DVB Logo
Home
Lead Story
ယူအန်မှာရော Rule of law ရှိပါရဲ့လား
DVB
·
August 12, 2023
Donate to DVB

Rule of law နဲ့ ပတ်သက်တဲ့ ကြေညာချက်

“နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ လူ့အခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ဟူသည့် မဏ္ဏိုင်သုံးရပ်ကို အခြေခံကာ ၁၉၄၅ ခုနှစ်တွင် ကုလသမဂ္ဂကို တည်ထောင်ခဲ့ကြသည်။ နှစ်ပေါင်း ၇၀ ကြာပြီးနောက် ခေတ်သစ်လူ့အဖွဲ့အစည်း၏ ရှုပ်ထွေးသော နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ပြောင်းလဲမှုများက စိန်ခေါ်မှုများ၊ အခွင့်အလမ်းများကို ယူဆောင်လာခဲ့သည်။ ယင်းတို့ကို စုပေါင်းတုံ့ပြန်နိုင်ဖို့အတွက် Rule of law ၏ လမ်းညွှန်ဦးဆောင်မှုအတိုင်း သွားကြရမည် ဖြစ်သည်။ Rule of law ကသာလျှင် နိုင်ငံအချင်းချင်းကြား ချစ်ကြည်ရင်းနှီးပြီး တန်းတူညီမျှသော ဆက်ဆံရေးကို အုတ်မြစ်ချပေးမည်ဖြစ်သည်။ ထို့အပြင် Rule of law သည် မျှတသော လူ့အဖွဲ့အစည်းတိုင်း၏ အခြေခံအုတ်မြစ်တခုလည်း ဖြစ်ပေသည်။

Rule of Law ဆိုသည်မှာ အုပ်ချုပ်မှုဆိုင်ရာ စည်းမျဥ်းတခုဖြစ်ပြီး ထိုစည်းမျဥ်းအရ နိုင်ငံတော်များ အပါအဝင် မည်သည့်လူပုဂ္ဂိုလ်၊ အင်စတီကျူးရှင်း၊ အများဆိုင် (ဝါ) ပုဂ္ဂလိက အဖွဲ့အစည်းမဆို ဥပဒေများကို တာဝန်ခံ လိုက်နာရမည်ဖြစ်သည်။ ယင်းဥပဒေ ဆိုသည်မှာလည်း တရားဝင် လူသိရှင်ကြားထုတ်ပြန်ပြီး အားလုံးအပေါ်တွင် တန်းတူညီမျှ အရေးယူဆောင်ရွက်မှု ရှိရမည်သာမက လွတ်လပ်စွာ တရားစီရင်နိုင်ရမည် ဖြစ်ပါသည်။

ထိုမျှမက နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများနှင့်လည်း ကိုက်ညီမှုရှိရမည်ဖြစ်သည်ဟု ကျွန်ုပ်တို့အနေဖြင့် ရှုမြင်ခံယူမိပါသည်။ ဥပဒေကို လေးစားလိုက်နာမှု၊ ဥပဒေရှေ့မှောက် တန်းတူညီမျှမှု၊ ဥပဒေကို တာဝန်ခံမှု၊ ဥပဒေကို မျှတစွာ အသုံးချမှု၊ အာဏာခွဲဝေမှု၊ ဆုံးဖြတ်ချက်ချမှတ်ရာတွင် ပါဝင်ဆောင်ရွက်မှု၊ ဥပဒေအရ တိကျမှု၊ တဖက်သတ် ထင်တိုင်းကြဲမှုများကို ရှောင်ရှားမှု၊ လုပ်ထုံးလုပ်နည်းနှင့် ဥပဒေအရ ပွင့်လင်းမြင်သာမှု စသည်တို့ကို လုပ်ဆောင်နိုင်ဖို့ဆိုလျှင် စီမံဆောင်ရွက်ချက်များ ချမှတ်ထားရှိရပေမည်။

နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ နိုင်ငံရေးအရ တည်ငြိမ်မှုတို့ ဖြစ်ပေါ်ရန်၊ စီးပွားရေးနှင့် လူမှုရေးအရ ဖွံ့ဖြိုးတိုးတက်မှုတို့ ရရှိရန်၊ ပြည်သူလူထု၏ အခွင့်အရေးနှင့် အခြေခံ လွတ်လပ်မှုများကို ကာကွယ်ရန် စသည့်ရည်မှန်းချက်များအတွက် Rule of law သည် အဓိကကျပါသည်။ ထို့အပြင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ပြည်သူတို့ရရှိမှု၊ အကျင့်ပျက် ခြစားမှုများ တားမြစ်မှု၊ အာဏာအလွဲသုံးစားမှုများကို ဟန့်တားမှုများအတွက်လည်း အဓိကကျသလို ပြည်သူနှင့် နိုင်ငံတော်အကြား လူမှုပဋိညာဥ် ချုပ်ဆိုရာတွင်လည်း Rule of law သည် မရှိမဖြစ် လိုအပ်ပါသည်။

Rule of law ကို အားကောင်းအောင် လုပ်ဆောင်ခြင်းဆိုရာတွင် နိုင်ငံတကာဥပဒေ၏ စံနှုန်းများကို လေးစားခြင်းသည်လည်း အပါအဝင်ဖြစ်သည်။ နိုင်ငံတကာဥပဒေ စံနှုန်းများ ဆိုရာတွင် အင်အားအသုံးပြုခြင်းမှသည် စစ်ရာဇဝတ်မှုများ၊ လူမျိုးရေး သန့်စင်မှုများ၊ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သည့် ပြစ်မှုများ၊ ဂျီနိုဆိုက်များ မဖြစ်ရလေအောင် ပြည်သူကို ကာကွယ်ရမည်ဆိုသည့် နိုင်ငံများ၏ အခြေခံတာဝန်များအထိ ပါဝင်သည်။ Rule of law သည် လူသားချင်းစာနာမှုဆိုင်ရာ၊ လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းစဥ်များအတွက် အဓိကကျသော အခြင်းအရာတရပ်လည်း ဖြစ်၏။ ထို့အပြင် ရွှေ့ပြောင်းနေထိုင်မှု၊ နိုင်ငံမဲ့မှုများကို နားလည်နိုင်စေရန်၊ ဖြေရှင်းနိုင်စေရန် အရေးကြီးသလို လူသားချင်း စာနာမှုဆိုင်ရာ အကာအကွယ်ပေးသော အုပ်ချုပ်မှုများအတွက် အခြေခံတခုလည်း ဖြစ်ပါသည်။”

ဒါတွေကတော့ ယူအန် လို့ခေါ်တဲ့ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ Rule of law ဆိုင်ရာ ကြေညာချက် မူသဘောထားတွေ ဖြစ်ပါတယ်။ တနည်းဆိုရရင် Rule of law ကို ယူအန်အနေနဲ့ ဘယ်လိုသတ်မှတ် လက်ခံထားသလဲ ဆိုတာကို ဖော်ပြထားတာပဲ ဖြစ်ပါတယ်။ အဓိကအချက်ကတော့ ကုလသမဂ္ဂဟာ Rule of Law အရ နိုင်ငံတော်အပါအဝင် ဘယ် လူပုဂ္ဂိုလ်၊ ဘယ် အင်စတီကျူးရှင်း၊ အများဆိုင် (ဝါ) ပုဂ္ဂလိက အဖွဲ့အစည်းမဆို ဥပဒေတွေကို တာဝန်ခံ လိုက်နာရမယ်လို့ ကြေညာလိုက်တာဖြစ်ပါတယ်။ ဒါတင်မကသေးဘူး၊ ဥပဒေဆိုရာမှာလည်း ဘယ်လိုဥပ‌ဒေဖြစ်ရမယ့် အကြောင်းကို ထပ်ရှင်းပြထားပါသေးတယ်။ ဥပဒေဆိုတာ တရားဝင် လူသိရှင်ကြားထုတ်ပြန်ပြီး အားလုံးအပေါ်တွင် တန်းတူညီမျှ အရေးယူ ဆောင်ရွက်မှု ရှိရပါမယ်တဲ့။ လွတ်လပ်စွာ တရားစီရင်နိုင်ရပါမယ်တဲ့။

