Home
ဆောင်းပါး
စစ်ပွဲဆိုင်ရာဥပဒေအကြောင်း သိကောင်းစရာ
DVB
·
September 6, 2023

စစ်ပွဲဆိုတာ ဘာမဆိုလုပ်လို့ရတယ်။ ကိုယ့်စိတ်ကြိုက် တိုက်ခိုက်လို့ရတယ်ဆိုပြီး တချို့က ယူဆကြပါလိမ့်မယ်။ စစ်ဖြစ်ရင် ဘာစည်းကမ်း၊ ဘာကျင့်ဝတ်၊ ဘာဥပဒေမှ မရှိတော့ဘူး၊ ရှိစရာ မလိုတော့ဘူးလို့ တွေးထင်ကြပါလိမ့်မယ်။ ရောမခေတ်က နိုင်ငံရေးသမား၊ ရှေ့နေ စီစရို ကိုယ်တိုင်တောင် “စစ်ပွဲများကြားတွင် ဥပဒေ၏အသံမှာ တိတ်ဆိတ်နေ၏” ဆိုပြီး ပြောခဲ့သေးတယ် မဟုတ်လား။ တချို့ကလည်း စစ်တိုက်တယ်ဆိုတာ ဒိုင်လူကြီးမပါတဲ့ အားကစားပြိုင်ပွဲတခုနဲ့ အလားသဏ္ဌာန် တူတယ်လို့လည်း ဆိုကြပါတယ်။

ဘယ်လိုပဲဆိုကြပါစေ၊ တကယ်တော့ စစ်တိုက်ရာမှာ သတ်မှတ်ချက်၊ ကန့်သတ်ချက်၊ တားမြစ်ချက်တွေ ရှိကြပါတယ်။ ကျင့်ဝတ်တွေ၊ စည်းမျဥ်းဥပဒေတို့ရဲ့ သဘာဝအတိုင်း သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ ဆောင်ရန်၊ ရှောင်ရန်တွေ ရှိပါတယ်။ ဒါ့ကြောင့် စစ်ပွဲတွေမှာ ကျင့်သုံးရမယ့်၊ ကျင့်သုံးရန်တာဝန်ရှိတဲ့ စစ်ပွဲဆိုင်ရာ ဥပဒေတွေ ရှိတယ်လို့ပဲ ဆိုချင်ပါတယ်။

စစ်ပွဲဆိုင်ရာ ဥပဒေတွေဟာ အဓိကအားဖြင့် လက်နက်ကိုင်ဆောင်သူတွေနဲ့ သက်ဆိုင်တာ မှန်ပေမဲ့ သာမန် အရပ်သားပြည်သူတွေ အနေနဲ့လည်း သက်ဆိုင်မှုရှိပါတယ်။ ဒါ့အပြင် ဥပဒေကို သိထားတဲ့အတွက်ကြောင့် ဘယ်လက်နက်ကိုင်အဖွဲ့က ဥပဒေကို လိုက်နာသလဲ၊ ဘယ်အဖွဲ့က ချိုးဖောက်နေသလဲ ဆိုတာကို တိုင်းတာလို့ ရပါမယ်။ ဒါတင်မက တရားဥပ‌ဒေအရ အုပ်ချုပ်ခြင်း (Rule of law) ဖြစ်ပေါ်စေဖို့ဆိုရင် ဥပဒေတွေကို အရပ်သား ပြည်သူတွေ နားလည်သိရှိရမှာလည်း ဖြစ်ပါတယ်။ ဒီအချက်တွေကြောင့် စစ်ပွဲဆိုင်ရာ ဥပ‌ဒေအကြောင်း အနည်းငယ် မျှဝေလိုက်ပါတယ်။

နိုင်ငံတကာဥပဒေ

တချို့ကလည်း စစ်ပွဲဆိုင်ရာ ဥပဒေလို့ ခေါ်ကြပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေလို့လည်း သုံးကြပါတယ်။ လက်နက်ကိုင်ပဋိပက္ခ ဥပဒေလို့လည်း ရေးသားကြပါတယ်။ (ဒီဆောင်းပါးမှာတော့ စစ်ပွဲဆိုင်ရာဥပဒေလို့ပဲ သုံးနှုန်းသွားမှာ ဖြစ်ပါတယ်) ဘယ်လိုပဲ သုံးနှုန်းကြပါစေ၊ အဲ့ဒီဥပဒေဟာ နိုင်ငံတကာဥပဒေတခုဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်တဲ့ နိုင်ငံအချင်းချင်းကြား ဆက်ဆံရေးနဲ့ သက်ဆိုင်တဲ့ ဥပဒေတခုလည်း ဖြစ်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခဆိုရာမှာ နိုင်ငံတကာ လက်နက်ကိုင်ပဋိပက္ခရော၊ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခနဲ့ပါ အကျုံးဝင်ပါတယ်။ ဒီဥပဒေရဲ့ အဓိကရည်ရွယ်ချက်ကတော့ စစ်ကြောင့်ဖြစ်တဲ့ ထိခိုက်နစ်နာမှုတွေ၊ ဆုံးရှုံးမှုတွေ၊ ခံစားရမှုတွေကို နည်းနိုင်သမျှ နည်းအောင်‌ လျှော့ချပေးဖို့ပဲ ဖြစ်ပါတယ်။

