Home
ဆောင်းပါး
ယက်ပ်တူရှန်ကိုနှင့်မော်စကိုမြို့ ပေါ်က မည်းမှောင်သော တိမ်တိုက်များ
DVB
·
September 10, 2023

(၁)

၁၉၉၉ ခု၊ မော်စကိုမြို့ နိုင်ငံတကာလေဆိပ်။

ကျယ်ပြန့်တဲ့ လူသွားလမ်းဘေး ခုံတန်းရှည်တစ်ခုပေါ်တွင် ဝင်ထိုင်လိုက်သည်။ အပူပေးစက်တွေ ကောင်းကောင်းအလုပ်မလုပ်နိုင်သဖြင့် ကျနော် ထိုင်နေရာ လေယာဉ်လွှဲပြောင်းစီးသူများ ခန်းမဆောင်ကြီးမှာ အနည်းငယ်အေးစက်လျက် ရှိ၏။

ခုံတန်းရှည်ပေါ်ထိုင်မိလျှင်ပဲ ကျနော့်စိတ်က အော်စလိုမှ ထိုင်းနိုင်ငံသို့ မပြန်ခင် အသိမိတ်ဆွေ အီရန်နိုင်ငံသားတစ်ဦး ပြောပြခဲ့သည့်စကား ပြန်တွေးမိသွား၏။ ကျနော်က ဘန်ကောက်အပြန် မော်စကိုတွင် လေယာဉ်လွှဲပြောင်းစီးရမည်ဟု ပြောတော့ မော်စကိုလေဆိပ်ကြီး အလွန်တရာ ညစ်ပတ်သည့်အကြောင်း ထိုအီရန်မိတ်ဆွေက သတိပေးခဲ့၏။ “အိမ်သာတွေက အခြေအနေအဆိုးဆုံးပဲ ငြိမ်းရေ၊ မင်းတော့ တော်တော်စိတ်ညစ်ရမှာပဲ ဂရုသာစိုက်ကွာ” လို့ သတိပေးခဲ့၏။ ထိုစဉ်က ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုအနေဖြင့် ဒီလောက်တော့ မဖြစ်တန်ရာပါဘူးဟု တွေးမိသေး၏။ ကိုယ်တိုင် နဖူးတွေ့ဒူးတွေ့ကြုံတော့မှ ကျနော့်မှာ အံဩရ၏။

နော်ဝေးနိုင်ငံ အော်စလိုမြို့မှ လေယာဉ်ပေါ်မတက်ခင် နေ့စဉ်ထုတ် သတင်းစာတစောင်တွင် စိတ်မကောင်းစရာ သတင်းတစ်ပုဒ် ဖတ်ရ၏။ မော်စကိုမြို့က နာမည်ကျော် ဒေါက်တာလူမွန်းဘားတက္ကသိုလ်က နိုင်ငံတကာဆရာနှင့် ကျောင်းသားတချို့ ရုရှားအစိုးရက မထောက်ပံ့နိုင်သဖြင့် လမ်းဘေးတွင်  ဖြစ်သလို အဖီချနေထိုင်ရင်း မိမိတို့သက်ဆိုင်ရာနိုင်ငံ အစိုရများ၏ လာခေါ်မည့် အစီအစဉ်ကို စောင့်နေကြရကြောင်း၊ ညဉ့်နက်လာသည့်အခါ ခိုးဆိုးလုယက်သည့် လူဆိုးဂိုဏ်းများ မော်စကိုမြို့ လမ်းမများပေါ် ရောက်လာကြကြောင်းသတင်း ကျနော် ဖတ်ခဲ့ရ၏။

