DVB Logo
Home
Lead Story
ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်
DVB
·
August 25, 2023
ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်
Donate to DVB

စစ်အာဏာသိမ်းပြီး နောက်ပိုင်း တဖြည်းဖြည်း ဆိုးဝါးလာနေသော စီးပွားရေးနှင့် အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ မရှိသလောက် ဖြစ်လာနေခြင်း၊ ပြည်ပကုမ္ပဏီများ တတိတိ ထွက်ခွာနေခြင်းများနှင့် လူထု၏ သပိတ်မှောက်မှုများကြောင့် စစ်ကောင်စီ၏ ဘဏ္ဍာတိုက်ထဲတွင် ငွေများ တတိတိနှင့် ကုန်ခန်းလိုက်လာနေပြီ ဖြစ်သည်။

ထိုအရေးအား အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်နှိုက်ပင် ပြီးခဲ့သည့်အပတ် အစည်းအဝေးတွင် ဝန်ခံပြောဆိုလာရသည်အထိ ဖြစ်လာခဲ့သည်။ ထိုသို့ မပြောကလည်း သူ့အား သွက်သွက်ခါအောင် ရူးသွပ်သွားရှာပြီဟု အထင်ရောက်မည် စိုးသောကြောင့်လည်း ဖြစ်ပေလိမ့်မည်။

အနောက်နိုင်ငံများ၏ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့်  နိုင်ငံခြားငွေများ ရရှိရန် အခက်အခဲများ ရှိလာနေသည့်အတွက် ပို့ကုန်အတွက် ငွေပြန်ဖော်ရန်၊ သွင်းကုန်အတွက် ငွေပေးချေရန် အခက်အခဲများနှင့် ရင်ဆိုင်‌နေရပြီ ဖြစ်သည်ဟု စစ်ခေါင်းဆောင်က ဆိုသည်။

စစ်ကောင်စီ၏ အဓိက မှီခိုအားထားရာ ဘဏ်ကြီးနှစ်ခုကို အမေရိကန်က ပိတ်ဆို့ ဒဏ်ခတ်လိုက်ပြီး ရက်အနည်းငယ်အကြာတွင် ယခုလို ထုတ်ဖော်ပြောဆိုလာခဲ့ခြင်း ဖြစ်သည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချ၍ ရသည့် ဒေါ်လာ သန်း ၅၀၀ ကျော်အားလည်း ပြည်ပဘဏ်အကောင့်များမှ ထုတ်ယူ၍မရ ပိတ်မိနေပြန်သည်။

ဘင်္ဂလားဒေ့ရှ်နှင့် နှစ်နိုင်ငံ ကုန်သွယ်ရေးတွင် ကြားခံအဖြစ် ဆောင်ရွက်ပေးနေသော အစိုးရပိုင် ဆိုနာလီဘဏ်ကြီးကလည်း ထိုဘဏ်ကြီးနှစ်ခုမှ အပ်နှံထားသည့် ဒေါ်လာ ၁ ဒသမ ၁ သန်းရှိ အကောင့်ကိုလည်း ထုတ်ယူခွင့် ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။ ဒက္ကားရှိ အမေရိကန် သံရုံးမှ ပေးပို့သည့်စာကို လက်ခံရရှိပြီးနောက် ထိုသို့ ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။ အမေရိကန်သည် ဘင်္ဂလားဒေ့ရှ်၏ ပို့ကုန် အများဆုံးတင်ပို့ရာ ဈေးကွက်ကြီးလည်း ဖြစ်နေသည်။

နိုင်ငံတကာမှလည်း တဖြည်းဖြည်းနှင့် လည်မျိုညှစ်ခြင်း ခံလာနေရပြီ ဖြစ်သည်။ ယခုအခါ ထိုသို့ ကျပ်တည်းလာနေသော အနေအထားမှ ရုန်းထွက်နိုင်ရန် ခရိုနီများနှင့် ဘဏ်များက ငွေတိုက်စာချုပ် ထုတ်ရောင်းခြင်းဖြင့် ရှာဖွေစုဆောင်းလာရပြီ ဖြစ်သည်။