တနည်းဆိုရရင် စစ်ကို လူသားဆန်စွာ ဆင်နွှဲကြဖို့ ဖြစ်ပါတယ်။

ဥပဒေအရင်းအမြစ်

စစ်ပွဲဆိုင်ရာဥပဒေဟာ နိုင်ငံတကာ ဓလေ့ထုံးတမ်း ဥပဒေနဲ့ နိုင်ငံတကာ သဘောတူစာချုပ် ဆိုတဲ့ ဥပဒေအရင်းအမြစ်တွေကနေ ပေါ်ပေါက်လာပါတယ်။

(က) နိုင်ငံတကာဓလေ့ထုံးတမ်းဥပဒေ

ခေတ်သစ် စစ်ပွဲဆိုင်ရာဥပဒေဟာ ခေတ်အဆက်ဆက် ကျင့်သုံးလိုက်နာခဲ့ကြတဲ့ ဓလေ့ထုံးစံတွေ၊ အစဉ်အလာတွေ၊ စစ်ပွဲအတွေ့အကြုံတွေပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် အများသဘောတူ လိုက်နာကျင့်သုံးခဲ့တာမို့ နိုင်ငံတကာ ဓလေ့ထုံးတမ်း ဥပဒေတခု ဖြစ်လာပြီး နိုင်ငံတွေအပေါ်မှာ စည်းနှောင်အားရှိလာခဲ့ပါတယ်။

ရှေးယခင်ခေတ်တွေကတည်းက စစ်ပွဲတွေကို လူသားချင်းစာနာမှု အခြေခံကာ ဆင်နွှဲခဲ့ကြပါတယ်။ ဆင်နွှဲကြဖို့ ကြိုးပမ်းအားခဲ့ကြပါတယ်။ လက်တွေ့ပိုင်း၊ နည်းဗျူဟာပိုင်းအရ ရည်ရွယ်ချက် ဘယ်လိုပဲရှိရှိ အဓိကအချက်ကတော့ လူသားချင်းစာနာမှုရှိဖို့ပဲ ဖြစ်ပါတယ်။ သာဓကဆောင်ရရင် ရေတွင်း၊ ရေကန်တွေကို အဆိပ်မခတ်ဖို့ တားမြစ်ကြတဲ့ အချက်ကို ကြည့်နိုင်ပါတယ်။ ဒါဟာ အာဖရိကန်တွေရဲ့ ရိုးရာဥပဒေတခုလည်း ဖြစ်ပါတယ်။ လက်တွေ့မှာလည်း စစ်ပြိုင်နှစ်ဘက်လုံးအတွက် အကျိုးရှိစေခဲ့ပါတယ်။ ထိုနည်းလည်းကောင်း စစ်သုံ့ပန်းတွေကို မသတ်ရဘူး ဆိုတာကလည်း ကမ္ဘာ့ယဉ်ကျေးမှု၊ ဘာသာရေး အသီးသီးမှာ ပြဋ္ဌာန်းထားတာကို တွေ့ရမှာဖြစ်ပါတယ်။

အိန္ဒိယမှာဆိုရင် ခရစ်မပေါ်ခင်က ပေါ်ထွက်ခဲ့တဲ့ မဟာဘာရတကျမ်းမှာ အကြောင်းကြောင်းကြောင့် လက်နက်ချတဲ့ စစ်ပြိုင်ဘက်ကို မသတ်ဖို့ တားမြစ်ထားပါတယ်။ ဒါ့အပြင် စစ်တိုက်ရာမှာ အဆိပ်လူးမြား၊ မီးမြားတွေကို မသုံးဖို့ ပိတ်ပင်ထားပါတယ်။ ရန်သူရဲ့ပစ္စည်းတွေ၊ စစ်သုံ့ပန်းတွေရဲ့ ပစ္စည်းတွေကို အကာအကွယ်ပေးရမယ့် အကြောင်းကိုလည်း ဖော်ပြထားပါတယ်။

အစ္စလာမ်ဘာသာမှာဆိုရင်လည်း လူသားချင်းစာနာမှုကို အသိအမှတ် ပြုထားပါတယ်။ တမန်တော် မိုဟာမက်ဟာလည်း တပ်မှူးတယောက် ဖြစ်ခဲ့ပါတယ်။ ဒါ‌ကြောင့် စစ်တိုက်ရာမှာ စစ်သည်တွေကိုယ်တိုင် လိုက်နာကျင့်သုံးရမယ့် တင်းကျပ်တဲ့ စည်းမျည်းတွေကို မိုဟာမက်က သတ်မှတ်ပေးခဲ့ပါတယ်။ စစ်ရှုံးသူတွေ၊ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေကို လေးစား ဂရုစိုက်ကြဖို့ စည်းမျဉ်းသတ်မှတ်ထားပါတယ်။

