
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဒေသအချိန် ဩဂုတ် ၂၃ ရက်က အဖွဲ့ဝင်နိုင်ငံတွေရဲ့ သံတမန်တွေ တံခါးပိတ်ဆွေးနွေးခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲမှာ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ်နဲ့ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာညှိနှိုင်းရေးမှူး မာတင်ဂရစ်ဖစ်က လတ်တလော မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မြန်မာပြည်အကျပ်အတည်းနဲ့ ပတ်သက်ပြီးဖြေရှင်းဖို့ ကြိုးပမ်းအား ထုတ်မှုတွေရဲ့ နောက်ဆုံးအခြေအနေကို ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် ခီရာရီကလည်း ပြောကြားခဲ့ပါတယ်။
ဒီဆွေးနွေးပွဲမှာ ပြောဆိုဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကို မသိရသေးပေမဲ့ အမေရိကန်နဲ့ ယူကေအပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံကတော့ ကုသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ကို အကောင်အထည်ဖော်ဖို့ လုံခြုံရေးကောင်စီဆွေးနွေးပွဲအပြီး ပူးတွဲကြေညာချက်မှာ တိုက်တွန်းပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း မြန်မာပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်အာဏာရှင်တွေထံ လက်နက်၊ လေယာဉ်ဆီနဲ့ ငွေကြေး စီးဆင်းမှုတွေ ရပ်တန့်အောင်အရေးယူ ဆုံးဖြတ်ချက်တွေ နောက်ဆက်တွဲ ထပ်မံချမှတ်ဖို့ ဆွေးနွေးပွဲအပြီး မီဒီယာတွေနဲ့ တွေ့ဆုံရာမှာ တောင်းဆိုသွားပါတယ်။
“လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ထွက်လာပြီးနောက်ပိုင်းမှာတောင် စစ်အာဏာရှင်ရဲ့ မြန်မာပြည်သူတွေအပေါ် ကြမ်းကြုတ်ရက်စက်မှုတွေဟာ ဆက်ဖြစ်နေတယ်၊ ကျနော်တို့ စိစစ်လို့ရတဲ့ အချက်အလက်အရ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၁ ရက်က မြန်မာစစ်တပ်ကသတ်ဖြတ်လို့ သေဆုံးခဲ့ရတဲ့ မြန်မာပြည်သူ အရေအတွက်ဟာ ၂၆၃၉ ယောက် ရှိခဲ့ပြီး ဒီကနေ့မှာတော့ သေဆုံးသူ အယောက် ၄၀၀၀ ရှိသွားပြီဖြစ်တယ်။ ဒါကြောင့် ပြီးခဲ့တဲ့ ၆ လအတွင်း ပြည်သူ အယောက် ၁၃၀၀ အသတ်ခံခဲ့ရတယ်။ ဒါ့အပြင် နေအိမ်ပေါင်း ၇၅၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံရပြီး လူပေါင် ၂ သန်းလောက် နေစရာမဲ့ဖြစ်ခဲ့ကြရကာ ၁၈ သန်းလောက် လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်” လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။
မြန်မာပြည်သူတွေရဲ့ အသက်တွေကိုကယ်တင်ဖို့အတွက် ကုလသဂ္ဂအနေနဲ့ ဘာကို စောင့်နေတာလဲလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက မေးခွန်းထုတ်လိုက်ပါတယ်။