ထိုစဉ် ခြေသလုံးတုတ်တုတ် အရပ်မြင့်မြင့် ထွားထွားကျိုင်းကျိုင်း ရုရှားအမျိုးသမီးတစ်ဦး လမ်းလျှောက်လာသဖြင့် ကျနော်က ခွင့်တောင်းကာ စီဒီနှင့် တိပ်ခွေများရောင်းသည့်ဆိုင် ဘယ်နားမှာ ရှိပါသလဲဟု မေးလိုက်သည်။ ထိုအမျိုးသမီးက ရုတ်တရက် အံ့ဩသည့်အမူအရာ ဖြစ်သွားစဉ် ကျနော်က ကဗျာဆရာ ယက်တူရှန်ကိုနဲ့ ကဗျာဆရာ မာယာကော်စကီးတို့ရဲ့ ကဗျာရွတ်ထားတဲ့ တိပ်ခွေများ ဝယ်ချင်လို့ပါဟု တဆက်တည်းပြောလိုက်၏။ ထိုအခါ ဘာကြောင့်ရယ် မသိ၊ ထိုအမျိုးသမီးမှာ ကျနော့်ကို ခပ်စိမ်းစိမ်း ပြန်ကြည့်ကာ ဘာမျှပြန်မပြောဘဲ ခတ်သွက်သွက် ထွက်ခွာသွားတော့၏။ ကျနော်လည်း နေရာတွင်ပင် ကြောင်ပြီးရပ်နေခဲ့ရ၏။ ထိုအခါကျမှ ရုရှားတွေက နိုင်ငံခြားသားတွေကို မခင်မင်တတ်သည့်အကြောင်း နိုင်ငံခြားသား မုန်းတီးသည့် အငုံ့စိတ် ရှိတတ်ကြောင်း ကြားဖူးသည်ကို ပြန်တွေးမိသွားရ၏။ ကျနော်လည်း ခုံတန်းရှည်တွင် ပြန်ထိုင်လိုက်ရ၏။

( ၂ )

မော်စကိုလေဆိပ် လေယာဉ်လွှဲပြောင်းစီးသူများ နားနေဆောင်ကြီးမှာ တော်တော်ကျယ်ပါသည်။ ကျနော်က လေယာဉ်ခရီးစဉ်များ ဖော်ပြရာ တီဗွီမော်နီတာကြီးကို မော့ကြည့်ရင်း အံ့အားသင့်နေမိသည်။ တီဗွီဖန်သားပြင်ကြီးမှာ ကွဲပျက်လျက် ရှိနေ၏။ တစ်စုံတစ်ယောက်က ရိုက်ခွဲထားခြင်း ဖြစ်ဟန်တူပါသည်။ တုတ်ကြီးတစ်ချောင်းကိုပင်လျှင် တီဗွီကြီးထဲ ထိုးထိုးထောင်ထောင် တွေ့နေရသေး၏။ ခရီးသည် လေး ငါးယောက်သည်လည်း ခေါင်းတယမ်းယမ်း လှုပ်ကာ အနားမှ ခွာသွားကြ၏။

နားနေဆောင်ကြီ၏ တဖက်ခြမ်းတွင် နောက်ထပ် ခရီးစဉ်ပြ မော်နီတာကြီး ရှိသေးသည်ဟု သိရသဖြင့် သွားကြည့်ရန်အသွား ခရီးသည် သုံး လေးယောက်က ယင်းမော်နီတာကြီးသည်လည်း အလုပ်မလုပ်ဘဲ ပျက်နေသည်ဟု ပြောသံကြားလိုက်ရတော့ ကျနော့်မှာ တော်တော်စိတ်ပျက်သွားရ၏။ ထို့ကြောင့် လေကြောင်းရုံးခန်းဟု ထင်ရသည့် အခန်းတစ်ခုရှိရာ အကူအညီတောင်းရန် လျှောက်လာခဲ့၏။ အခန်းရှေ့တွင် လေယာဉ်ခရီးစဉ်ပြဇယားကို ကြော်ငြာဆိုင်းဘုတ်တခုတွင် ကပ်ကာ အပေါက်ဝဘေးတွင် ကပ်ထောင်ထားသည်ကို တွေ့ရတော့၏။ မိမိလိုက်ပါစီးနင်းရမည့် ဘန်ကောက်အသွား လေယာဉ်မှာ နောက်ထပ် လေးနာရီအကြာတွင်မှ မော်စကိုလေဆိပ်သို့ ရောက်မည်ကို တွေ့ရပါသည်။ ထိုအခါကျမှ အနည်းငယ် စိတ်အေးသွားရ၏။