မိုဟာမက်ရဲ့ အရင်းနှီးဆုံး တိုင်ပင်ဖော်တိုင်ပင်ဘက် မိတ်ဆွေဖြစ်တဲ့ အစ္စလာမ်ဘာသာဝင် စော်ဘွား အဘူဘခါကလည်း သူ့ရဲ့တပ်မှူးတွေကို အခုလို အမိန့်ပေးခဲ့ပါတယ်။ “အမျိုးသမီးတွေ၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေရဲ့သွေးနဲ့ သင်တို့ရဲ့အောင်ပွဲကို မစွန်းထင်းစေပါနဲ့။ အုန်းပင်တပင် သီးပင်တပင်ကိုမှ မခုတ်ထစ်၊ မဖျက်စီးလေနဲ့။ နေအိမ်တွေကို မီးလောင်ပြာချ မလုပ်ကြနဲ့။ သင်တို့ရဲ့ စားနပ်ရိက္ခာအတွက်မှလွဲလို့ ကျွဲအုပ်၊ နွားအုပ်တွေကို မသတ်ဖြတ်ရ။”

အလယ်ခေတ်က ဂျပန်နိုင်ငံရဲ့ စွမ်းစွမ်းတမံ သူရဲကောင်းတွေဖြစ်တဲ့ ဘူရှီဒိုတွေရဲ့ ကျင့်ဝတ်တွေထဲမှာလည်း လူသားချင်းစာနာမှုကို စစ်မြေပြင်မှာတောင် လိုက်နာကျင့်သုံးရမှာ ဖြစ်တဲ့အကြောင်း၊ စစ်သုံ့ပန်းတွေကို လူသားဆန်စွာ ဆက်ဆံရမယ့်အကြောင်း စည်းမျဥ်း ချမှတ်ထားခဲ့ကြပါတယ်။

ဒါတွေကတော့ စစ်ရေးဆိုင်ရာဥပဒေဟာ ရှေးယခင်ခေတ်တွေကတည်းက ကျင့်သုံးလာခဲ့တဲ့ အစဉ်အလာ၊ ဓလေ့ထုံးစံတွေကနေ မြစ်ဖျားခံလာပုံကြောင့် တဖြည်းဖြည်းနဲ့ ဓလေ့ထုံးတမ်းဥပဒေအဖြစ် တည်ရှိလာခဲ့ပုံအကြောင်းပဲ ဖြစ်ပါတယ်။

(၂) နိုင်ငံတကာသဘောတူစာချုပ်

ဒုတိယတခုကတော့ အခြားသော ဥပဒေအရင်းအမြစ်တခုဖြစ်တဲ့ နိုင်ငံတကာ သဘောတူစာချုပ် အပိုင်းပဲ ဖြစ်ပါတယ်။ စစ်ရေးဆိုင်ရာဥပဒေနဲ့ ပတ်သက်တဲ့ ပထမဆုံး နိုင်ငံတကာစာချုပ်ဟာ ၁၈၅၉ ခုနှစ် ဆိုဖာရီနို စစ်မြေပြင်ကတဆင့် ပေါ်လာတယ်ဆိုရင် မမှားပါဘူး။ အဲ့ဒီစစ်ပွဲမှာ စစ်သည်ပေါင်း အမြောက်အမြားဟာ နာရီပိုင်းအတွင်းမှာတင် ဒဏ်ရာရတာ၊ ပျောက်ဆုံးတာ၊ သေဆုံးတာတွေ ရှိခဲ့ပါတယ်။ ဟင်နရီဒူးနန့်ရဲ့ ဆိုဖာရီနိုအမှတ်တရ (memory of Solferino) စာအုပ်အရ လူပေါင်း ၆,၀၀၀ ကျော် သေဆုံးပြီး ၄၀,၀၀၀ ကျော် ထိခိုက်ဒဏ်ရာရတယ်လို့ သိရပါတယ်။ သူတို့ကို ကယ်ဆယ်ဖို့၊ ပြုစုစောင့်ရှောက်ဖို့ သီးသန့်ဖွဲ့ထားတဲ့ စစ်ဆေးဝန်ထမ်းတွေ၊ ကူညီရေးအဖွဲ့တွေ ဆိုတာကလည်း အဲ့ဒီအချိန်တုန်းက မရှိသေးပါဘူး။