အဲ့ဒါအပြင် နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများနှင့်လည်း ကိုက်ညီမှု ရှိရပါမယ်တဲ့။

စာချုပ်စာတမ်း သို့မဟုတ် နိုင်ငံတကာဥပဒေ

နိုင်ငံတကာတရားရုံးဥပဒေရဲ့ အပိုဒ် ၃၈ မှာ နိုင်ငံတကာ ဥပဒေအရင်းအမြစ်တွေနဲ့ ပတ်သက်လို့ အခုလို ဖော်ပြထားပါတယ်။

က။ နိုင်ငံအချင်းချင်းကြား ချုပ်ဆိုတဲ့စာချုပ်

ခ။ နိုင်ငံတွေရဲ့ လက်တွေ့ကျင့်သုံးမှုကနေ ထွက်ပေါ်လာတဲ့ နိုင်ငံတကာဓလေ့ထုံးတမ်းဥပဒေ

ဂ။ ယဥ်ကျေးတဲ့ နိုင်ငံတွေကနေ အသိအမှတ်ပြုထားတဲ့ ယေဘုယျစည်းမျဥ်းတွေ

ဃ။ တရားစီရင်ရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေ

င။ နိုင်ငံတကာ ဥပဒေပညာရှင်တွေရဲ့ ရှင်းထားချက်တွေပဲ ဖြစ်ပါတယ်။

ဒီအပိုဒ်အရပဲ နိုင်ငံတကာစာချုပ်တွေဟာ ဥပဒေအရင်းအမြစ်ဖြစ်ကြောင်း ထင်ရှားသွားပါတယ်။

ပိုပြီး တိတိကျကျဆိုရရင် ကမ္ဘာ့နိုင်ငံအသီးသီးက တညီတညွတ်တည်း အတည်ပြု ပြဋ္ဌာန်းခဲ့တဲ့ စာချုပ်တွေဟာ နိုင်ငံတကာဥပဒေ ဖြစ်ပါတယ်။ ဒါဆိုရင် ၁၉၉၈ ခုနှစ်၊ ဇူလိုင် ၁၇ ရက်က အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး ၂၀၀၂ ခုနှစ် ဇူလိုက် ၁ ရက်မှာ အာဏာသက်ရောက်မှုရှိလာတဲ့ ရောမသဘောတူစာချုပ် (Rome Statute) ကလည်း နိုင်ငံတကာဥပဒေ ဖြစ်ပါတယ်။ ၁၉၄၈ ဒီဇင်ဘာ ၉ ရက်နေ့ အထွေထွေညီလာခံကနေ အတည်ပြုချမှတ်လိုက်ပြီး ၁၉၅၁ ဇန်နဝါရီ ၁၂ မှာ အာဏာသက်ရောက်မှုရှိလာတဲ့ ဂျီနိုဆိုက်ပြစ်မှုနဲ့ ပတ်သက်ပြီး အရေးယူခြင်း၊ တားဆီးခြင်းဆိုင်ရာ သဘောတူစာချုပ် (ဝါ) ဂျီနိုဆိုက်စာချုပ် (the convention on the prevention and punishment of the crime of Genocide) ဟာလည်း နိုင်ငံတကာဥပဒေပဲ ဖြစ်ပါတယ်။ ထိုနည်းလည်းကောင်း ဂျီနီဗာသဘောတူစာချုပ်တွေဟာလည်း နိုင်ငံတကာဥပဒေတွေ မဟုတ်ပါလား။

