Home
ဆောင်းပါး
တရားဥပဒေနဲ့အညီ အုပ်ချုပ်ခြင်း (Rule Of Law)
DVB
·
July 21, 2023

“ဥပဒေ မရှိတော့တာနဲ့ အနိုင်ကျင့်နှိပ်စက်တာ‌တွေ ပေါ်ပေါက်လာပါလိမ့်မယ်”လို့ အတွေးအခေါ်ရှင် ဂျွန်လော့ခ်က သူ့ရဲ့ second treatise of government မှာ ပြောခဲ့ဖူးပါတယ်။ သူ့အမြင်အရ သဘာဝအခြေအနေတရပ်မှာဆိုရင် လူ့အဖွဲ့အစည်းအတွင်း အမိန့်တွေ၊ အာဏာတွေ သတ်မှတ်ပြဋ္ဌာန်းမယ့်သူ မရှိပါဘူး။ ဒါကြောင့် လူ့အဖွဲ့ဝင်အားလုံးဟာလည်း သူတို့ကြိုက်ရာ၊ သူတို့လုပ်ချင်ရာကို လုပ်နိုင်ကြတယ်။ ဒါဟာ အစပိုင်းတော့ နှစ်သက်စရာ ကောင်းတာပေါ့။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ အဲ့အခြေအနေဟာ အဓိကရုဏ်းတွေ၊ ပရမ်းပတာဖြစ်မှု‌တွေ စတဲ့ မင်းမဲ့စရိုက်ဆီကို ဦးတည်သွားပါတော့တယ်တဲ့။ ကိုယ်လုပ်ချင်တာ လုပ်ကြမယ်ဆိုတဲ့ စောစောက လူ့အဖွဲ့အစည်းဝင်တွေဟာလည်း တဖြည်းဖြည်းနဲ့ အဲ့ဒီ ပရမ်းပတာဖြစ်နေတဲ့ အခြေအနေကြီးကို ပင်ပန်း‌ ငြီးငွေ့လာကြတယ်။ အဲဒီမှာ ပရမ်းပတာ အခြေအနေကြီးကို အစီအစဉ်တကျ (တည်ငြိမ်မှုရှိလာအောင်) လုပ်ပေးနိုင်မယ့်သူကို ရှာဖွေလာကြတယ်။ အဲ့ဒီလို အာဏာကို ရလာတဲ့သူဟာလည်း သူ အာဏာရလာပြီးတဲ့နောက် အာဏာကိုစွန့်ဖို့ ခဲယဉ်းသွားတတ်တယ်။ ဒါကြောင့် လူ့အဖွဲ့အစည်းအတွင်း တကယ့်စစ်မှန်တဲ့ လွတ်မြောက်မှုကို ရဖို့ဆိုရင် အစိုးရတရပ် ရှိရမယ်။ ပြီးတော့ အဲ့ဒီအစိုးရဟာလည်း ပုဂ္ဂိုလ်စွဲအရမဟုတ်ဘဲ ဥပဒေအရ တည်ထောင်ထားတဲ့ အဖွဲ့အစည်း ဖြစ်ရမှာပါတဲ့။

လော့ခ်ရဲ့အမြင်ဟာ အဆိုးမြင်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာ လက်တွေ့ကျပါတယ်။ သမိုင်းတလျှောက် ဥပဒေမရှိတဲ့အတွက်ကြောင့် မင်းဆိုးမင်းညစ်တွေ ပေါ်ထွက်လာတဲ့အကြောင်းကို ကျနော်တို့တွေ တွေ့မြင်ခဲ့ကြရပြီး ဖြစ်ပါတယ်။ ဥပဒေရှိပါတယ်ဆိုတဲ့ လူ့အဖွဲ့အစည်းတွေမှာတောင် ပြည်သူတွေကို နိုင်ထက်ကလူပြုပြီး ပြစ်ဒဏ်က ကင်းလွတ်ခွင့်ရတဲ့ အုပ်ချုပ်သူအဖွဲ့အစည်းတွေ ပေါ်ပေါက်လာတတ်သေးတာပဲ မဟုတ်ပါလား။