အဲဒီလို အစုအပြုံလိုက် သေဆုံးမှုကို ဆွစ်ဇာလန် စီးပွားရေးသမား ဟင်နရီဒူးနန့် ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပါတယ်။ သူ့ရဲ့လုပ်ငန်းနဲ့ ပတ်သက်တဲ့ လာရင်းခရီးစဥ်ကို ဘေးချိတ်ပြီး အနီးအနားတဝိုက်က ဒေသခံရွာသားတွေရဲ့ အကူအညီနဲ့ စစ်မြေပြင်မှာ ဒဏ်ရာရသူ၊ သေဆုံးသူတွေကို တတ်နိုင်သရွေ့ ကူညီခဲ့ပါတယ်။ ဂျီနီဗာမြို့ကို သူပြန်ရောက်တဲ့အခါမှာတော့ သူ့အတွေ့အကြုံတွေကို အခြေခံပြီး “ဆိုဖာရီနို အမှတ်တရ” ဆိုတဲ့ စာအုပ်တအုပ်ကို ရေးသားခဲ့ပါတယ်။ “နိုင်ငံတွေအနေနဲ့ နိုင်ငံတကာ စည်းမျဥ်းဥပဒေတွေကို ဖော်ထုတ်ပြီး စစ်ပွဲမှာ ဒဏ်ရာရစစ်သားတွေကို ဥပဒေအရ အကာအကွယ်ပေးကြဖို့ အဲဒီစာအုပ်မှာ တိုက်တွန်းခဲ့ပါတယ်။ သူ့ရဲ့အဆိုပြုချက်တွေကို ဥရောပတဝန်းကလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုထောက်ခံခဲ့ကြပါတယ်။ အဲဒီကတဆင့် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ သံတမန်အစည်းအဝေးပွဲတွေ ပြုလုပ်ခဲ့ကြတယ်။ အဲဒီအစည်းအဝေးကနေမှ ပထမဆုံးသော “စစ်မြေပြင်တွင် ထိခိုက်ဒဏ်ရာရသူ၊ ဖျားနာသူများ၏ အခြေအနေ ပိုမိုကောင်းမွန်စေရေး ဆိုင်ရာ ဂျီနီဗာသဘောတူစာချုပ် (၁၈၆၄ သြဂုတ်)” ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီလို စာနဲ့ရေးသားထားတဲ့ ဥပဒေကတဆင့် ခေတ်သစ် စစ်ပွဲဆိုင်ရာဥပဒေ (ဝါ) လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေ ပေါက်ဖွားလာခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ‌နောက် သိပ်မကြာခင် ၁၈၆၈ မှာပဲ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘက်မြို့မှာ နိုင်ငံတကာ သဘောတူစာချုပ်တခုကို ရေးဆွဲခဲ့ကြပါတယ်။ အဲ့ဒီစာချုပ်အရ အလေးချိန် ၄၀၀ ဂရမ်အောက် ရိုင်ဖယ်ကျည်ဆန်တွေကို တိုက်ခိုက်ရာမှာ အသုံးမပြုဖို့ တားမြစ်ထားပါတယ်။ အဲ့ဒီ စိန့်ပီတာစဘက် ကြေညာချက်ဟာ စစ်ပွဲမှာသုံးတဲ့ လက်နက်တွေနဲ့ ပတ်သက်လို့ ကန့်သတ်လိုက်တဲ့ ပထမဦးဆုံး သဘောတူစာချုပ် ဖြစ်ပါတယ်။ ဒါ့အပြင် မလိုအပ်ဘဲ ထိခိုက်ခံစားရတာတွေ ဖြစ်စေတဲ့ လက်နက်တွေကို အသုံးမပြုရဘူးဆိုတဲ့ ဓလေ့ထုံးတမ်းတခုကိုပါ ကြေညာချက်ထဲ ထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီ နိုင်ငံတကာစာချုပ်နှစ်ခုဟာ ခေတ်သစ် စစ်ပွဲဆိုင်ရာ ဥပဒေရဲ့ စမှတ်တွေပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။ စနစ်တကျ စုစည်းဖော်ပြထားတဲ့ ပထမဆုံးသော ဥပဒေစာချုပ်တွေပဲ ဖြစ်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခအတွင်း ထိခိုက်ခံစားရသူတွေကို အကာကွယ်ပေးဖို့ဆိုတဲ့ ပထမဆုံးစာချုပ်ဟာ နောင်တချိန်မှာ ထင်ရှားလာမယ့် ဂျီနီဗာဥပဒေ ဖြစ်ပါတယ်။ စစ်ပွဲဆိုင်ရာ နည်းနာတွေနဲ့ ပတ်သက်ပြီး တားမြစ်ကန့်သတ်ထားတဲ့ စာချုပ်ကတော့ နောင်တချိန်မှာ သယ်ဟေ့ဂ်ဥပဒေအဖြစ် ထင်ရှားလာပါတော့တယ်။

ဂျီနီဗာဥပဒေမှာ ဘာတွေပါသလဲ

ခေတ်သစ် စစ်ပွဲဆိုင်ရာဥပဒေ (ဝါ) လက်နက်ကိုင်ပဋိပက္ခ ဥပဒေအကြောင်း ပြောကြရာမှာ ဂျီနီဗာဥပဒေ (ဝါ) သဘောတူစာချုပ်တွေဟာ မဖြစ်မနေ ထည့်သွင်းပြောဆိုရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဂျီနီဗာ သဘောတူစာချုပ်တွေဟာ ဘာတွေလဲဆိုတာ အကြမ်းဖျင်း သိထားဖို့ လိုပါတယ်။

ဂျီနီဗာဥပဒေမှာ ၁၉၄၉ ဩဂုတ်လ ၁၂ ရက်နေ့မှာ ရေးဆွဲခဲ့တဲ့ ဂျီနီဗာသဘောတူစာချုပ် လေးခု ပါဝင်ပါတယ်။

၁။ မြေပြင်မှာ ဖျားနာ၊ ဒဏ်ရာရသူတွေကို အကာအကွယ်ပေးမယ့် သဘောတူစာချုပ်

၂။ ရေပြင်မှာ သင်္ဘောပျက်သူတွေ၊ ဒဏ်ရာရသူတွေ၊ ဖျားနာသူတွေကို အကာအကွယ်ပေးမယ့် သဘောတူစာချုပ်

