Home
ဆောင်းပါး
ယူနီဆက် (သို့) သိုးများအား ကယ်တင်ပိုင်ခွင့်ကို ဝံပုလွေများထံ အပ်နှင်းတဲ့ ဗျူရိုကရက်ယန္တရားဆိုး
DVB
·
September 28, 2023

သွေးဆာနေတဲ့ ဝံပုလွေတွေဆိုတာ သူတို့ရဲ့ ဆာ‌လောင်မှုနဲ့ အသားစားလိုစိတ်အတွက် သိုးများကို အရှင်လတ်လတ် ကိုက်ဖြတ်စားသောက်တတ်တဲ့ သားရဲတိရစ္ဆာန်သဘာဝ ရှိတာကို အသိဉာဏ်ရှိတဲ့လူတိုင်း သိပြီးသားဖြစ်ပါတယ်။ တကယ်လို့များ ပုံမှန်စဉ်းစားတတ်၊ မတရားမှုကို လက်မခံတဲ့ လူပုဂ္ဂိုလ်တဦး၊ အဖွဲ့အစည်းတရပ်ဆိုရင် သိုးတွေကို ကာကွယ်နိုင်မယ့် အခွင့်အလမ်းနဲ့ ကယ်တင်ပိုင်ခွင့် ရှိမယ်ဆိုရင် အဲ့ဒါတွေကို လက်သည်းနဲ့ သွားစွယ်တွေမှာ သိုး‌တွေကို ကိုက်ဖြတ်ထားလို့ သွေးအလိမ်းလိမ်းလူးနေတဲ့ ဝံပု‌ေလွတွေဆီ အပ်နှင်းဖို့ ဘယ်တော့မှ လုပ်ဆောင်မှာ မဟုတ်ပါဘူး။

ဒါပေမဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက် သတင်းမှာ ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်) ဟာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၂၄ သန်းကျော် တန်ကြေးရှိတဲ့ စီမံကိန်းနှစ်ခုကို အာဏာလု ကလေးသူငယ်ပါ သတ်ဖြတ်နေတဲ့ အကြမ်းဖက် စစ်ကောင်စီ ဝန်ကြီးဌာနတွေရဲ့ ကြီးကြပ်မှုအောက်မှာဆောင်ရွက်ဖို့ သြဂုတ်လအတွင်းက လက်မှတ်ရေးထိုး သဘောတူခဲ့ကြောင်း ပေါက်ကြားလာတဲ့သတင်းကို ဖတ်ခဲ့ရပါတယ်။

စီမံကိန်းတွေမှာ အသုံးပြုမယ့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၂၄ သန်းကျော်အတွက် ငွေလဲနှုန်းဟာလည်း စစ်ဓားပြတွေ သတ်မှတ်ထားတဲ့နှုန်းနဲ့သာ တွက်ချက်မယ်လို့ ယူဆနိုင်ပါသတဲ့။ ၂၀၂၃ စက်တင်ဘာ ၁၁ ရက်နေ့ ထုတ်ပြန်ခဲ့တဲ့ အာဏာလု စစ်ကောင်စီရဲ့ ဗဟိုဘဏ်နှုန်းထားအရ အမေရိကန် တဒေါ်လာကို မြန်မာကျပ် ၂,၁၀၀ သာ သတ်မှတ်ထားပေမဲ့ အပြင်စျေးကွက်ပေါက်စျေးက ကျပ် ၃,၄၀၀ မှ ကျပ် ၃,၅၀၀ အတွင်းအထိ ရှိနေခဲ့ပါတယ်။ စစ်ဓားပြ ငွေလဲနှုန်းနဲ့ မတွက်ဘဲ အပြင်စျေးကွက်ပေါက်စျေးနဲ့ တွက်ချက်မယ်ဆိုရင် မြန်မာပြည်သူတွေဟာ ကျပ်ငွေ ၄ ဘီလီယံခွဲခန့် အကူအညီ ပိုမိုရရှိမှာ ဖြစ်ပေမဲ့ အခုတော့ အဲ့ဒီအလှူရှင်တွေရဲ့ ပိုက်ဆံတွေဟာ ယူနီဆက်‌ကြောင့် ကလေးသူငယ်သတ်တဲ့ စစ်ဘီလူးတွေလက်ထဲ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

