DVB Logo
Home
Lead Story
သန်းခေါင်စာရင်းလော၊ ထောက်လှမ်းရေးလော
DVB
·
September 18, 2023
သန်းခေါင်စာရင်းလော၊ ထောက်လှမ်းရေးလော
Donate to DVB

စစ်အာဏာသိမ်းအဖွဲ့သည် ၎င်းတို့ပြုလုပ်မည့် ရွေးကောက်ပွဲဆိုသည်အား ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက မည်သို့မျှ အသိအမှတ်မပြုဟု အတန်တန် ပြောနေသော်ငြားလည်း နိုင်ငံအနှံ့ သန်းခေါင်စာရင်းကောက်ယူ၍ ၂၀၂၅ တွင် လုပ်ဖြစ်အောင် ပြင်ဆင်သွားမည်ဟု ခေါင်းဆောင်ဖြစ်သူ မင်းအောင်လှိုင်က ကြွေးကြော်လာပြန်သည်။

ထိုမျှမကသေး နိုင်ငံတွင်းပြုလုပ်မည့် ရွေးကောက်ပွဲအား လူရိုသေ ရှင်ရိုသေ ဖြစ်မလားဟု ဖိန့်လုံးများနှင့် ရုရှားအကူအညီဖြင့် လုပ်သွားမည်ဟု ဆိုပြန်သည်။ တဖက်တွင်လည်း ၎င်းတို့ အမှားအယွင်းမရှိ၊ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်သည်ကို သက်သေခံနိုင်ရန် ဖြစ်သည်။

တရုတ်နှင့် ရုရှားတို့က ၎င်းတို့ မြန်မာစစ်အာဏာသိမ်းအဖွဲ့အား ထောက်ခံနေမှုအား နိုင်ငံတကာ အလယ်တွင် လူမြင်တင့်စေရန်၊ ခုခံပြောဆိုနိုင်ရန် ‌ရွေးကောက်ပွဲကို ဖြစ်စေချင်နေကြသည်ကား သံသယဖြစ်စရာ မရှိပေ။

၎င်းတို့ သန်းခေါင်စာရင်းကောက်ယူမည့် ကမ်ပိန်းအား ကုလသမဂ္ဂ လူဦးရေရန်ပုံငွေမှ ကူညီထောက်ပံ့သွားမည်ဟု လိမ်ညာပြောဆိုလာသဖြင့် ကမ္ဘာတဝန်းရှိ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများအကြား စိုးရိမ်တကြီးဖြင့် ဝေဖန်ရှုတ်ချမှုများ ထွက်ပေါ်လာခဲ့သည်။

သို့သော် ကုလသမဂ္ဂက ထိုသို့ကူညီရန် အစီအစဉ်မရှိဟု အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ လူဦး‌ရေ ရန်ပုံငွေရုံးမှ တရားဝင် ငြင်းဆိုခဲ့သည်။

၂၀၁၄ ခုနှစ်က ပြုလုပ်သော သန်းခေါင်စာရင်း ကောက်ယူခဲ့မှုအား နိုင်ငံအနာဂတ်အတွက် မျှော်လင့်ချက်ရောင်ခြည်များ ယှက်သန်းလာချိန်လည်း ဖြစ်၍ ကုလ၊ အမေရိကန်၊ ဩစတြေးလျ နှင့် အနောက်နိုင်ငံများက ‌ငွေကြေးထောက်ပံ့ ကူညီခဲ့ဖူးသည်။

ထိုလုပ်ငန်းစဉ်တခုလုံးအတွက် အ‌မေရိကန်ဒေါ်လာ ၅၈ ဒသမ ၅ သန်း ကုန်ကျခဲ့ပြီး မြန်မာဘက်မှ ထည့်ဝင်ငွေသည် ဒေါ်လာ ၁၅ သန်းသာ ရှိခဲ့သည်။