၃။ စစ်သုံ့ပန်းတွေအပေါ် ဘယ်လိုဆက်ဆံရမလဲ ဆိုတာနဲ့ သက်ဆိုင်တဲ့ သဘောတူစာချုပ်

၄။ စစ်ဖြစ်နေချိန်မှာ အရပ်သားတွေကို အကာအကွယ်ပေးရမယ့် သဘောတူစာချုပ်တို့ပဲ ဖြစ်ပါတယ်။

သယ်ဟေ့ဂ်ဥပဒေမှာ ဘာတွေပါသလဲ

သယ်ဟေ့ဂ်ဥပဒေဟာ အဓိကအားဖြင့် စစ်ကို ဘယ်ပုံဘယ်နည်း ဆင်နွှဲရမယ့်အကြောင်း သတ်မှတ်ပြဋ္ဌာန်းထားတဲ့ စစ်ရေးဆိုင်ရာဥပဒေ ဖြစ်ပါတယ်။

  • စစ်ရေးတရပ် ဆင်နွှဲရာမှာ စစ်ပြိုင်ဘက်တွေရဲ့ အခွင့်အရေးနဲ့ တာဝန်တွေ
  • စစ်ပွဲနည်းဗျူဟာတွေ၊ နည်းလမ်းတွေကို ရွေးချယ်ရာမှာ တားမြစ်ချက်တွေနဲ့ ကန့်သတ်ချက်တွေ
  • ကြားနေတာ၊ နယ်မြေသိမ်းပိုက်တာနဲ့ ပတ်သက်တာတွေ ပါဝင်ပါတယ်။

ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ ဥပဒေအသစ် ပြဋ္ဌာန်းချက်တွေ လိုလာတာကြောင့် အသစ်တိုးချဲ့ရတာတွေလည်း ရှိလာပါတယ်။ အသစ်ပြဋ္ဌာန်းချက်တွေဟာလည်း အဓိကအားဖြင့် ဟေ့ဂ်နဲ့ ဂျီနီဗာ ဥပဒေနှစ်ခုကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။

စစ်ရေးဆိုင်ရာဥပဒေရဲ့ အခြေခံမူတွေ

အထက်မှာ အဓိကကျတဲ့ စာချုပ်တွေ၊ ဓလေ့ထုံးစံတွေကို ဖော်ပြပြီးတဲ့နောက် စစ်ပွဲဆိုင်ရာ ဥပဒေရဲ့ အရေးကြီးတဲ့ အခြေခံမူတွေကို ဖော်ပြချင်ပါတယ်။ စစ်ဆင်ရေးတွေမှာ တိုက်စစ်၊ ခံစစ်၊ ခွာစစ်တွေ ရှိသလို စစ်ပွဲဆိုင်ရာ ဥပဒေမှာလည်း ရှင်းရှင်းလင်းလင်း ဖော်ပြထားတဲ့ အခြေခံမူတွေ ရှိပါတယ်။ ဘာတွေလဲဆိုရင် …

၁။ အရပ်သား၊ စစ်သား ခွဲခြားရမယ်

စစ်မြေပြင်မှာ လက်နက်ကိုင်တိုက်ပွဲဝင်သူတွေ အနေနဲ့ ဘယ်ဟာက စစ်ရေးပစ်မှတ်၊ ဘယ်ဟာက အရပ်သားပစ်မှတ်လဲဆိုတာ ခွဲခွဲခြားခြား သိရှိထားရပါမယ်။ အရပ်သားတွေကို စစ်ရေးပစ်မှတ် မဟုတ်တဲ့အတွက် မဖြစ်မနေ အကာအကွယ် ပေးရပါမယ်။ ဒါပေမဲ့ အရပ်သားတွေဟာ တိုက်ပွဲမှာ တိုက်ရိုက်ပါဝင်လိုက်ပြီဆိုတာနဲ့ အဲ့ဒီလို ပါဝင်ချိန်ကစလို့ သူတို့ကို အကာအကွယ်ပေးလို့ မရတော့ပါဘူး။ ထိုနည်းလည်းကောင်း စစ်ရေးနဲ့ပတ်သက်တဲ့ အရာဝတ္ထုတွေကိုလည်း ခွဲခြားနိုင်စွမ်း ရှိရပါမယ်။ အရာဝတ္ထုဆိုရာမှာ အများပိုင်၊ တဦးပိုင် ပါဝင်သလို ရွှေ့ပြောင်းနိုင်၊ မရွှေ့ပြောင်းနိုင် ပစ္စည်းတွေလည်း ပါဝင်ပါတယ်။

၂။ အတွက်အချက် ကိုက်ညီရမယ်

စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ အရပ်သားပစ်မှတ်တွေ၊ အရပ်သား ပြည်သူပိုင် ပစ္စည်းတွေကို မတော်တဆနည်းအရဖြစ်စေ၊ ဆက်စပ်မှုအရဖြစ်စေ မထိခိုက်ရအောင် ရှောင်ရှားရပါမယ်။ မတော်တဆ ထိခိုက်မှုဖြစ်ခဲ့တယ် ဆိုရင်လည်း အဲ့ဒီထိခိုက်မှုဟာ စစ်ရေးအရ တိုက်ရိုက်တိုက်ခိုက်မှုကနေ မျှော်မှန်းထားတဲ့ စစ်ရေးအကျိုးအမြတ်ထက် ပိုသွားလို့ မရပါဘူး။ ဆိုလိုချင်တာက စစ်ရေးတိုက်ခိုက်မှုကနေ ရရှိလာမယ့် အကျိုးအမြတ်ဟာ အဲဒီစစ်ရေးကြောင့် လူထိခိုက်သေဆုံးမှု၊ ပစ္စည်းပျက်စီးမှုတွေထက် သာလွန်ရပါလိမ့်မယ်။