ဒါဟာ ကုလသမဂ္ဂလက်အောက်ခံ ယူနီဆက်လို့ ခေါ်ကြတဲ့ အပြည်ပြည်ဆိုင်ရာ ကလေးများ အရေးပေါ်ရန်ပုံငွေအဖွဲ့ကြီးဟာ သိုးငယ်တွေကို သတ်ဖြတ်စားသောက်တတ်တဲ့ ဝံပု‌လွေနဲ့ အလားသဏ္ဌာန်တူတဲ့ မြန်မာစစ်ရာဇဝတ်ကောင် မီးရှို့ လူသတ် ဓားပြတပ်နဲ့ အတူလက်တွဲပြီး ကလေးသူငယ်တွေကို ကယ်တင်မယ့် ပရောဂျက်တွေကို လုပ်ဆောင်တဲ့ အကျိုးဆက်တခု ဖြစ်ပါတယ်။

မြန်မာကလေးသူငယ်တွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့၊ သတ်ဖြတ်နေဆဲ စစ်ဘီလူး သဘက်တွေထံ ရောက်ရှိမယ့် နိုင်ငံတကာ အလှူရှင်တွေပေးတဲ့ ဒေါ်လာပိုက်ဆံနဲ့ အကူအညီတွေနဲ့ သိုးကလေးတွေ ရသလောက် ကယ်တင်မယ်ဆိုတဲ့ လုပ်ဆောင်မှုဟာ အဖွဲ့ကြီးရဲ့ မူလအနှစ်သာရ ရည်ရွယ်ချက်ကို ထိခိုက်စေပါလိမ့်မယ်။ ကလေးတွေ သတ်ဖြတ်နေသူတွေကို လက်နက်ခဲယမ်းမီးကျောက်တွေ ထပ်ဝယ်နိုင်အောင် ပံ့ပိုးရာ ရောက်စေမှာ ဖြစ်ပါတယ်။

တကယ်တော့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများအရေးပေါ်ရန်ပုံငွေအဖွဲ့ (United Nations International Children's Emergency Fund)လို့ခေါ်တဲ့ ယူနီဆက်အဖွဲ့ကြီးကို  ဒုတိယကမ္ဘာစစ်အတွင်းက အကြီးအကျယ်ပျက်စီးခဲ့တဲ့ နိုင်ငံများရှိ ကလေးများအတွက် အရေးပေါ် အစားအစာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ဖို့ ရည်ရွယ်ပြီး ၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှ စတင်ဖွဲ့စည်းခဲ့ပါတယ်။

ယူနီဆက်ရဲ့ လုပ်ပိုင်ခွင့်အာဏာဟာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် (CRC) ပေါ်မှာ အခြေတည်ထားပြီး ကလေးသူငယ် မိဘတွေရဲ့ နိုင်ငံသား အခြေအနေ၊ လူမှုစီးပွားအခြေအနေ (သို့) တတ်နိုင်စွမ်းတွေကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ အချိန်တိုင်း နေရာတိုင်းမှာ ကလေးငယ်တဦးချင်းစီတိုင်းရဲ့ အခွင့်အရေးတွေကို ဖြည့်ဆည်းပေးဖို့အတွက် ဖြစ်ပါတယ်။ ကလေးငယ်တဦးရဲ့ ရှေ့ရေးကို ပိတ်ဆို့ကာဆီးထားတဲ့ အတားအဆီးများဖြစ်တဲ့ ဆင်းရဲနွမ်းပါးမှု၊ အကြမ်းဖက်မှု၊ ရောဂါဘယတွေနဲ့ ခွဲခြားဆက်ဆံမှုတွေကို ကျော်လွှားနိုင်ဖို့အတွက် ရည်ရွယ်ထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ယူနီဆက်ဟာ သူအာရုံစိုက်တဲ့ အလုပ်ဖြစ်‌ရေးနဲ့ တကြောင်းစွဲ သတ်မှတ်ထားတဲ့ မူဝါဒတွေအတွက် မကြာခဏ ဝေဖန်ခံခဲ့ရပါတယ်။ ၂၀၀၄ ခုနှစ်တုန်းက လဲန်းဆက်မှ အယ်ဒီတာ့အာဘော်မှာ ယူနီဆက်ရဲ့ အခွင့်အရေးတွေကို အခြေခံတဲ့ ချဉ်းကပ်မှုဖြစ်ပြီး ကလေးတွေရဲ့ ရှင်သန်ရေးနဲ့ သေဆုံးမှုတွေအပေါ်မှာ အနည်းငယ်မျှသာ အလေးအနက် ပြုမှုကိုသာ ရှေ့ရှုနေတယ်လို့ ဝေဖန်ထားပါတယ်။