ဒါတွေကြောင့် Rule Of Law ဟာ ဘယ်လောက်အရေးကြီးကြောင်း၊ ဘယ်လောက်အထိ ခိုင်မာအားကောင်းဖို့လိုကြောင်း ထင်ရှားလာပါတယ်။ တပြိုင်နက်တည်းမှာ Rule Of Law ဆိုတာ ဘာလဲနဲ့ Rule Of Law မှာ ဘယ်လိုအရာတွေ ပါဝင်လဲဆိုတာကို အခြေခံသဘော သိထားဖို့ လိုပါလိမ့်မယ်။

Rule Of Law ဆိုတာ ဘာလဲ

Rule Of Law ကို တရားဥပဒေစိုးမိုးရေးလို့လည်း ဘာသာပြန်ကြပါတယ်။ Rule Of Law ဆိုတာ လူ့အဖွဲ့အစည်းမှာ တည်ငြိမ်မှု၊ တရားမျှတမှုနဲ့ တန်းတူမှုတွေရအောင် လုပ်ဆောင်ပေးတဲ့ စည်းမျဉ်းအစုအဝေး ဖြစ်ပါတယ်။ Rule Of Law အရ ဘယ်သူကမှ ဥပဒေအထက်မှာမရှိဘဲ ဥပဒေကိုပြဋ္ဌာန်းတဲ့သူတွေ၊ ဥပဒေကိုကိုင်စွဲပြီး အဆုံးအဖြတ်ပေးရတဲ့သူတွေ အပါအဝင် အားလုံးဟာ ဥပဒေကို အပြည့်အဝ လေးစားလိုက်နာကြရပါတယ်။ တနည်းဆိုရရင် ဥပဒေကသာ လူ့အဖွဲ့အစည်းတရပ် (ဝါ) နိုင်ငံတနိုင်ငံမှာ အမြင့်ဆုံးခေါင်ချုပ် ဖြစ်ပါတယ်။

Rule Of Law မှာ ဘယ်အချက်တွေ ပါဝင်သလဲ

တကျောင်းတဂါထာ၊ တရွာတပုဒ်ဆန်း ဆိုသလို Rule Of Law နဲ့ပတ်သက်ရင် အယူအဆ အမျိုးမျိုး ရှိကြပါတယ်။ ဒီအထဲကမှ ယေဘုယျကျတဲ့ အချက်တွေကို ကောက်နုတ် ဖော်ပြချင်ပါတယ်။

ဥပဒေရှေ့မှောက် တန်းတူညီခွင့်

အထက်မှာဆိုခဲ့သလိုပဲ Rule Of Law အရ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူတွေ၊ ဥပဒေပြုသူတွေ၊ တရားရေးဝန်ထမ်းတွေကအစ ပြည်သူတွေအထိ ဥပဒေကို အတိအလင်း လေးစားလိုက်နာကြရပါတယ်။ ဘယ်သူ့ကိုမှ အခွင့်ထူးခံခွင့် မပေးထားသလို ဥပဒေအရ ကာကွယ်မှုဟာ အားလုံးအတွက် တန်းတူပဲဖြစ်ပါတယ်။ ငါက ကာချုပ်မို့လို့၊ ခရိုနီမို့လို့၊ စစ်တပ်အသိုင်းအဝိုင်းကမို့လို့ဆိုပြီး လွတ်ငြိမ်းခွင့်မရှိပါ။ စိတ်ကြိုက်ကြိုးကိုင်ခွင့် မရှိပါ။ စစ်မျိုးစစ်နွယ်တွေအတွက်ကျ ဥပဒေကတမျိုး၊ သာမန် အရပ်သားပြည်သူတွေအတွက်ကျ တမျိုး လုပ်ခွင့်မရှိပါ။ ပြောရရင် အာဏာကို အလုံးစုံချုပ်ကိုင်တဲ့ အာဏာရှင်စနစ်၊ ပဒေသရာဇ်စနစ်တွေမှာတော့ “အုပ်ချုပ်သူဟာဥပဒေ = Rex is Lex = Ruler is law” ဖြစ်ပါတယ်။ Rule Of Law ကို ကျင့်သုံးတဲ့နိုင်ငံတွေမှာတော့ Law is Ruler = ဥပဒေသာ အုပ်ချုပ်သူ = Lex is Rex = Law is Ruler ဖြစ်ပါတယ်။ ဥပဒေအထက်မှာ ဘယ်သူမှမရှိကြပါ။ Thomas Fuller စကားအတိုင်းပြောရရင် “မင်းဘာသာမင်း ကြိုက်သလောက်မြင့်၊ မင်းအထက်မှာ ဥပဒေရှိတယ်” ဆိုတဲ့ သဘောပဲဖြစ်ပါတယ်။