နိုင်ငံတကာ ပြစ်မှုပြဋ္ဌာန်းချက်များ

ရောမသဘောတူစာချုပ်မှာဆိုရင် ဂျီနိုဆိုက်ပြစ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်ကျူးလွန်တဲ့ ပြစ်မှုတွေ စတဲ့ နိုင်ငံတကာ ပြစ်မှုတွေကို ဖော်ပြထားပါတယ်။ အဲ့ဒီ ရောမသဘောတူစာချုပ်ရဲ့ အပိုဒ် ၇ မှာ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်ကျူးလွန်တဲ့ ပြစ်မှုတွေကို ဖော်ပြထားပါတယ်။ ဘာတွေလဲဆိုရင်…

က။ သတ်ဖြတ်ခြင်း

ခ။ အမြစ်ဖြတ် သုတ်သင်ခြင်း

ဂ။ ကျွန်ပြုခြင်း

ဃ။ အတင်းအကျပ် ရပ်ရွာစွန့်ခွာ နေရာရွှေ့ပြောင်းစေခြင်း

င။ နိုင်ငံတကာဥပဒေ၏ အခြေခံစည်းမျဥ်းများကို ချိုးဖောက်၍ ဖမ်းဆီးချုပ်နှောင်ခြင်း အခြားသော ပြင်းထန်သည့် ရုပ်ပိုင်းဆိုင်ရာ လွတ်လပ်မှုကို တားဆီးပိတ်ပင်ခြင်း။

စ။ ညှဥ်းပန်းနှိပ်စက်ခြင်း

ဆ။ လိင်ပိုင်းဆိုင်ရာ အနိုင်အထက်ပြုခြင်း

ဇ။ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး၊ ကျား/မ စသည့် အစုအဖွဲ့များ၏ အခြေခံ အခွင့်အရေးများကို ရည်ရွယ်ချက်ရှိရှိ ပိတ်ပင်ဖိနှိပ်ခြင်း

ဈ။ လူများကို အတင်းအကျပ် ဖျောက်ဖျက်ခြင်း

ည။ ခွဲခြားဆက်ဆံမှုကို အခြေခံသည့်ပြစ်မှု

ဋ။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြင်းပြင်းထန်ထန် နာကျင်ထိခိုက်စေရန်အလို့ငှာ ရည်ရွယ်ချက်ရှိရှိ လူမဆန်စွာ ပြုလုပ်ခြင်း တို့ပဲဖြစ်ပါတယ်။

စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သတ်ရင် အဲ့ဒီ ရောမသ‌ဘောတူစာချုပ်ရဲ့ အပိုဒ် ၈ မှာပဲ ပြဋ္ဌာန်းထားပါတယ်။ အချက်အလက်တွေ များပြားတာမို့ ဒီနေရာမှာ အကုန်အစင်ဖော်ပြဖို့ မလွယ်ကူပါဘူး။ အဓိကအာဖြင့် စစ်ဖြစ်ပွားချိန်မှာ အရပ်သားပြည်သူ‌တွေ၊ စစ်သုံ့ပန်းတွေကို ညှဉ်းပန်းနှိပ်စက်တာ၊ သတ်ဖြတ်တာ၊ မုဒိမ်းကျင့်တာ၊ အတင်းအကျပ်နဲ့ လိင်ကျွန်ပြုတာ၊ ရည်ရွယ်ချက်ရှိရှိ အရပ်သားတွေအပေါ် သတ်ဖြတ်တာ၊ ဘာသာရေး၊ ကျန်းမာ‌ရေး၊ ပညာရေး၊ အနုပညာ၊ သိပ္ပံ၊ ပရဟိတနဲ့ သမိုင်းဝင်အဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာ၊ လုယက်ဖျက်ဆီးတာ၊ လိင်အကြမ်းဖက်တာ၊ အသက် ၁၅ နှစ်အောက် ကလေးတွေကို လက်နက်ကိုင်အဖွဲ့ထဲ စာရင်းသွင်းတာ၊ အဲ့ကလေးတွေကို တိုက်ပွဲတွေမှာ ပါဝင်စေတာ၊ ခုခံကာကွယ်နိုင်စွမ်းလည်းမရှိ၊ စစ်ရေးရည်ရွယ်ချက်လည်း မဟုတ်တဲ့ ရွာတွေ၊ မြို့တွေ၊ လူနေအိမ်ခြေတွေ၊ အဆောက်အဦတွေကို တိုက်ခိုက်တာ၊ ဗုံးကြဲတာ။ အရပ်သားပြည်သူတွေကို တိုက်ခိုက်တာ၊ အဆိပ်ငွေ့ (ဝါ) အဆိပ်လက်နက်တွေသုံးတာ စတဲ့ ပြစ်မှုတွေ ပါဝင်ပါတယ်။