နားနေဆောင်ကြီးအတွင်းတွင် ဈေးဆိုင်တန်းများ ရှိနေသည်။ ကျနော်က တိပ်ခွေဆိုင်များ တွေ့လိုတွေ့ငြား လိုက်ရှာနေမိသေးသည်။ မတွေ့သည့်အခါ လမ်းဘေး ခုံတန်းရှည်တစ်ခုပေါ် သွားထိုင်၏။ ပြီးတော့ ငယ်စဉ်ကတည်းက ကျနော် အင်မတန်စိတ်ဝင်စားခဲ့ရသော မော်စကိုမြို့လယ်က ရောင်စုံကြက်သွန်ဥကြီးလို အဆောက်အဦးကြီးတွေဆီ စိတ်ကရောက်နေ၏။ ကျနော့်မှာ ဗီဇာမပါသဖြင့် မော်စကိုမြို့ကြီးအတွင်းသို့မူ လှည့်လည်သွားလာလို့မရနိုင်ပါ။

အော်စလိုမှ မထွက်ခွာမီ ကျနော်၏ ဘန်ကောက်ခရီးစဉ်မှာ မော်စကိုတွင် လေယာဉ်လွှဲပြောင်းစီးရမည်ဟု သိသောအခါ ကျနော့်မှာ ပထမတော့ ဝမ်းသာ၏။ နောက်တော့ စိတ်လည်း နည်းနည်းပူ၏။ ဝမ်းသာရသည့်အကြောင်းမှာ ရုရှားကဗျာဆရာကျော်များ ဖြစ်သည့် မာယာကော်စကီး၊ ယက်တူရှန်ကို၊ စာရေးဆရာ မစ်ဟိုင်း ရှိုလိုကော့၊ ဂေါ်ကီ၊ ပက်စတာနက်။ ပြီးတော့ ကျနော် အလွန်အမင်း စိတ်ဝင်စားနေသည့် စတာလင် ဆန့်ကျင်ရေးသမား ကဗျာဆရာ အိုစစ် မင်ဒယ်လ်စတန်၊ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားသည့် ကဗျာဆရာမ မာရီယာ စဗက်ထရေဗာ အစရှိသောသူများ၏ တိုင်းပြည်ကို ရောက်ဖူးတော့မည်ဟူသောအသိဖြင့် ကျနော့်မှာ ရင်ခုန်ရ ဝမ်းသာရ၏။ တချိန်တည်းမှာပင် ဆိုဗီယက်ရုရှားနိုင်ငံကြီး ဖရိုဖရဲ ပြိုကွဲဖို့ တာစူနေသောအချိန် ဒီမိုကရေစီခေါင်းဆောင် ဘောရစ် ယယ်လ်ဆင်က တိုင်းပြည်ကို မနိုင်မနင်း ကိုင်တွယ်ထိန်းကျောင်းနေရသည့်အချိန် ရုရှားနိုင်ငံကြီး ပြဿနာသောင်းခြောက်ထောင် ရင်ဆိုင်နေရသည့် အချိန်နှင့်လည်း တိုက်ဆိုင်နေသည့်အတွက် ကျနော့်မှာ အနည်းငယ်တော့ စိတ်ပူနေခဲ့ရ၏။  

( ၃ )

အပူပေးစက်များ ကောင်းကောင်းအလုပ်မလုပ်နိုင်သဖြင့် လေယာဉ်လွှဲပြောင်းစီးသူများ နားနေဆောင်ကြီးမှာ အအေးဓာတ်ပိုကဲလာသည်ဟု ထင်ရ၏။