ထိုကဲ့သို့ အစိုးရက ငွေတိုက်စာချုပ်များ ထုတ်ရောင်းခြင်းသည် နိုင်ငံတကာတွင် လုပ်နေကျ လုပ်ရပ်မျိုးသာ ဖြစ်သော်လည်း ကုလသမဂ္ဂကပင် အသိအမှတ်မပြု၊ နေ့လား ညလား ဖြစ်နေသည့် စစ်ကောင်စီက ယခုလို ထုတ်ရောင်းလာခြင်းသည် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။

ပုဂ္ဂလိကဘဏ်များသည် ပြည်သူများ၏ အပ်နှံငွေများဖြင့် အာဏာသိမ်းအဖွဲ့၏ စစ်ယန္တရားကြီး လည်ပတ်နိုင်အောင် ဝယ်ယူခြင်းဖြင့် ကူညီပေးနေကြသည်။ ထိုဘဏ်တိုက်ကြီးများကို ပိုင်ဆိုင်ကြသည့် ခရိုနီ အများစုသည်လည်း တိုင်းပြည်၏ သဘာဝသယံဇာတများကို ခေါင်းပုံဖြတ် ထုတ်နုတ်ရောင်းချခြင်းဖြင့် အဆမတန် ကြွယ်ဝချမ်းသာလာကြသူများလည်း ဖြစ်သည်။ ၎င်းတို့အဖို့က စစ်ကောင်စီနှင့် တလှေတည်း၊ တခရီးတည်း သွားကြသူများဖြစ်၍ မထောင်းသာလှသော်လည်း လူထုအဖို့ ထိခိုက်နစ်နာလာရသည်ဟု ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် စီးပွားရေးကော်မတီတွင် ပါဝင်ခဲ့သူတဦးက ပြောပြခဲ့သည်။

အမျိုးသားညီညွတ်‌ရေးအစိုးရကမူ ထိုသို့ တရားမဝင် ငွေတိုက်စာချုပ်များ ရောင်းချနေမှုအား မိမိတို့မှ အသိအမှတ်ပြု လိုက်နာလိမ့်မည်မဟုတ်ဟု ကြေညာထားခဲ့ပြီး ဖြစ်သည်။

မင်းအောင်လှိုင်၏ ဗုဒ္ဓရုပ်ပွားတော် တည်ဆောက်ရေးတွင် ၁၀၁ ပါးသော ခရိုနီများ ရက်ရက်ရောရော လှူဒါန်းခဲ့မှုကပင် ထိုအချက်ကို သက်သေခံနေပေသည်။

ပြဿနာဖြစ်နေရသည်က ပြည်တွင်းရှိ ဘဏ်များ၊ ခရိုနီများ၏ အထောက်အပံ့ကိုသာ အားကိုးလာနေရသည့် စစ်ကောင်စီ၏ တလွဲတချော် စီးပွားရေး စီမံခန့်ခွဲမှုများ ဒဏ်ကို လူထုသည် မည်မျှကြာကြာ ဆက်၍ ခံနေရဦးမည် ဆိုသည်က သေချာပေါက် ပြော၍မရခြင်းပင် ဖြစ်သည်။

လက်ရှိ ဘဏ္ဍာရေးနှစ်အတွင်း အာဏာသိမ်းအဖွဲ့၏ စစ်အသုံးစရိတ်သည် မြန်မာကျပ်ငွေ ၅ ဒသမ ၆ ထရီလီယံ (အမေရိကန် ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံ) အထိ ရှိနေသည်ဟု သိရသည်။ ထိုပမာဏ၏ သုံးပုံတပုံသည် ငွေတိုက်စာချုပ် ရောင်းရငွေများ ဖြစ်နေသည်။