ဂျီနိုဆိုက်ပြစ်မှုတွေနဲ့ ပတ်သက်ရင်လည်း ရောမသဘောတူစာချုပ်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဂျီနိုဆိုက် သဘောတူစာချုပ်ကဟာကိုပဲ ဖော်ပြလိုက်ပါတယ်။ ဂျီနိုဆိုက် သဘောတူစာချုပ်ရဲ့ အပိုဒ် ၂၊ Genocide အခုလို အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။

“ယခု ဂျီနိုဆိုက် စာချုပ်အရ ဂျီနိုဆိုက် ဆိုသည်မှာ- နိုင်ငံသား၊ မျိုးနွယ်၊ လူမျိုး၊ ဘာသာရေး အုပ်စုများကို တစိတ်တပိုင်းဖြစ်စေ၊ အလုံးစုံဖြစ်စေ ပျက်စီးစေရန် ရည်ရွယ်ချက်နှင့် ကျူးလွန်သော အောက်ပါပြုလုပ်မှုများထဲက တခုခုကို ဆိုလိုသည်။

က။ အုပ်စုဝင်များကို သတ်ဖြတ်ခြင်း

ခ။ အုပ်စုဝင်များ၏ စိတ်ပိုင်း (သို့မဟုတ်) ရုပ်ပိုင်းဆိုင်ရာကို ပြင်းပြင်းထန်ထန် ထိခိုက်စေခြင်း

ဂ။ တစိတ်တပိုင်းဖြစ်စေ၊ အလုံးစုံဖြစ်စေ ရုပ်ပိုင်းဆိုင်ရာ ဖျက်ဆီးမှုများ ဖြစ်ပေါ်စေကာ အုပ်စုများ၏ ဘဝအခြေအနေများအပေါ် ရည်ရွယ်ချက်ရှိရှိ ထိခိုက်စေခြင်း

ဃ။ အုပ်စုအတွင်း ကလေးမွေးဖွားမှုများကို တားမြစ်ရန် ရည်ရွယ်သည့် အစီအမံများ ချမှတ်ခြင်း

င။ အုပ်စုဝင်ကလေးများအား အခြားအုပ်စုတခုသို့ အတင်းအကျပ် ရွှေ့ပြောင်းစေခြင်း ဆိုပြီး ဂျီနိုဆိုက် ဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုကာ သတ်မှတ်ထားပါတယ်။

ဒါတွေကတော့ နိုင်ငံတကာ စာချုပ် (ဝါ) နိုင်ငံတကာ ဥပဒေ တချို့က ပြဋ္ဌာန်းထားတဲ့ ပြစ်မှုမြောက်တဲ့ ပြဋ္ဌာန်းချက်တွေ ဖြစ်ပါတယ်။ တနည်းအားဖြင့် ဒါတွေကို ပြုလုပ်ရင် ပြစ်ဒဏ်ထိုက်သင့်ပြီး အရေးယူခံရမယ်ဆိုတာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ နိုင်ငံတကာ စာချုပ်