ရှင်းလင်းပြတ်သားပြီး လူတိုင်းလက်လှမ်းမီတဲ့ ဥပဒေ

Rule Of Law အလုပ်ဖြစ်ဖို့ လူတိုင်းဟာ ဘယ်အပြုအမူတွေက တရားတယ်၊ မတရားတယ်၊ ဥပဒေနဲ့ညီတယ်၊ မညီဘူး ဆိုတာ သိရှိထားကြရပါမယ်။ ဒီလိုသိရှိနိုင်ဖို့အတွက်လည်း ဥပဒေကို ရှင်းရှင်းလင်းလင်းနဲ့ နားလည်ရလွယ်ကူအောင် ရေးသားရပါမယ်။ ဒါမှသာ လူတိုင်းဟာ သူတို့ဘာလုပ်ရင် ဘာဖြစ်နိုင်မလဲ ဆိုတာကို မှန်းဆနိုင်မှာဖြစ်ပါတယ်။ ဘာလုပ်ရင် ဘာဥပဒေအရ ငြိစွန်းတယ်ဆိုတာကို သိရှိကြမှာ ဖြစ်ပါတယ်။ ဒီအချက်ကို ယူကေနိုင်ငံက ထင်ရှားတဲ့ တရားသူကြီး လော့ဒ်ဘင်ဂန်က ၂၀၀၆ ခုနစ် နိုဝင်ဘာလ ၁၆ ရက် အထက်လွှတ်တော်မှာ Rule Of Law အကြောင်း ပို့ချရင်း ပြောခဲ့ပါတယ်။ ဉပဒေကို အတတ်နိုင်ဆုံး လူတိုင်းလက်လှမ်းမီရပါမယ်။ ရှင်းလင်းနားလည်ရပါမယ်။ ပြီးတော့ ခန့်မှန်းလို့ရရပါမယ် ဆိုပြီး Rule Of Law နဲ့ ပတ်သက်တဲ့ စည်းမျဉ်းရှစ်ချက်ထဲမှာ ထည့်ပြောကြားသွားပါတယ်။

လွတ်လပ်တဲ့တရားစီရင်ရေး

Rule Of Law ထိရောက်ဖို့ဆိုရင် မျှတပြီး ဘက်မလိုက်တဲ့ တရားစီရင်ရေးစနစ် ရှိရပါမယ်။ ဒါဟာ ဥပဒေကို အနက်ဖွင့်ဖို့၊ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ဖို့အတွက် ဖြစ်တယ်။ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာတို့ရဲ့ ဝင်ရောက်စွက်ဖက်မှုကို မခံရတဲ့ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ် ရှိဖို့ လိုအပ်ပါတယ်။ ပြဋ္ဌာန်းဥပဒေနဲ့ ငြိစွန်းခြင်းမရှိပေမဲ့ အထက်ကအမိန့်ကြောင့်၊ စစ်ဗိုလ်ချုပ်တွေက ဖိအားပေးတာကြောင့် ထောင်ချလိုက်ရတာမျိုးတွေ။ ထိုနည်းလည်းကောင်း အပြစ်ရှိတာ ထင်ရှားနေပါလျက် အထက်ကခြိမ်းခြောက်လို့ လွှတ်ပေးလိုက်ရတာမျိုးတွေ စတဲ့ ဖြစ်ချင်တိုင်းဖြစ်၊ ပျက်ချင်တိုင်းပျက်နေတဲ့ ရုပ်သေးတရားရေးအဖွဲ့တွေ မရှိရပါဘူး။ ဒါဟာ Rule Of Law ကို ဖောက်ဖျက်တဲ့၊ သွေဖည်တဲ့ လုပ်ရပ်တွေပဲ ဖြစ်ပါတယ်။ လွတ်လပ်တဲ့ တရားစီရင်ရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တရားစီရင်ရေးဟာ အားကောင်းဖို့လိုပြီး နိုင်ငံရေးအရ ဝင်စွက်ဖက်မှုတွေကနေ ကင်းလွတ်ဖို့လိုကြောင်း အလျဉ်းသင့်သလို ပြောကြားဖူးပါတယ်။