ယခုအခါတွင်တော့ ထိုသို့ မျှော်လင့်၍မရမှန်း သိနေသဖြင့် ၂၀၂၄ သန်းခေါင်စာရင်း ကောက်ယူမှုအား မိမိတို့ဘာသာ အကုန်စိုက်ထုတ် အကုန်အကျခံသွားမည်ဟု ဒုခေါင်းဆောင် စိုးဝင်းမှ ပြောလာသော်လည်း ယခုလို နိုင်ငံခြားငွေ ပြတ်လပ်နေပြီး လူတကာအား မိုက်ကြေးခွဲနေရသည့်အခိုက် ၎င်းတို့ စိုက်ထုတ်မည်ဆိုသည်ကို ယုံကြည်သူ နည်းလှပေမည်။

အဓိကအချက်အဖြစ် ရရှိသော အချက်အလက်များကို လက်ခံသိုမှီးရန် လွန်စွာ တန်ဖိုးကြီးလှသည့် ဆော့ဖ်ဝဲအား ဝယ်ယူရန် တတ်နိုင်လိမ့်မည်မဟုတ်ဟု သုံးသပ်လျက် ရှိသည်။ ရှေ့လျှောက်လည်း ပိတ်ဆို့ဒဏ်ခတ်မှုများ တိုးလာဖွယ်ရှိနေ၍ ဒေါ်လာပြတ်တောက်မှု အကျပ်အတည်းကို တိုး၍ ရင်ဆိုင်ရဦးမည်လည်း ဖြစ်သည်။

ထိုစီမံကိန်းအား ကူညီရန် ထုံးစံအတိုင်း တရုတ်၊ ရုရှားတို့ဘက် လှည့်လာခဲ့သော်လည်း စာရွက်အစား tablet နှင့် ကောက်ယူနိုင်ရန်ထက် ပိုပြီး အကူအညီရလာနိုင်စရာ မရှိပေ။ ဟာသ ဖြစ်နေရပြန်သည်က ထို tablet များကို အားဖြည့်ရန် လျှပ်စစ်ဓာတ် ရနိုင်မည်လော ဆိုသည်ပင် ဖြစ်သည်။

စစ်ကောင်စီသည် လာမည့် အောက်တိုဘာ ၁ ရက်နေ့မှစ၍ မြို့နယ်ပေါင်း ၂၀ ရှိ ရပ်ကွက်ပေါင်း ၁၀၀ ခန့်အား ၁၅ ရက်ကြာ စမ်းသပ်ကောက်ယူရန် စီစဉ်နေပြန်သည်။ ထိုအစီအစဉ်ကြောင့် လူမသိသူမသိ ပုန်းလျှိုးနေရသည့် တက်ကြွလှုပ်ရှားသူများ၊ စီဒီအမ် ဝန်ထမ်းများရော၊ တိုက်ပွဲများဖြစ်ပွားရာ အရပ်များသို့ ကွင်းဆင်းကောက်ယူရမည့် ဝန်ထမ်းများအတွက်ပါ အန္တရာယ်ရှိလာနိုင်သည်။ အဓိက စိုးရိမ်စရာ ဖြစ်နေရသည်က အိမ်တအိမ်တွင် လူတယောက် ပျောက်နေလျှင် ကျန်အိမ်သားများ ဖမ်းဆီးခံရမည့်အရေးပင် ဖြစ်သည်ဟု စီဒီအမ် ဝန်ထမ်းတဦးက ဆိုသည်။ ၎င်းတို့၏ လက်စလက်နများကို သိထားပြီးဖြစ်၍ အကြောင်းမဲ့ စိုးရိမ်နေခြင်းမျိုးတော့ မဟုတ်ပေ။

ပြီးခဲ့သည့် နိုဝင်ဘာလကစ၍ စစ်ကောင်စီသည် အစမ်းသဘောဖြင့် biometric အချက်အလက်များအဖြစ် လက်ဗွေရာများ၊ မျက်လုံးနှင့် သွေးအမျိုးအစားများကို နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းများအတွင်း လူ ခုနှစ်သိန်းခန့်အား ကောက်ယူခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။ ယင်းသည် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အစား အီလက်ထရောနစ် မှတ်ပုံတင် smart card များနှင့် အစားထိုးရန်အတွက် ဖြစ်သည်။ ထိုသို့လုပ်နိုင်အောင်လည်း အိန္ဒိယအား အကူအညီ တောင်းရပြန်သည်။