ထိုသို့ ခရိုနီ ဘဏ်တိုက်ကြီးများသည် ငွေတိုက်စာချုပ်များအား ပြည်သူတို့ ချွေးနှဲစာဖြင့် အပ်နှံငွေများကို အတိုးပြန်ရဖို့ မရဖို့ မသေချာ မရေရာ ဖြစ်နေသည့် အနေအထားတွင်ပင် ‌ဗုန်းပေါလအော ဝယ်ယူနေကြခြင်းဖြင့် စစ်ယန္တရားကြီး တဝီဝီလည်ပတ်နိုင်အောင် အားတက်သရော ကူညီပေးနေကြခြင်းပင် ဖြစ်သည်။

သို့သော် စစ်ကောင်စီသည် လက်နက်များကို ဝယ်ယူဖြည့်တင်းရန် ငွေရှိသော်လည်း အခက်အခဲ ပေါင်းစုံ ရင်ဆိုင်နေရသည်။ ကြားခံပွဲစားများ ခန့်ထားခြင်း၊ လုပ်ပေးရဲသည့် ဘဏ်များအား ဝန်ဆောင်မှုများ မတန်တဆ ပေးနေရခြင်းတို့ဖြင့် ဖြတ်ကျော်နေကြရသည်။

ကုလသမဂ္ဂ၏ လူသားချင်း အကူအညီပေးရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် မာတင်ဂရစ်ဖစ်သည် နေပြည်တော်သို့ ရောက်ရှိလာပြီး ၎င်း၏အေဂျင်စီ ရင်ဆိုင်နေရသော ပြဿနာများကို ဆွေးနွေးခဲ့သော်လည်း အများအားဖြင့် မင်းအောင်လှိုင်၏ လာသမျှ လူတိုင်းကို ဟောနေပြောနေကျ  “ငြိမ်းချမ်းရွှေပြည်” တရားတော်ကြီးကိုသာ နာကြားသွားခဲ့ရသည်။

ဂရစ်ဖစ်သည် ၎င်းတို့အား အသိအမှတ်ပြုရေးထက် သူ၏အေဂျင်စီသို့ နိုင်ငံတကာ အကူအညီများ ဆက်လက်ရရှိနိုင်အောင် လုပ်ငန်းပြဖို့ လိုအပ်နေခြင်းနှင့် အသစ်ခန့်ထားမည့် လူများအတွက် ဗီဇာရရှိရန်တို့အတွက် ရောက်လာခြင်းမျိုးသာ ဖြစ်သည်။ ကုလအေဂျင်စီများ အဖို့က စစ်ကောင်စီပြောသည့် နေရာများကို ပို့နိုင်လျှင်ပင် အိုကေနေပြီဖြစ်၍ နှစ်ဦးနှစ်ဖက် အဆင်ပြေသည်ဟု ပြော၍ရကြောင်း အီဂေါ ဗလာစီဗစ်က ဧရာဝတီတွင် ရေးသားထားသည်။

ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ထိုးစစ်အတွက် အင်အားကို ထုနှင့်ထည်နှင့် တည်ဆောက်ပြီးဖြစ်၍ နောက်ခြောက်လအကြာတွင် ဖြစ်နိုင်ခြေရှိသည်က တော်လှန်ရေး အောင်မြင်ခြင်း သို့မဟုတ်ကလည်း စစ်ကောင်စီ အထုပ်ပြင်ရတော့မည့်အခြေ ဆိုက်လာမည်ဟု ယုံကြည်ကြောင်း အသိပေးသွားခဲ့သည်။

ဦးရည်မွန်၏ စကားသည် သာမန်အားဖြင့် အပြောကြီးသည်ဟု ထင်စရာရှိသော်လည်း သူ့တွင် ထိုသို့ ပြောနိုင်လောက်အောင် ခိုင်လုံသောအကြောင်း ရှိနေမည်လည်း ဖြစ်သည်။

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

ကိုးကား - မြန်မာနောင်း

လှစိုးဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013