ဥပဒေအရ အရေးယူဆောင်ရွက်တဲ့နေရာမှာ တန်းတူညီမျှရှိမှု

ဥပဒေအရ အရေးယူဆောင်ရွက်တဲ့နေရာမှာ ဘယ်သူ့ကိုမဆို တပြေးညီတည်း ပြစ်ဒဏ်ချမှတ်ရမှာ ဖြစ်ပါတယ်။ ခြွင်းချက်မရှိ အရေးယူဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်တာချင်း အတူတူ တချို့ကတော့ ကင်းလွတ်ခွင့်ရနေတယ် ဆိုတာမျိုး မဖြစ်စေရပါဘူး။ ဦးကိုနီကို သတ်တဲ့အမှု၊ ကိုပါကြီးကို သတ်တဲ့အမှု၊ ဗစ်တိုးရီးယားအမှုတွေမှာ နောက်ကွယ်က လက်မည်းကြီးကို သိပေမဲ့ မဖော်ထုတ်နိုင်တာ၊ ပြစ်ဒဏ်က လွတ်ငြိမ်းနေတာတွေ အားလုံးဟာ Rule Of Law မရှိကြောင်း ပြသနေတာပဲ ဖြစ်ပါတယ်။ ဒီလိုပဲ ခေတ်အဆက်ဆက် ပြည်သူလူထုအပေါ် အနိုင်ကျင့်ဗိုလ်ကျလာတဲ့ စစ်တပ်ဆိုတဲ့ အဖွဲ့အစည်းကြီးကို ဘယ်ဥပဒေနဲ့မှ အရေးယူခံရခြင်းမရှိတာ၊ ကင်းလွတ်ခွင့် ရနေတာတွေဟာလည်း Rule Of Law ကျရှုံးသွားကြောင်း ဖော်ပြနေတာပဲ ဖြစ်ပါတယ်။

Rule Of Law က ဘာကြောင့်အရေးကြီးရသလဲ။

Rule Of Law ကသာ လူ့အဖွဲ့အစည်းအတွင်းက အရေးအရာကိစ္စတွေကို ချောချောမွေ့မွေ့ဖြစ်အောင် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ Rule Of Law ကသာ လူ့အဖွဲ့အစည်းအတွင်းက လူတိုင်းကို တန်းတူညီမျှစွာ၊ တရားမျှတစွာ ဆက်ဆံတဲ့ ဆက်ဆံရေးကို ဖန်တီးပေးနိုင်မှာဖြစ်ပြီး ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှုကို တည်ဆောက်ပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စီးပွားရေးဖွံ့ဖြိုးဖို့အတွက်လည်း အများကြီး အထောက်အကူ ဖြစ်စေမှာပါ။ တည်ငြိမ်မှုမရှိ၊ လုံခြုံမှုမရှိ၊ မင်းမဲ့စရိုက်ဆန်နေတဲ့ လူ့အဖွဲ့အစည်းထဲမှာ ဘယ်စီးပွားရေးလုပ်ငန်းမှ ကောင်းမွန်စွာ လုပ်ကိုင်လည်ပတ်လို့ ရမှာမဟုတ်ပါဘူး။ ဒါတွေအပြင် အရေးအကြီးဆုံးအချက်ကတော့ Rule Of Law ဆိုတာ မင်းဆိုးမင်းညစ်တွေ ပေါ်ထွက်မလာအောင်၊ အာဏာရှင်ဆန်ဆန် ထင်တိုင်းကြဲအုပ်ချုပ်မှုတွေ ပေါ်မလာအောင် ကာကွယ်ပေးမယ့်အရာ ဖြစ်တယ်ဆိုတာပါပဲ။