တကယ်တမ်းတွင် သန်းခေါင်စာရင်း ကောက်ယူရေးသည် နိုင်ငံတကာ ကျင့်သုံးရသော စံနှုန်းများအရ အိမ်ထောင်စုတခုတွင် အသက်အပိုင်းအခြားအလိုက် လူဦးရေ မည်ရွေ့မည်မျှ ရှိသည်ကို မှတ်တမ်းပြုရန်သာ ဖြစ်ပြီး လူတဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များကို ရှာဖွေ ဖော်ထုတ်ရန် မလိုပေ။

နေရာအတော်များများတွင် ထိုသို့ ကောက်ယူရေးအား အကူအညီပေးရမည့် ထွေအုပ်ရုံးများ လုပ်ငန်းလည်ပတ်နိုင်စွမ်း ရှိမရှိကလည်း ရေရေရာရာမသိ ဖြစ်နေကြပြန်သည်။ ပုံတွင် ကြည့်မည်ဆိုက လက်နက်ကိုင်များနှင့် အိမ်ပတ်ပတ်လည်ကို ဝိုင်းထားပြီး ကောက်ယူကြမည့် ပုံစံမျိုး တွေ့နေရသည်။

လူထုအား အမြဲလို ဖိနှိပ် ဒုက္ခပေးတတ်သည့် စစ်ကောင်စီသည် သန်းခေါင်စာရင်းအား ထောက်လှမ်းရေးအတွက်ပါ အသုံးချလာမည်ကို ကြိုတင်တွက်ဆထားပြီးဖြစ်သော တော်လှန်ရေး အင်အားစုများဘက်က မည်သို့မျှ ခွင့်ပြုနိုင်စရာ မရှိ၍ အသေအပျောက် များလာနိုင်စရာ ရှိနေသည်။ ကောက်ယူရမည့် ဝန်ထမ်းများအဖို့လည်း အသက်ကိုရင်း၍ စွန့်စားရမည့် အနေအထားတွင် ရှိနေသည်။

စစ်တပ်သည် ကောက်ယူရမည့် ဝန်ထမ်းများကို အတင်းအဓမ္မ ခြိမ်းခြောက် ခိုင်းစေဦးမည်သာ ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရမှလည်း ပြည်သူများ ပူးပေါင်းပါဝင်ခြင်း မပြုလုပ်ဖို့ တိုက်တွန်းထားပြီး တရားမဝင် အုပ်ချုပ်နေသူများအား မိမိတို့ ကိုယ်ရေးအချက်အလက်များ ပေးမိပါက သူခိုးတ‌ယောက်လက်ထဲ အိမ်‌လိပ်စာနှင့် အိမ်သော့ ထည့်ပေးလိုက်သည်နှင့် အတူတူပင် ဖြစ်လိမ့်မည်ဟု ပြောခွင့်ရ ဦးနေဘုန်းလတ်က သတိပေးလာခဲ့သည်။

စစ်ကောင်စီသည် ၎င်းတို့စီစဉ်ထားသည့် သန်းခေါင်စာရင်း အောင်မြင်သွားမည်ဆိုက နိုင်ငံတကာမှ ယူဆထားသလို နိုင်ငံနယ်မြေ တဝက်ကျော်ကျော်အား လက်လွှတ်ခဲ့ရပြီ ဆိုသည်မှာ အတိုက်အခံများဘက်က လေလုံးထွားခြင်းသာ ဖြစ်သည်ဟု လက်ခမောင်းခတ်လာနိုင်ပေသည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

လှစိုးဝေ

အချက်အလက် ကိုးကား - Myanmar Now/Frontier Myanmar

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013