ဒီအခြေခံမူနဲ့ပတ်သက်ပြီး သာဓကတခု ဖော်ပြချင်ပါတယ်။ စာရေးဆရာ J.Master ကနေ သူ့အတွေ့အကြုံကို ရေးသားထားတဲ့ အကြောင်းလေး ဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ် အီရတ်မှာတုန်းက သူတို့တပ်ဖွဲ့ဟာ ကုန်းတွင်းပိုင်းကို ဝင်လာတဲ့ လှေတွေကို တွေ့လိုက်ရတယ်။ အဲဒါနဲ့ အ‌မြောက်တပ်ရင်းကလည်း ပစ်ဖို့ ပြင်ဆင်လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ ကပ္ပတိန်က အခြေအနေကို ခဏစောင့်ကြည့်ဖို့ ပြောလိုက်တယ်။ လှေထဲမှာ ကလေးတွေနဲ့ မိန်းမတွေ ပါလာနိုင်တယ်လို့ ကပ္ပတိန်က ပြောတယ်။ မာလိန်မှူးတွေကတော့ ကပ္ပတိန်ကို စိတ်မရှည်ကြဘူး။ လှေတွေထဲမှာ ကလေးတွေနဲ့ မိန်းမတွေ ပါပါ မပါပါ၊ ပါတယ်ပဲထားဦး၊ သူတို့တိုက်ခိုက်ရမယ့် ရန်သူစစ်သားတွေ သေချာပေါက်ပါတယ်ဆိုတာ သူတို့သိကြတယ်။ နောက်ဆုံးမှာတော့ ကပ္ပတိန်က မပစ်ဖို့ အမိန့်ပေးလိုက်တယ်။ မာလိန်မှူးတွေဟာ ကပ္ပတိန်ကို မကျေနပ်ကြတော့ဘူး။ ကပ္ပတိန်ဟာ သူ့ကိုယ်သူ ဂုဏ်ယူစရာဖြစ်အောင် တမင်လုပ်လိုက်တာပဲဆိုပြီး ဒေါသထွက်ကြတယ်။ ဒါပေမဲ့ ဥပဒေအမြင်အရ ကြည့်မယ်ဆိုရင် ကပ္ပတိန်မမှားဘူး။ သူ့ရဲ့လုပ်ရပ်ဟာ မှန်ကန်တယ်။ သူ့ယူဆချက်အရ လှေတွေထဲမှာ အရပ်သားတွေရော၊ ရန်သူစစ်သားတွေရော ပါတာမှန်တယ်။ ဒါ‌ပေမဲ့ ရန်သူကို တိုက်ခိုက်ချင်တာကြောင့် အရပ်သားတွေ အပါအဝင် ရန်သူစစ်သားတွေကို သတ်လိုက်မယ်ဆိုရင် စစ်ရေးအကျိုးအမြတ်အရ တွက်ချေမကိုက်ဘူး။ ပြီးတော့ ရန်သူစစ်သားတွေဟာလည်း သူတို့တပ်ဖွဲ့ကို တိုက်ရိုက်ခြိမ်းခြောက်တဲ့ အခြေအနေမျိုးမှာ ရှိတာမဟုတ်ဘူး။ ဒီလိုနဲ့ ကပ္ပတိန်ဟာ အတွက်အချက် ဘက်ညီမှု အခြေခံမူကို အသုံးချသွားတာ ဖြစ်ပါတယ်။ ဒီလိုအခြေခံမူကို ကျင့်သုံးဖို့ဆိုရင် ကောင်းမွန်တဲ့ အစီအစဥ်တွေ၊ ကပ္ပတိန်လို အမြော်အမြင်ကြီးပြီး ထက်မြက်တဲ့တပ်မှူး၊ စစ်ရေးအရာရှိတွေကတော့ မဖြစ်မနေ လိုအပ်မှာပဲ ဖြစ်ပါတယ်။

၃။ စစ်ရေးလိုအပ်ချက်အရပဲ တိုက်ခိုက်ရမယ်

ဒီအခြေခံမူကို ၁၈၆၈ စိန့်ပီတာစဘက် ကြေညာချက်ရဲ့ နိဒါန်းမှာ ဖော်ပြထားပြီး ဖြစ်ပါတယ်။ အဲဒီကြေညာချက်အရ စစ်ပွဲတခု ပြီးမြောက်အောင်မြင်ဖို့အတွက် ဆိုရင် ပါဝင်တိုက်ခိုက်ကြတဲ့ နိုင်ငံတွေအနေနဲ့ ကြိုးပမ်းလုပ်ဆောင်ရမယ့် ရည်ရွယ်ချက်ဟာ တခုတည်းပဲ ဖြစ်ပါတယ်။ အဲဒါကတော့ တဖက်ရန်သူရဲ့ စစ်အင်အားကို လှုပ်ရှားမှုမပြုနိုင်လောက်အောင် ချည့်နဲ့သွားစေဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ရန်သူအင်အား အတော်များများက စစ်မတိုက်နိုင်တော့ဘူးဆိုရင် လုံလောက်ပါပြီ။ ဒါကြောင့် စစ်ရေးအရ မလိုအပ်ကြောင်း ရှင်းရှင်းလင်လင်း သိရှိထားတယ်ဆိုရင် စစ်ဆင်တိုက်ခိုက်မှုတွေ မလုပ်ဖို့ တားမြစ်ထားပါတယ်။