အထက်ဖော်ပြပါ စာချုပ်တွေနဲ့ ပတ်သက်ရင် မြန်မာနိုင်ငံဟာ တချို့စာချုပ်တွေကိုတော့ အတည်ပြု လက်မှတ်ရေးထိုးထားပြီး တချို့ကိုတော့ လက်မှတ်ရေးထိုးထားခြင်း မရှိပါဘူး။ ပထမဦးဆုံးအနေနဲ့ ဂျီနိုဆိုက်စာချုပ်ကို ကြည့်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံဟာ ဂျီနိုဆိုက်စာချုပ်အဖွဲ့ဝင် တနိုင်ငံ ဖြစ်ပါတယ်။ ၁၉၄၉ ဒီဇင်ဘာ ၃၀ မှာ sign လို့ ခေါ်တဲ့ လက်မှတ်ရေးထိုးရုံ ထိုးထားပြီး ၁၉၅၆ မတ်လ ၁၄ မှာတော့ ratify လို့ခေါ်တဲ့ စာချုပ်ပါ အချက်အလက်တွေကို လိုက်နာပါမယ်ဆိုပြီး အတည်ပြု လက်မှတ်‌ရေးထိုးတာမျိုး လုပ်ခဲ့ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံဟာ ဂျီနိုဆိုက်စာချုပ်ကို မချိုးဖောက်ရပါဘူး။ လိုက်နာရန် တာဝန်ရှိပါတယ်။ ချိုးဖောက်ပါက နိုင်ငံတကာရဲ့ အရေးယူခြင်းကို ခံရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ရောမသဘောတူစာချုပ်မှာတော့ မြန်မာဟာ စာချုပ်အဖွဲ့ဝင်နိုင်ငံတနိုင်ငံ မဟုတ်ပါဘူး။ တနည်းဆိုရရင် မြန်မာနိုင်ငံဟာ ရောမသဘောတူစာချုပ်ပါ ပြဋ္ဌာန်းချက်တွေကို လိုက်နာစရာ မလိုပါဘူး။ မလိုက်နာတဲ့အတွက်လည်း အရေးယူခံရဖို့ မရှိပါဘူး။ (လက်ရှိဆောင်းပါးဟာ international treaty အရ ချဉ်းကပ်ထားတာကြောင့်မို့ပါ။ တကယ်တော့ နိုင်ငံတကာ ဓလေ့ထုံးတမ်းဥပဒေ၊ ယေဘုယျစည်းမျဉ်းတွေအရဆိုရင် လိုက်နာရမှာဖြစ်ပါတယ်။ စကားချပ်) ဒါကြောင့် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) အနေနဲ့ မြန်မာနိုင်ငံအပေါ် တရားစီရင်ခွင့် မရှိပါဘူး။ ဒါပေမဲ့ အဲ့ဒီစာချုပ်အရ တခြားသောနည်းလမ်းနဲ့ တရားစီရင်မယ်ဆိုရင် စီရင်လို့ရပါတယ်။‌ ရောမသဘောတူစာချုပ်ရဲ့ အပိုဒ် ၁၃ အရ အဲ့ဒီပြစ်မှုနဲ့ ပတ်သက်ပြီး စုံစမ်းထောက်လှမ်းဖို့ နိုင်ငံတကာ ရာဇဝတ်တရားရုံးရဲ့ တရားစွဲအရာရှိကို လုံခြုံရေးကောင်စီကနေ လွှဲအပ်ပေးခွင့်ရှိပါတယ်။ ဂျီနီဗာကွန်ဗင်းရှင်းတွေမှာလည်း မြန်မာနိုင်ငံဟာ အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ၁၉၉၂ ဩဂုတ်လ ၂၅ မှာ အသီးသီး အတည်ပြု လက်မှတ်ရေးထိုးခဲ့ဝာာ ဖြစ်ပါတယ်။ ပြီးတော့ က‌လေးသူငယ်အခွင့်အရေး သဘောတူစာချုပ် (CRC) ကိုလည်း ၁၉၉၁ ဇူလိုင် ၁၅ မှာ နောက်မှ လက်မှတ်ရေးထိုး အတည်ပြု (Accession) ခြင်းနဲ့ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ဒါတွေကြောင့် မြန်မာနိုင်ငံဟာ ဒီစာချုပ်တွေ (ဝါ) ဒီနိုင်ငံတကာဥပဒေတွေကို လိုက်နာဖို့ တာဝန်ရှိပါတယ်။