ကက်သလစ် ဘုရားရှိခိုးကျောင်းကလည်း ယူနီဆက်ကို ဝေဖန်ခဲ့ပြီး ဗာတီကန်နဲ့အတူ အခါများစွာ လှူဒါန်း‌လေ့ရှိတဲ့ငွေတွေကို ပြန်နုတ်သိမ်းခဲ့ပါတယ်။ အဲဒီလိုဖြစ်ရတာဟာ အမေရိကန်လိုက်(ဖ်)လိ(ခ်) ခေါ် အမေရိကန်ဘဝအသင်းနဲ့ တခြားတို့က ယူနီဆက်ဟာ တချို့သော ရန်ပုံငွေတွေကို သားကြောဖြတ်တာနဲ့ ကိုယ်ဝန်ဖျက်ချရာမှာ အသုံးပြုခဲ့တယ်ဆိုတဲ့ အစီရင်ခံစာများကြောင့်ပဲ ဖြစ်ပါတယ်။

ဂွါတီမာလာနိုင်ငံက ထုတ်လွှင့်တဲ့ နိုင်ငံများအကြား ကလေးမွေးစားခြင်းကိစ္စတွေဟာလည်း နောက်ထပ် ဥပမာတခုပင် ဖြစ်ပါတယ်။ အဲ့ဒီနိုင်ငံဟာ ကလေးမွေးစားခြင်းနဲ့ စပ်လျဉ်းပြီး ပူးပေါင်းဆောင်ရွက်ဖို့ ဟိတ်(ဂ်) သဘောတူညီချက် ၂၀၀၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစတင် အကျိုးသက်ရောက်မှုရှိတဲ့ သဘောတူညီချက်ကို ၁၉၉၃ ခုနှစ်၊ မေလ ၂၉ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ သတ်မှတ်ရက်မတိုင်မီ ဆောင်ရွက်ဆဲဖြစ်တဲ့ မွေးစားခြင်းများကို အထောက်အပံ့ဖြစ်ရန် ပျက်ကွက်ခြင်းအတွက် ဝေဖန်ခံခဲ့ရဝာာဖြစ်ပါတယ်။ ယူနီဆက်ကို အစိုးရမဟုတ်သော အဖွဲ့အစည်းထက် နိုင်ငံတကာ အဖွဲ့အစည်းတခုအဖြစ် အဆင့်အတန်းနဲ့ တာဝန်ဝတ္တရားများတို့မှ အသိအမှတ်ပြုဖို့ ဆုံးရှုံးစေတယ်လို့ မှတ်ချက်ချကြပါတယ်။

ယူနီဆက်ရဲ့ မူဝါဒဖြစ်တဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဟာ လုပ်ဆောင်ချက်များအားလုံးရဲ့ အခရာဖြစ်တာမို့ အစိုးရမဟုတ်တဲ့ တခြားအဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ လှုပ်ရှားဆောင်ရွက်သူတွေ၊ ရပ်ရွာအခြေပြု အဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်ခြင်းဟာ မြန်မာနိုင်ငံမှာရှိတဲ့ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေကို သူတို့လိုအပ်နေတဲ့ ပံ့ပိုးမှုများ လက်လှမ်းမီ ရရှိစေနိုင်ပြီး သူတို့ရဲ့ ရှင်သန်ရပ်တည်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ အကာအကွယ်ရရှိရေးနဲ့ ပူးပေါင်းပါဝင်ရေးဆိုင်ရာ အခွင့်အရေးတွေကို အကောင်အထည် ပေါ်လာနိုင်စေမယ်လို့‌‌ ယူနီဆက်က တွင်တွင်ပြောခဲ့ပါတယ်။

ဒါပေမဲ့လည်း စစ်အာဏာလု အကြမ်းဖက်စစ်ကောင်စီ လက်အောက်မှာ လုပ်ဆောင်ရမယ့် ယူနီဆက်ရဲ့ အကူအညီပေးရေး လုပ်ငန်း‌တွေဟာလည်း စစ်ဓားပြကောင်စီရဲ့ ကန့်သတ်ချက်တွေကို လိုက်နာရပြီး တိုင်းနဲ့ပြည်နယ်အဆင့် စစ်အုပ်ချုပ်ရေးဌာနတွေနဲ့ တိုင်ပင်ဆွေးနွေးရမှာဖြစ်တာမို့ အကူအညီတွေဟာ အာဏာလု စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နယ်မြေတွေနဲ့ သူတို့ အကူအညီပေးစေလိုတဲ့ နေရာများကိုသာ ရရှိမှာဖြစ်ပြီး အမှန်တကယ် အကူအညီလိုအပ်နေသူတွေ အကျိုးခံစားခွင့် မရနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကလည်း ဇူလိုင်လအတွင်းမှာ ဝေဖန် ထောက်ပြခဲ့ပါသေးတယ်။