၄။ ကန့်သတ်ချက်တွေရှိရမယ်

ဘယ်စစ်ပွဲမှာမဆို ယှဉ်ပြိုင်တိုက်ခိုက်သူတွေအနေနဲ့ ကိုယ့်စိတ်ကြိုက် နည်းလမ်းတွေ၊ လက်နက်တွေကို အသုံးပြုလို့မရပါဘူး။ စစ်ကို ကိုယ်ကြိုက်သလို စည်းမဲ့ဘောင်မဲ့ တိုက်လို့မရပါဘူး။ လက်နက်ကိုင်ပဋိပက္ခ ဥပဒေအရ ကန့်သတ်ထားပါတယ်။ မလိုအပ်ဘဲ ထိခိုက်စေမယ့် (ဝါ) အလွန်အကျွံ ထိခိုက်ဒဏ်ရာရစေမယ့် လက်နက်တွေ၊ နည်းနာတွေကို တားမြစ်ထားပါတယ်။

၅။ သဘောရိုးနဲ့ ဆောင်ရွက်ရမယ်။

စစ်ပြိုင်ဘက်တွေကြား သဘောရိုးနဲ့ ဆောင်ရွက်ရမယ် ဆိုတာက စစ်ပွဲရဲ့ ဓလေ့ထုံးထမ်းတခု ဖြစ်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခ ဥပဒေမှာပါတဲ့ အချက်အလက်တွေကို အနက်ပြန်တဲ့ နေရာမှာလည်း သဘောရိုးနဲ့ ဆောင်ရွက်တယ် ဆိုတာကို စစ်တပ်ဟာ ပြသရပါမယ်။ ဒီလို သဘောရိုးနဲ့ ဆောင်ရွက်မှုကို စစ်ပြိုင်ဘက်အချင်းချင်းကြား ညှိနှိုင်းဆွေးနွေးမှုတွေ၊ လူသားချင်းစာနာမှု အဖွဲ့အစည်းတွေကြား ဆွေးနွေးမှုတွေမှာ လေ့လာတွေ့ရှိနိုင်ပါတယ်။

၆။ လူသားဆန်စွာ ဆက်ဆံရမယ်။ ခွဲခြားမှုမရှိရဘူး။

နိုင်ငံရေးယုံကြည်ချက်၊ ဘာသာရေး၊ လူမျိုး၊ နိုင်ငံသား၊ လိင် စတဲ့ အကြောင်းအရင်းတွေအပေါ် အခြေခံပြီး ဘယ်သူ့ကိုမှ ခွဲခြားဆက်ဆံလို့ မရပါဘူး။ လူသားဆန်စွာနဲ့ သူတို့အပေါ်မှာ ဆက်ဆံရပါမယ်။

ထိခိုက်ဒဏ်ရာရလို့ဖြစ်ဖြစ်၊ နေမကောင်းလို့ဖြစ်ဖြစ်၊ ပျက်ကျတဲ့ လေယာဉ်ပေါ်ကနေ လေထီးခုန်ဆင်းလာတဲ့ တပ်သားဖြစ်ဖြစ်၊ သင်္ဘောပျက်လို့ပဲဖြစ်ဖြစ် စတဲ့ အကြောင်းရင်းတွေကြောင့် စစ်မတိုက်နိုင်တော့တဲ့ ဘယ်ရန်သူ့စစ်သားကိုမဆို ကောင်းမွန်စွာ ဆက်ဆံရပါမယ်။ သူတို့တွေတင်မက စစ်သုံ့ပန်းတွေ၊ ဖမ်းဆီးခံ၊ ထိန်းသိမ်းခံ အကျဉ်းသားတွေကိုလည်း အလားတူ ဆက်ဆံရမှာ ဖြစ်ပါတယ်။

ဘယ်သူတွေမှာ တာဝန်ရှိသလဲ

ဥပဒေတွေကတော့ အဲ့ဒီလို ပြဋ္ဌာန်းထားပါတယ်။ အဲ့ဒီဥပဒေတွေကို အဓိက လိုက်နာရမှာကတော့ စစ်သားတွေ၊ တပ်မှူးတွေကနေ နောက်ဆုံး နိုင်ငံတော်အဆင့်ထိ တာဝန်ရှိပါတယ်။