စစ်အုပ်စုရဲ့ လုပ်ဆောင်ချက်နဲ့ နိုင်ငံတကာတုံ့ပြန်မှု

လက်ရှိ မြန်မာပြည်တဝန်းမှာ မြန်မာစစ်တပ်ဟာ လက်နက်မျိုးစုံသုံး၊ နည်းမျိုးစုံသုံးကာ ပြည်သူလူထုအပေါ် အကြမ်းဖက် နှိပ်စက်နေပါတယ်။ စစ်ကိုင်းတိုင်းက ပဇီကြီးကျေးရွာမှာ ဗုံးကြဲတိုက်ခိုက်သလို ကချင်ပြည်နယ်က အနန့်ပါမှာလည်း အစုအပြုံလိုက် ဗုံးကြဲသတ်ခဲ့ပါတယ်။ ဒီလိုပဲ စစ်ကိုင်းတိုင်းက မုန်တိုင်ပင်ရွာ၊ ကယားပြည်နယ်က ဖရူဆိုဒေသတွေမှာလည်း သာမန်အရပ်သား ပြည်သူတွေကို အစုအပြုံလိုက် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပါတယ်။ ချင်းပြည်နယ်က ခရစ်ယန်ဘုရားကျောင်းတွေကို မီးရှို့ဖျက်ဆီးခဲ့သလို စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကယားပြည်နယ်က စစ်ရှောင်စခန်းတွေကို ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ထုတာတွေ လုပ်ပါတယ်။ ကလေးငယ်တွေနဲ့ ပတ်သက်ရင်လည်း လက်ယက်ကုန်းဖြစ်စဉ်ကလို ရဟတ်ယာဉ်နဲ့ ရက်ရက်စက်စက် ပစ်သတ်တာကနေ မိဘတွေကို မတွေ့လို့ မူကြိုရောက်နေတဲ့ ကလေးကို လာရောက်ဖမ်းဆီးတဲ့အထိ ရှိခဲ့ပါတယ်။ ဒါတွေကို နိုင်ငံတကာ‌အနေနဲ့ ကိုယ်တွေ့အရ၊ သတင်းမီဒီယာ၊ မှတ်တမ်းဓာတ်ပုံတွေအရ သိရှိကြပြီး ဖြစ်ပါတယ်။ ဒါတင်မက ကုလသမဂ္ဂအဖွဲ့အစည်းက ခန့်အပ်တာဝန်ပေးထားတဲ့ အထူးကိုယ်စားလှယ်တွေကတဆင့် အချက်အလက်ပေါင်း‌များစွာ၊ သက်သေစကားပေါင်း များစွာနဲ့ တင်ပြကြပါတယ်။