ကျနော်က ဘန်ကောက်သို့ ခရီးဆက်ရမည့် လေယာဉ်ကို အချိန်အတော်ကြာ ထိုင်စောင့်ရမည် ဖြစ်သဖြင့် အချိန်ဘယ်လိုဖြုန်းရပါ့မလဲဟု တွေးမရ ဖြစ်နေသေး၏။ စားစရာတခုခု ဝယ်စားရင်း အချိန်ဖြုန်းမည်ဟု တွေးကာ ဈေးဆိုင်တခုမှ ဟော့ဒေါ့တစ်ခု ဝယ်၏။ အော်စလိုတွင် တစ်ခုလျှင် ခရိုနာ နှစ်ဆယ့်ငါးသာပေးရသည့် ဟော့ဒေါ့ကို ခရိုနာ ငါးဆယ်ပေးလိုက်ရ၏။ ထို့ကြောင့် တခြားမုန့်များ အချိုရည်ဘူးများဘက်မကြည့်ရဲတော့ပဲ ဟော့ဒေါ့တခုတည်းဖြင့်ပင် မူလထိုင်နေရာ ခုံတန်းသို့ ပြန်ရောက်လာခဲ့၏။ ခုံတန်းပေါ် ထိုင်လိုက်စဉ်မှာပင် ခန်းမဆောင်တဖက်ခြမ်းမှ မီးလုံးတန်းတချို့ မှိတ်သွား၏။ ပြန်လင်းလာမည်ဟု ထင်သော်လည်း ပြန်လင်းမလာပါ။ ခန်းမဆောင်ကြီးမှာ အလင်းရောင် အနည်းငယ်နည်းသွားရလေသည်။

ခုံတန်းပေါ်ထိုင်နေစဉ် ထူးထူးခြားခြား ရုရှား တော်ဝင်စာရေးဆရာကြီး အလက်ဇန်ဒါ ဘလော့ ၁၉၁၇ ခုနှစ်က ပြောခဲ့သောစကား ပြန်တွေးမိသွားပြန်သည်။ သူက ရုရှားပြည် အောက်တိုဘာ တော်လှန်ရေးအကြိုကာလကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။ သူက ထိုအချိန်ကာလကို “ကြောက်မက်ဖွယ်ကာလကြီး” လို့ ပြောခဲ့၏။ ယခု ရုရှားတို့၏ အခြေအနေမှာ ထိုအခြေအနေမျိုးအထိ မဆိုးသော်ငြားလည်း တိုးတက်မှုအားလုံး ရပ်ဆိုင်းသွားသည်ကတော့ အမှန်ပင် ဖြစ်သည်။

ကျနော် ရောက်လာသည့်အချိန်က အာဏာရှင်စနစ်မှ ဒီမိုကရေစနစ်သို့ ကူးပြောင်းနေစဉ် ဖြစ်သည်။ ဂေါ်ဗါချော့၏ ဂလက်စနော့၊ ပယ်ရီစထွိုက်ခါ အယူအဆများ လှိုင်းထနေသောအချိန် ဖြစ်သည်။ ဒီမိုကရေစီခေါင်းဆောင် ဘောရစ် ယယ်လ်ဆင်က လွှတ်တော်ကို အမြောက်ဖြင့် ချိန်ထားသည့် စစ်တပ်၏ သံချပ်ကာကားတစ်စင်းပေါ် တက်ကာ လူထုကို တရားဟောသောအချိန် ဖြစ်သည်။ သံချပ်ကာကားများ နောက်ပြန်လှည့်ကြရသည့်အချိန် ဖြစ်သည်။ တိုင်းပြည် စည်းလုံးမှုပြိုကွဲကာ စီးပွားရေးထိုးကျနေသောအချိန် ဖြစ်သည်။ အာဏာရှင်ခေတ်အမြီးပိုင်း ဒီမိုကရေစီအစပိုင်း တကယ့် ဗရုတ်သုက္ခကာလကြီး ဖြစ်သည်။ တင်စားပြီးပြောရလျှင် မော်စကိုမြို့၏ နိုင်ငံရေးကောင်းကင်မှာ မည်းမှောင်ရှုပ်ထွေးသော တိမ်တိုက်များ လွှမ်းနေသောအချိန် ဖြစ်သည်။

ထိုအခြေအနေမျိုးကြောင့်လည်း တိုင်းပြည်မှ အနှစ် နှစ်ဆယ်မျှ ပြည်နှင်ဒဏ်ပေးခံခဲ့ရသော စာရေးဆရာကြီး “ဆိုဆင်နစ်ဇင်” က ပြည်တော်ပြန်ခရီးအစတွင် “သည်အတိုင်းသာ ဆက်သွားနေလျှင် ရုရှားပြည်ကြီးသည် မကြာမီ ဖွံ့ဖြိုးဆဲနိုင်ငံအဆင့်သို့ နိမ့်လျှော ကျရောက်သွားနိုင်သည်” ဟု စိုးရိမ်တကြီး သတိပေးစကား ပြောခဲ့ခြင်း ဖြစ်သည်။