တကယ်တော့ ယူနီဆက်အဖွဲ့ဟာ အခုမှ သွေးစွန်းနေတဲ့ စစ်အာဏာရှင်တွေနဲ့ အတူပတ်သက် ရောယှက် လုပ်ကိုင်နေတာ မဟုတ်ပါဘူး။ ၂၀၁၄ ခုနှစ်တုန်းကလည်း သူတို့ရုံးခန်းဖွင့်လှစ်ဖို့ အရင် လူသတ်စစ်အာဏာရှင်အစိုးရအဖွဲ့ဝင် လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဗိုလ်ချုပ်ညွန့်တင် ပိုင်ဆိုင်တယ်ဆိုတဲ့ ရန်ကုန်မြို့ လူကုံထံတွေနေတဲ့အရပ် ဗဟန်းမြို့နယ် ရွှေတောင်ကြားအရပ်က အလွန်ဈေးကြီးလှတဲ့ အိမ်နဲ့ခြံကို ငှားရမ်းခဲ့တာကြောင့် ဝေဖန်ခံခဲ့ရပါသေးတယ်။ ဗိုလ်ချုပ်ညွန့်တင်ဆိုတာ အကျင့်ပျက်ခြစားပြီး နိုင်ငံ့ဘဏ္ဍာနဲ့ အလွန်အမင်း ချမ်းသာကြွယ်ဝလာတဲ့ သမိုင်းဆိုးနဲ့ ပုပ်ပွနေတဲ့သူ ဖြစ်ပါတယ်။ အဲ့ဒီလို သွေးစွန်း သူခိုးဓားပြတွေနဲ့ စည်းမခြားဘဲ မိမိရည်မှန်းချက် အောင်မြင်ရေး အဓိကထားတယ် ဆိုတာ Code of Conduct လို့ခေါ်တဲ့ လုပ်ထုံးလုပ်နည်း ကျင့်ဝတ်ချို့တဲ့တာပဲ ဖြစ်ပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် ကုလသမဂ္ဂလက်အောက်ခံ ယူနီဆက်လို့ ခေါ်ကြတဲ့ အပြည်ပြည်ဆိုင်ရာ ကလေးများ အရေးပေါ်ရန်ပုံငွေအဖွဲ့ကြီးဟာ သွေးစွန်းနေတဲ့ စစ်ရာဇဝတ်ကောင်တွေနဲ့ လက်တွဲအလုပ်လုပ်တာ၊ မြန်မာနိုင်ငံတဝန်းက ပြည်သူနဲ့ ကလေးသူငယ်တွေကို ရက်စက်ကြမ်းကြုတ်စွာ ဆက်သတ်နေဆဲ စစ်ဘီလူးသဘက်တွေ ကြီးကြပ်မှုအောက်မှာ ကလေးသူငယ်တွေ ကူညီ‌ရေး အစီအမံတွေကို ဆောင်ရွက်မယ်ဆိုတာ သိုးများအား ကယ်တင်ပိုင်ခွင့်ကို သွေးဆာနေတဲ့ ဝံပုလွေများထံ အပ်နှင်းသလို မိုက်မဲခြင်းသာ ဖြစ်ပါတယ်။

နိုင်ငံတကာအလှူရှင်‌တွေ လှူဒါန်းတဲ့ ရန်ပုံငွေကြေးတွေကို မထိရောက်တဲ့နည်းလမ်းနဲ့ အစီရင်ခံစာ တင်ပြကောင်းရုံ၊ လိုအပ်သူတွေထံ အနည်းငယ်သာရောက်ပြီး အလေအလွင့် အဆုံးအရှုံးများစေမယ့် အစီအမံတွေကို သူခိုးဓားရိုးကမ်း ပေးသလို ဖြစ်စေမယ့် ယူနီဆက်ရဲ့ တကြောင်းစွဲမူဝါဒတွေ၊ ကလေးသူငယ် သတ်ဖြတ်သူတွေရဲ့ သွေးစွန်းတဲ့ လက်တွေနဲ့ လက်ဆွဲနှုတ်ဆက်ရုံတင်မက လက်တွဲအလုပ်လုပ်တယ်ဆိုတာ မိမိလက်မှာ ကလေးသူငယ်တွေရဲ့ သွေးလူးပေ‌စေမယ့် ကျင့်ဝတ်ချို့တဲ့မှု လုပ်ရပ်တွေကို ပြန်လည်သုံးသပ်ဖို့ လိုပါကြောင်း တိုက်တွန်းရေးသားရင်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အ‌ရေး စံတန်ဖိုး‌တွေ ပြန်လည်အမှတ်ရစေဖို့၊ လူ့ဂုဏ်သိက္ခာကို ချနင်း စော်ကားနေသူများနဲ့ ကင်းကင်းရှင်းရှင်း လုပ်ဆောင်နိုင်မယ့် နည်းလမ်းများ ရှာကြံနိုင်ကြပါစေကြောင်း တိုက်တွန်းတောင်းဆိုအပ်ပါတယ်။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024