခဲ့ပါတယ်။

အစ္စလမ်မစ်နိုင်ငံတွေအပါအဝင် အစိုးရအများအပြားကြားမှာတော့ "ပါလက်စတိုင်းနိုင်ငံနဲ့ ပါလက်စတိုင်းတွေရဲ့ ခုခံမှု" ကို ထောက်ခံတယ်လို့ သူက ဆက်ပြောပါတယ်။

အစ္စရေးနိုင်ငံသား အယောက် ၇၀၀ ကျော် သေဆုံးပြီး နောက်ထပ် အစ္စရေးအယောက် ၁၅၀ လောက်ကို အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်က ပြန်ပေးဆွဲခဲ့တဲ့ ဒီတိုက်ခိုက်မှုမှာ သူတို့ ပါဝင်ပတ်သက်ခြင်း မရှိဘူးလို့လည်း အီရန်က ပြောပါတယ်။ 

အစ္စရေးနဲ့ ဟားမတ်စ်တို့ရဲ့ အပြန်အလှန် တိုက်ပွဲအတွင်း ပါလက်စတိုင်း အယောက် ၅၀၀ ကျော် လည်း သေဆုံးခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က အစ္စရေးကို နောက်ဆုံး တိုက်ခိုက်မှု နောက်ကွယ်မှာ အီရန်ရှိတယ်ဆိုတဲ့ အထောက်အထား မရှိပေမဲ့ အီရန်အစိုးရနဲ့ ဟားမတ်စ်တို့ ကြား ကာလကြာရှည် ဆက်ဆံရေး ရှိနေတယ်လို့ ပြောခဲ့ပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်းနယ်မြေတွေမှာ အကြမ်းဖက်မှုတွေကို ရပ်ဖို့ လိုပေမဲ့ ပါလက်စတိုင်း ပြဿနာကို မဖြေရှင်းသရွေ့ ဒါမျိုးဖြစ်ရပ်တွေ ဆက်ဖြစ်နေဦးမှာပဲလို့  အာရပ်အသင်းချုပ် အကြီးအကဲ အာမဒ်အဘူလ် ဂိုက်သ်က အောက်တိုဘာ ၉ ရက်မှာ ပြောလိုက်ပါတယ်။

ရုရှားမြို့တော် မော်စကိုမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလ် လာ့ဗ်ရော့ဗ်နဲ့ တွေ့ဆုံ ဆွေးနွေး ပြီးတဲ့နောက် ဂိုက်သ်က အရပ်သားတွေရဲ့ အသက်ကို ကယ်ဖို့နဲ့ အကြမ်းဖက်မှုတွေ ထပ်မကြီး လာစေရေး အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုတဲ့ ညှိနှိုင်းမှုလမ်းကြောင်း မရှိလို့ အခြေအနေ ပိုဆိုးရွား နေတယ်လို့ အပြစ်တင် ပြောဆိုခဲ့ပါတယ်။ 

ဂိုက်သ်ဟာ အီဂျစ်သမ္မတ ဟိုစနီမူဘာရတ် အုပ်ချုပ်မှု နောက်ဆုံး ၇ နှစ်တာ ကာလအတွင်း အီဂျစ်နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။

"ငြိမ်းချမ်းရေး၊ ဘေးကင်းရေးနဲ့ တည်ငြိမ်ရေးတို့နဲ့ အတူယှဉ်တွဲနေထိုင်တဲ့ နိုင်ငံ နှစ်ခု  ထူထောင်နိုင်ရေး ဦးတည် ထားတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်စဖို့ လိုအပ်တယ်လို့ ဂိုက်သ်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

အစ္စရေးက သူ့ရဲ့ ရပ်တည်ချက်ကို မပြောင်းဘူး ဆိုရင်၊ စစ်ပွဲတွေ ထပ်ဖြစ်လာဦးမှာပဲလို့လည်း သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။ 

အီးယူ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေဟာ အောက်တိုဘာ ၁၀ ရက် အရေးပေါ် အစည်းအဝေးမှာ အစ္စရေးနဲ့ ဒေသတွင်း အခြေအနေတွေကို ဆွေးနွေးကြမယ်လို့ အီယူရဲ့ ထိပ်တန်း သံတမန် ဂျိုးဇက် ဘော်ရယ်က  လူမှုမီဒီယာ ပလက်ဖောင်း X မှာ ပြောပါတယ်။

ဖွံ့ဖြိုးရေးအကူအညီကဏ္ဍတွေကို ပြန်လည်သုံးသပ်ခြင်း အပါအဝင် အီးယူ အတွက် တုံ့ပြန်မှုတွေနဲ့ နောက်ခြေလှမ်းတွေကို ထည့်သွင်းစဉ်းစားဖို့ တွေ့ဆုံကြမှာပါ။ 

အီးယူကော်မရှင်ကလည်း ဖွံ့ဖြိုးရေး အကူအညီအတွက် အကျိုးဆက်တွေကို ပြန်သုံးသပ်နေတယ်လို့ အောက်တိုဘာ ၉ ရက် မှာ ပြောပါတယ်။

"လတ်တလော ဝမ်းနည်းစရာ ဖြစ်ရပ်တွေက ကျနော်တို့ရဲ့ လက်ရှိနဲ့ အနာဂတ် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အကူအညီ တွေကို ဘယ်လို အကျိုးသက်ရောက်နိုင်တယ် ဆိုတာကို ကော်မရှင်က အကဲဖြတ်နေတယ်လို့ အီးယူကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူက သတင်းထောက် တွေကို  ပြောခဲ့ပါတယ်။

ဥရောပသမဂ္ဂက ရန်ပုံငွေထောက်ပံ့မှုဟာ ပါလက်စတိုင်းလူဦးရေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှု အများစုကို ထောက်ပံ့ပေးပြီး ပါလက်စတိုင်း အာဏာပိုင်တွေကို ဘဏ္ဍာငွေ တိုက်ရိုက် ပံ့ပိုးပေး ပါတယ်။

အီးယူနဲ့ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ကျင်းပဖို့ စီစဉ်ထားပြီးသားဖြစ်တဲ့ အိုမန်နိုင်ငံ မတ်စ်ကပ်မြို့မှာပဲ  အီးယူ ဝန်ကြီးတွေ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

Source/Photo-Reuters 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013