စစ်သည်တဦးချင်း တာဝန်ရှိမှု

ကိုယ့်ရဲ့ စစ်သည်အဆင့်အတန်းက ဘယ်လောက်ပဲရှိပါစေ။ အောက်ခြေတပ်သားကအစ ဟိုးအထက် အမြင့်ဆုံးအဆင့် ဗိုလ်ချုပ်မှူးကြီးအထိ တဦးချင်းစီဟာ စစ်ပွဲဆိုင်ရာ ဥပဒေကို လိုက်နာဖို့ရန် တာဝန်ရှိပါတယ်။ အကယ်၍ မလိုက်နာဘဲ ချိုးဖောက်မယ်ဆိုရင်တော့ ခုံရုံးတင် စစ်ဆေးခံရမှာပဲ ဖြစ်ပါတယ်။ အဲ့ဒီအခါမျိုးမှာ အထက်အမိန့်ကြောင့် လုပ်ရတာပါဆိုပြီး ထုချေခွင့် မရှိပါဘူး။

စစ်ပွဲဆိုင်ရာ ဥပဒေကို ကြီးကြီးမားမား ချိုးဖောက်တာဟာ စစ်ရာဇဝတ်မှု မြောက်ပါတယ်။ စစ်ရာဇဝတ်မှုတွေကို ပြည်တွင်းတရားရုံးတွေမှာတင်မက နိုင်ငံတကာခုံရုံးတွေမှာပါ တရားစွဲဆိုခံရမှာ ဖြစ်ပါတယ်။ ရဝမ်ဒါနဲ့ ယခင် ယူဂိုဆလားဗီးယားမှာ ဥပဒေချိုးဖောက်မှုတွေကို စုံစမ်းဖို့ အထူးတရားရုံးတွေ တည်ထောင်ခဲ့ကြပါတယ်။

တပ်မှူးရဲ့တာဝန်

တပ်မှူးတွေမှာလည်း ဒီတာဝန်တွေ ရှိပါတယ်။

  • သူတို့လက်အောက်က စစ်သည်အမှုထမ်းတွေကို လက်နက်ကိုင်ပဋိပက္ခ ဥပဒေနဲ့အညီ သင်တန်းပေးရမယ်။
  • ဥပဒေနဲ့ညီပြီး ရှင်းလင်းပြတ်သားတဲ့ အမိန့်တွေ ပေးရမယ်။
  • ခက်ခဲတဲ့ ဆုံးဖြတ်ချက်တိုင်းအတွက် တာဝန်ယူရမယ်။
  • သူ့လက်အောက်ငယ်သားတွေအနေနဲ့ တပ်မှူးရဲ့ အမိန့်တွေကို ဥပဒေနဲ့အညီ ဆောင်ရွက်မှု ရှိစေရမယ်။
  • ရန်သူ၊ မဟာမိတ် အပါအဝင် ကိုယ့်တပ်ဖွဲ့က အဖွဲ့ဝင်တွေရဲ့ ဥပဒေချိုးဖောက်မှုတွေကို အထက်အရာရှိထံ အစီရင်ခံရမယ်။

ဒါ့အပြင် သူ့ရဲ့ လက်အောက်ငယ်သားတွေဟာ စစ်ရာဇဝတ်မှု ကျူးလွန်တော့မှာကို သိတာ (ဝါ) သိသင့်တဲ့အခြေအနေမှာ မကျူးလွန်အောင် တားမြစ်နိုင်ခြင်းမရှိရင် တပ်မှူးဟာ ပြစ်မှုဥပဒေအရ တာဝန်ခံရမှာ ဖြစ်ပါတယ်။ ဒီလိုပဲ သူ့လက်အောက်ငယ်သားတွေရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်ပြီးကြောင်းကို သိတာ (ဝါ) သိသင့်တာမျိုး ဖြစ်ရမယ့်အပြင် ပြစ်မှုကျူးလွန်သူတွေကို အစီရင်ခံတင်ပြဖို့၊ အရေးယူဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင်လည်း တပ်မှူးဟာ တာဝန်ခံရမှာ ဖြစ်တယ်။

နိုင်ငံတွေရဲ့ တာဝန်ရှိမှု

ဂျီနီဗာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ ဥပဒေတွေကို ဘယ်လိုအခြေအနေမျိုးမှာမဆို လေးစားလိုက်နာကြရမယ်။ လေးစားလိုက်နာဖို့အတွက် လုပ်ဆောင်ကြရမယ်။ ဒါ့အပြင် သဘောတူစာချုပ်တွေမှာပါတဲ့ အချက်တွေကို သူတို့ရဲ့ လက်နက်ကိုင်အဖွဲ့တွေဆီ တတ်နိုင်သမျှ ရောက်ရှိအောင် လုပ်ဆောင်ကြရပါမယ်။ လက်နက်ကိုင်ပဋိပက္ခ ဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်တဲ့ စစ်ဖြစ်ပွားနေတဲ့နိုင်ငံဟာ လျော်ကြေးပေးရမယ့်တာဝန် ရှိပါတယ်။ အဲ့ဒီနိုင်ငံရဲ့ လက်နက်ကိုင်အဖွဲ့တွေ ကျူးလွန်တဲ့ လုပ်ရပ်တွေအတွက် တာဝန်ရှိပါတယ်။

ဒါတွေကတော့ စစ်ပွဲဆိုင်ရာ ဥပဒေရဲ့ အခြေခံတွေကို အကျဉ်းရုံး မျှဝေလိုက်တာ ဖြစ်ပါတယ်။

သပြေညို

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024