“မြန်မာစစ်တပ်ဟာ အရပ်သားပြည်သူတွေ နေထိုင်တဲ့ နေရာတွေကို ဂျက်တိုက်လေယာဉ်တွေ ရဟတ်ယာဉ်တွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်။ ဒါကြောင့် လေယာဉ်ဆီတွေ၊ လက်နက်တွေနဲ့ ငွေကြေးတွေ မြန်မာတပ်ဆီကို စီးဆင်းမှုတွေကို ရပ်တန့်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြသနေပါတယ်။ မြန်မာပြည်သူတွေရဲ့ အသက်တွေကို ကယ်တင်ဖို့ သူတို့ ဘာကို စောင့်နေတာလဲဆိုတာ ကျနော် မေးခွန်းထုတ်လိုပါတယ်။”
မြန်မာပြည်သူအများစုက မြန်မာစစ်အာဏာရှင်ကို တညီတညွတ်တည်း ဆန့်ကျင်တယ်၊ မြန်မာပြည်မှာ ဖြစ်နေတာ ပြည်တွင်းစစ်မဟုတ်ပါဘဲ အကြမ်းဖက် စစ်အာဏာရှင်ကို တော်လှန်နေတဲ့ တော်လှန်ရေး ဖြစ်တယ်၊ မြန်မာပြည်သူတွေဟာ မြန်မာစစ်တပ်ကို နိုင်ငံရေးကနေ ဖယ်ရှားဖို့နဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ဖို့ တောင်းဆိုနေကြတယ်၊ စစ်တပ်ဟာ မြန်မာပြည်သူတွေနဲ့ ဖြစ်နေတဲ့ တိုက်ပွဲမှာ မနိုင်နိုင်သလို၊ အုပ်ချုပ်နိုင်စွမ်းလည်းမရှိ၊ စီးပွားရေးစီမံခန့်ခွဲနိုင်စွမ်းနဲ့ နိုင်ငံကိုငြိမ်းချမ်း တည်ငြိမ်အောင် လုပ်နိုင်စွမ်းလည်း မရှိပါဘူးလို့ သံအမတ်ကြီးက ပြောပါတယ်။
မြန်မာပြည်သူတွေရဲ့ အသက်တွေကို ကယ်ဆယ်ဖို့၊ စစ်တပ် ကျူးလွန်တဲ့ပြစ်မှုတွေ အရေးယူမခံရဘဲဖြစ်နေတာကို အဆုံးသတ်ဖို့နဲ့ ဒေသတွင်း မတည်မငြိမ်မှုတွေ ထပ်ဖြစ်မယ့်အရေးကနေ ကာကွယ်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ အချိန်မဆွဲပဲ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ မြန်မာသံအမတ်ကြီးက တောင်းဆိုသွားပါတယ်။
အမေရိကန်၊ ယူကေ၊ အယ်လ်ဘေးနီးယား၊ ဘရာဇီး၊ အီကွေဒေါ၊ ပြင်သစ်၊ ဂါဘွန်၊ ဂါနာ၊ ဂျပန်၊ မာလ်တာ၊ မိုဇမ်ဘစ်၊ ဆွစ်ဇာလန်၊ ယူအေအီး စတဲ့ နိုင်ငံ ၁၃ နိုင်ငံက ပူးတွဲ ကြေညာချက်မှာတော့ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးကတည်းက ၂ နှစ်ခွဲကျော်အတွင်း မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ မြန်မာပြည်သူတွေအပေါ် ထိခိုက်မှုတွေကို အလွန်အမင်းစိုးရိမ်ပူပန်တယ်လို့ ဖော်ပြထားပါတယ်။
လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံထဲက ရုရှားနဲ့ တရုတ်မပါဘဲ ကျန်တဲ့ ၁၅ နိုင်ငံက ပူးတွဲထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့လတွေအတွင်း မြန်မာနိုင်ငံတဝန်းမှာ အဆုံးမသတ်နိုင်တဲ့ အကြမ်းဖက်မှုတွေ ဆက်လက်မြင်တွေ့ခဲ့ရပြီး အရပ်သားပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေ အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်အသုံးပြုနေတာကို ပြင်းပြင်းထန်ထန် ရှုတ်ချတဲ့အကြောင်းနဲ့ နိုင်ငံတကာ ဥဒေတွေကို လေးစားလိုက်နာဖို့နဲ့ အရပ်သားပြည်သူတွေကို ကာကွယ်ပေးဖို့ လိုအပ်တယ်ဆိုတာကို ထပ်လောင်း အတည်ပြုတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ လူပေါင်း ၁၈ သန်းလောက် လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေပြီး လူပေါင်း ၂ သန်းလောက် အိုးအိမ်စွန့်ခွာ နေစရာမဲ့ဖြစ်နေကကာ ၁၅ သန်းလောက်က စားနပ်ရိက္ခာ ဖူလုံမှုမရှိဘူးလို့ ဆိုပါတယ်။