လက်ရှိ မြန်မာပြည်မှာ စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ နိုင်ငံတကာစာချုပ်တွေကို ချိုးဖောက်နေတာ ဖြစ်ပါတယ်။ နိုင်ငံတကာ ဥပဒေကို မထီမဲ့မြင်ပြုနေတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ Rule of Law အရဆိုရင် စစ်အုပ်စုဟာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို မလိုက်နာပါဘူး။ ဒီလို မလိုက်နာတဲ့အတွက် ကုလသမဂ္ဂဟာ စစ်အုပ်စုကို အရေးယူရပါမယ်။ အရေးယူဖို့လည်း တာဝန်ရှိပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ကုလသမဂ္ဂဟာ ဘာတခုမှ အရေးယူဆောင်ရွင်ခြင်း မရှိပါဘူး။ ကြေညာချက်ထုတ်ရုံလောက်သာ ပြီးနေပါတယ်။ တံခါးပိတ်အစည်းအဝေး၊ တံခါးဖွင့်တွေနဲ့သာ အချိန်ကုန်နေပါတယ်။ ဒါကို ကုလသမဂ္ဂက ခန့်အပ်ထားတဲ့ မြန်မာဆိုင်ရာ ကိုယ်စားလှယ်တွေကိုယ်တိုင် ဝန်ခံထားပြီး၊ သိထားပြီး ဖြစ်ပါတယ်။ ပဇီကြီးဖြစ်စဥ် ပေါ်ပေါက်တယ်။ အရပ်သားပြည်သူ ၁,၆၀၀ ကျော် သတ်ခံရတယ်။ အရေးယူဖို့ တိုက်တွန်းတယ်။ တံခါးပိတ် တံခါးဖွင့် လုပ်တယ်။ ကြေညာချက်ထုတ်တယ်။ ရှုတ်ချပါတယ် ပြောတယ်။ လက်ယက်ကုန်း ဖြစ်တယ်။ ကလေးသူငယ်တွေ ဆယ်ဂဏန်းထက်မနည်း သေဆုံးတယ်။ အရေးယူဖို့ တောင်းဆိုတယ်။ တံခါးပိတ် တံခါးဖွင့် လုပ်တယ်။ ကြေညာချက်ထုတ်တယ်။ စိုးရိမ်ပါတယ်ပြောတယ်။ ဒီလိုနဲ့ ၂ နှစ်ခွဲ ၃ နှစ်နီးပါး ရောက်လာတယ်။ ပြစ်ဒဏ်က လွတ်ကင်းပြီး အရေးယူမခံရတဲ့ စစ်အုပ်စုရဲ့ လက်ချက်ကြောင့် အပြစ်မဲ့ပြည်သူ ၃,၈၀၀ ကျော် ၄,၀၀၀ နား ရောက်သွားပြီ။ မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်ခြေဟာ ၆၀,၀၀၀ ကျော်ရှိသွားပြီ။ စစ်ဘေးဒုက္ခသည်ပေါင်း ၁.၅ သန်း ရှိလာပြီ။ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၄,၀၀၀ နီးပါး ရှိလာပြီ။ ယနေ့တိုင် ယခုတိုင် ကုလဟာ ဘာမှမတတ်နိုင်။ ဗီတိုအာဏာသုံးပြီး ဖယ်ရှား ပယ်ချတဲ့ တရုတ်နဲ့ ရုရှားကို ကျော်ပြီး ဘာမှမလုပ်နိုင်၊ မလုပ်တတ်၊ လုပ်ချင်စိတ်လည်း ရှိဟန်မတူ။

နိုင်ငံတကာ ဥပဒေတွေ ရှိပါလျက်၊ သက်သေထင်ရှား အမြောက်အမြား ရှိနေပါလျက် ယနေ့တိုင် ထိရောက်တဲ့ အရေးယူမှု မရှိဘူးဆိုတော့ ကုလကိုလည်း မေးခွန်းထုတ်ရပါတော့မယ်။

ကုလသမဂ္ဂမှာ Rule of Law ရှိပါ၏လော။

ကုလသမဂ္ဂဟာ သတ်မှတ်ထားတဲ့ Rule of law ကိုပင် လိုက်နာပါ၏လော။

နိုင်ငံတကာ ဥပဒေအထက်တွင် တရုတ်နဲ့ ရုရှား ရှိနေပါ၏လော။

သပြေညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013