
ရန်ကုန်မှာ ဖွင့်လှစ်လုပ်ကိုင်နေကြတဲ့ စင်တင်တေးဂီတ ဖျော်ဖြေရေးလုပ်ငန်းတွေ အခွန်ဆောင်ပြီး လိုင်စင်လျှောက်ထားကြဖို့ စစ်ကောင်စီက စားသောက်ဆိုင်လုပ်ငန်းရှင်တွေနဲ့ ဘားဆိုင်လုပ်ငန်းရှင်တွေကို အကြောင်းကြားလာတယ်လို့ လုပ်ငန်းရှင်တွေထံက သိရပါတယ်။
ဘားဆိုင်လုပ်ငန်းရှင်တဦးက “အရင်တခေါက်တုန်းကတော့ စာနဲ့မထွက်လာဘူး။ စင်တီတေးဂီတ ဖျော်ဖြေရေးတွေ ရပ်ထားဖို့ပဲ ပြောတာ။ အခုက ဖျော်ဖြေရေးလိုင်စင်အတွက် အခွန်ကတော့ တနှစ်စာ ၃၆ သိန်းလောက် ကျမယ်ပြောတယ်။ တလကို ၃ သိန်းကျမယ့် သဘောပေါ့။ ဒါတောင်မှ ဆိုင်အကြီးအသေးအပေါ် မူတည်ပြီးတော့ ဘယ်လိုခွဲဦးမလဲ မသိဘူး။ ဖျော်ဖြေရေးလိုင်စင်ပဲ သီးသန့်ပြန်လုပ်ရတဲ့သဘော” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကလည်း ရန်ကုန်နဲ့ နေပြည်တော်က ဘားနဲ့ စားသောက်ဆိုင်တွေမှာ ကိုယ်ပိုင်တီးဝိုင်းငယ်တွေနဲ့ သီဆိုဖျော်ဖြေကြတဲ့ Unplugged တွေကို ရပ်ဆိုင်းဖို့ စစ်ကောင်စီရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွေက စာပေးပို့ ညွှန်ကြားခဲ့ပါသေးတယ်။
ယာယီပိတ်ခိုင်းထားရာကနေ ပြန်လည်ခွင့်ပြုတာကြောင့် ဇူလိုင် ၇ ရက်ကစပြီး ရန်ကုန်မြို့ရှိ စားသောက်ဆိုင်နဲ့ ဘားတွေမှာ စင်တင်တေးဂီတ ဖျော်ဖြေရေးအစီအစဥ်တွေ ပြန်လည် လည်ပတ်နိုင်ခဲ့တာပါ။
အရက်နဲ့ ဘီယာကိုပဲ သီးသန့်ရောင်းချခွင့်ပြုထားတဲ့ စားသောက်ဆိုင် လိုင်စင်အပြင် နောက်ထပ် ဖျော်ဖြေရေးလိုင်စင်ကိုပါ ထပ်လျှောက်ရရင် အခက်အခဲရှိနိုင်တယ်လို့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။
“အခုလောလောဆယ် အခြေအနေမှာက မိုးတွင်းလည်းဖြစ် ကျပ်နှစ်သောင်းတန် ကိစ္စလည်း ဖြစ်ရော ဆိုင်တွေမှာက လူတွေ သိပ်မဝင်တော့ဘူး။ တော်တော်ပါးသွားတယ်။ စားသောက်ဆိုင်တွေမှာ Band တွေ ထည့်ရတာကလည်း ဆိုင်ဘက်က တည အနည်းဆုံး ၂ သိန်းလောက် Band အဖွဲ့ကို ပေးရတယ်။ ဒါတောင် အရင်လို နေ့တိုင်း Band မထည့်နိုင်ဘူး။ လူစည်တဲ့ရက်တွေ တပတ်ကို ၂ ရက်လောက်ပဲ တီးဝိုင်းထည့်နိုင်တော့တာ။ အခုက အခွန်ပါ ထပ်ဆောင်ရတော့မှာ။ တချို့ဆိုင်တွေကလည်း မလုပ်ဘူးလို့ ပြောနေကြတယ်။ ဆိုင်အကြီးတွေကတော့ နည်းနည်း တောင့်ခံနိုင်မှာပေါ့။ ဆိုင်အသေးတွေအတွက်ကတော့ ပိုပြီး ဒုက္ခရောက်သွားတာပေါ့။ အခွန်မဆောင်ရင် ဖျော်ဖြေရေးမပါဘဲ ဒီအတိုင်း ဆိုင်ပဲ ဖွင့်လို့ရမှာပေါ့။”
စားသောက်ဆိုင်တွေ ဘားတွေမှာ ဖျော်ဖြေရေးအစီအစဥ်တွေ မရှိတော့ရင် တီးဝိုင်းနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်သူ၊ စင်တင်တေးဂီတ ဖျော်ဖြေရေးလုပ်ငန်း လုပ်ကိုင်သူတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်း ပျောက်ဆုံးလာနိုင်တယ်လို့ Unplugged တီးဝိုင်းတခုရဲ့ အဖွဲ့ဝင်တယောက်က ပြောပါတယ်။
“ကျနော်တို့ ဆိုင်အသေး ဆိုင်အကြီး ရတဲ့နေရာမှာ လုပ်ရတာ။ တချို့ဆိုင်တွေ ဒီလိုင်စင်ကို မလျှောက်တော့ဘူးဆိုရင် ကျနော်တို့လုပ်ရတဲ့အလုပ်က နေရာပိုကျဥ်းလာတာပေါ့။ ဆိုင်တော်တော်များများကလည်း အရင်လို နေ့တိုင်း တီးဝိုင်းမထည့်ကြတော့ဘူးလေ။ လူစည်တဲ့ သောကြာ၊ စနေ၊ တနင်္ဂနွေလောက်ပဲ တီးဝိုင်းတွေ ထည့်ကြတော့တာ။ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုနည်းလာတော့မှာပေါ့။”
စင်တင်တေးဂီတ ဖျော်ဖြေရေးလုပ်ငန်းလိုင်စင် လျှောက်လွှာမှာ ကတိခံဝန်ချက် အချက် ၂၀၊ စည်းကမ်းချက် ၃၉ ချက် ပါဝင်ပြီး မြန်မာ့ယဥ်ကျေးမှုနဲ့ ဆန့်ကျင်တဲ့ အပြုအမူတွေလည်း ခွင့်မပြုဘူးလို့ ပါရှိပါတယ်။
သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့ ကိုက်ညီမှုမရှိတာ၊ လိုက်နာမှုမရှိတာ တွေ့ရှိရင် လုပ်ငန်းလိုင်စင် သိမ်းဆည်း အရေးယူသွားမယ်လို့ လျှောက်လွှာထဲမှာ ဖော်ပြထားပါတယ်။