အကူအညီလိုနေသူအားလုံးအတွက် လူသားချင်းစာနာမှုအကူအညီတွေ အတားအဆီးမရှိ အပြည့်အဝ ဘေးကင်းလုံခြုံစွာပေးအပ်ဖို့နဲ့ တိုင်းရင်းသားတွေ၊ လူနည်းစုတွေအပါအဝင် အလိုအပ်ဆုံးသူတွေကို အကူအညီရဖို့ လုံခြုံရေးကောင်စီကို ၁၃ နိုင်ငံက ထပ်မံတောင်းဆိုလိုက်ပါတယ်။
ဒါ့အပြင် ရိုဟင်ဂျာ တသန်းလောက် နေအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ကြတာ ၆ နှစ်လောက်ရှိနေပြီဖြစ်တဲ့ ရခိုင်ပြည်နယ်အခြေအနေကိုလည်း အလွန်အမင်း ဆက်လက်စိုးရိမ်ကြောင်း နိုင်ငံတကာမိတ်ဖက်တွေအနေနဲ့ ရိုဟင်ဂျာတွေကို လူသားချင်း စာနာမှုအကူအညီတွေပေးဖို့ အားပေးတယ်လို့လည်း ဆိုပါတယ်။
ကုသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ မှာ ရှင်းရှင်း သတ်မှတ်ဖော်ပြထားတဲ့ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ တိုးတက်မှု မရှိတဲ့အပေါ် လည်း အလေးထား ဝေဖန်သွားပါတယ်။
လုံခြုံရေးကောင်စီဆုံးဖြတ်ချက်တွေထဲမှာ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် တရားလက်လွတ် ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးဖို့၊ လူ့အခွင့်အရေး အပြည့်အဝလိုက်နာဖို့နဲ့ တရားဥပဒေစိုးမိုးရေး ထိန်းသိမ်းဖို့၊ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လေးစားဖို့၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ရခိုင်ပြည်နယ် ပြဿနာရဲ့ အရင်းမြစ်ကို ဖြေရှင်းဖို့နဲ့ လူနည်းစုတွေရဲ့ အခွင့်အရေးကို အပြည့်အဝ ကာကွယ်ပေးဖို့ တောင်းချက်တွေ ပါဝင်တာ ဖြစ်ပါတယ်။
အာဆီယံနဲ့ အာဆီယံ ဥက္ကဋ္ဌရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အခိုင်အမာထောက်ခံကြောင်း ဘုံသဘောတူညီချက် ၅ ချက်ကို ချက်ချင်း ထိထိရောက်ရောက်နဲ့ အပြည့်အဝအကောင်အထည်ဖော်ဖို့လည်း မြန်မာစစ်တပ်ကို တောင်းဆိုလိုက်ပါတယ်။
လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့နဲ့ မြန်မာပြည် အကျပ်အတည်းကို ငြိမ်းချမ်းစွာအဖြေရှာဖို့အရေး အာဆီယံရဲ့ ကြိုးပမ်း အားထုတ်မှုတွေကို ထောက်ခံတဲ့အကြောင်းနဲ့ မြန်မာပြည်သူတွေအပေါ်မှာလည်း အခိုင်အမာအားပေးထောက်ခံကြောင်း ထပ်လောင်းအတည်ပြုတယ်လို့ ၁၃ နိုင်ငံရဲ့ ပူးတွဲ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
PHOTO-UN