ကျနော် လိုက်ပါစီးနင်းရမည့် ဘန်ကောက်သို့ ထွက်မည့်လေယာဉ်ကို ထိုင်စောင့်နေစဉ် ကျနော့်အတွေးများမှာ ရေတံခွန်လို စီးဆင်းသွားနေ၏။ အအေးဓာတ်မှာလည်း ကြာလေ အေးလေ ဖြစ်လာနေသည်ဟု ထင်ရ၏။ ထိုစဉ်မှာပင် မျက်လုံးများ လေးလံလာကာ ခုံတန်းနောက်မှီပေါ်တွင်ပင် မှေးခနဲ အိပ်ပျော်သွားရလေသည်။

( ၄ )

အိပ်ရာမှ နိုးလာသောအခါ ကျနော် စီးနင်းလိုက်ပါရမည့်လေယာဉ်မှာ ထွက်ခွာသွားနှင့်ပြီ ဖြစ်သည်။

ထို့ကြောင့် လေယာဉ်ရုံးခန်းသို့ အပြေးသွားကာ အကျိုးအကြောင်းပြောပြရ၏။ ရုံးခန်းထဲက တာဝန်ရှိသူတွေကလည်း လေယာဉ်ဆိုက်ကပ်ထားစဉ် ကျနော့်နာမည်ကို လော်စပီကာဖြင့် အော်ဟစ် နှိုးဆော်ခဲ့သော်လည်း လူကို မတွေ့ အချိန်စေ့သဖြင့် လေယာဉ်မှာ ထွက်ခွာသွားသည်မှာ နာရီဝက်ရှိပြီဖြစ်ကြောင်း ဝိုင်းပြောကြ၏။

ကျနော့်မှာ နိုင်ငံတကာ လေယာဉ်ခရီးအတွေ့အကြုံများကလည်း နည်းပါးသူမို့ ဘာဆက်လုပ်ရမည် မသိ ဖြစ်ကာ မျက်စိသူငယ်နားသူငယ်နှင့် ရုံးရှေ့တွင် ရပ်နေမိ၏။ ထိုစဉ်မှာပင် ဝန်ထမ်းတစ်ဦး ထွက်လာကာ သိပ်စိတ်မပူဖို့ လာအားပေး၏။ ကျနော် လက်မှတ်ဝယ်လာသော လေကြောင်းလိုင်းကုမ္ပဏီက ကျနော့်အား ဘန်ကောက်ထွက်မည့် နောက်ထပ်လေယာဉ်တစ်စီး စီစဉ်ပေးပါလိမ့်မည်ဟု လာပြောလေသည်။ လေယာဉ်ခလည်း ထပ်ပေးဖို့မလိုကြောင်း ရှင်းပြ၏။ သို့သော် ရှစ်နာရီခန့်တော့ ထိုင်စောင့်ရမည်ဟု ဆိုလေသည်။ ကျနော်ကလည်း မျက်ရည်လည်မတတ် ဝမ်းသာရင်း ကျေးဇူးတင်ကြောင်း အကြိမ်ကြိမ် ပြောပြနေမိ၏။

သည်လိုနှင့် မော်စကိုလေဆိပ်ကြီးထဲတွင် ဘန်ကောက်ခရီးစဉ်လေယာဉ်ကို နာရီအများကြီး ထိုင်စောင့်ရမည် ဖြစ်သည်။ သို့သော် ကိစ္စမရှိပါ။ ကျနော်ကလည်း ကျနော်ချစ်သော ကဗျာဆရာများ ဖြစ်ကြသည့် “အိုစစ် မင်ဒယ်စတန်း” နှင့် “ယက်ပ်တူ ရှန်ကို” တို့၏ တိုင်းပြည်မြေပေါ်တွင် မမျှော်လင့်ဘဲ နောက်ထပ် ရှစ်နာရီကြာ နေခွင့်ရသည့်အတွက် ရင်ထဲ ကျိတ်ပြီး ဝမ်းသာနေသည်ကိုမူ မည်သူမျှ သိနိုင်ကြမည် မထင်ပါ။  ။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024