မင်းဆိုးမင်းညစ်ဆိုတာ ဘာလဲ

မင်းဆိုးမင်းညစ်ဆိုတာ အစိုးရပုံစံတမျိုးပဲ ဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့အစည်းထဲမှာ လူတယောက်တည်းကဖြစ်စေ၊ လူအုပ်စုကဖြစ်စေ အာဏာကို အလုံးစုံ ချုပ်ကိုင်ထားပါတယ်။ ဂျိမ်းစ်မက်ဒီဆင်ကတော့ မျိုးရိုးစဉ်ဆက်အရဖြစ်စေ၊ ကိုယ်တိုင်ခန့်အပ်လို့ပဲဖြစ်စေ၊ ရွေးကောက်ခံရလို့ပဲဖြစ်စေ၊ လူတဦး (ဝါ) လူအနည်းငယ် (ဝါ) လူအများရဲ့လက်ထဲမှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာသုံးခုစလုံး စုပြုံရောက်ရှိနေမယ်ဆိုရင် မင်းဆိုးမင်းညစ်လို့ ခေါ်နိုင်ပါတယ်လို့ ပြောပါတယ်။ မင်းဆိုးမင်းညစ်တွေဟာ ပုံစံမျိုးစုံနဲ့ ရှိနိုင်ပါတယ်။ ဒါပေမဲ့ သူတို့မှာ အဓိကတူညီတဲ့တချက် ရှိပါတယ်။ အဲ့ဒါကတော့ သူတို့ရဲ့အာဏာကို ဘယ်နည်းနဲ့ဖြစ်ဖြစ် လက်မလွှတ်ရရေးပဲ ဖြစ်ပါတယ်။ အဲ့ဒီလို အာဏာကို လက်မလွှတ်ရရေးကတဆင့် ဖိနှိပ်မှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ မတရားမှုတွေဆီ ဦးတည်ခဲ့တာ ဖြစ်ပါတယ်။

မင်းဆိုးမင်းညစ်ကို နောက်တမျိုးအ‌နေနဲ့ အာဏာရှင်တွေလို့ ခေါ်ဆိုနိုင်ပါတယ်။ သူတို့ဟာ Rule Of Law ရဲ့ ဆန့်ကျင်ဘက်မှာ ရှိပါတယ်။ သူတို့အုပ်ချုပ်စဥ်မှာ တဦးတယောက်ချင်းစီရဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးတာ မရှိပါဘူး။ ဒီမိုကရေစီမရှိ၊ လွတ်လပ်ခွင့်မရှိတဲ့ အုပ်ချုပ်မှုပုံစံပါ။

သူတို့ကသာ အလုံးစုံသော အာဏာကို ချုပ်ကိုင်ထားပြီး သူတို့ကိုဆန့်ကျင်သူ မှန်သမျှကို သူတို့အာဏာနဲ့ ဖိနှိပ်လေ့ ရှိပါတယ်။

အတိတ်ကာလကို ပြောရရင်တော့ နာဇီဂျာမနီ၊ ဆိုဗီယက်ရုရှား၊ ကွန်မြူနစ်တရုတ်နဲ့ မဆလ တပါတီအာဏာရှင်တို့ဟာ အာဏာရှင်အစိုးရတွေပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ မြောက်ကိုရီးယား၊ အီရန်နဲ့ လက်ရှိမှာတော့ မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီဟာ အာဏာရှင်ဂိုဏ်းအဖြစ် စီနီယာ တရုတ်၊ ရုရှားတို့နဲ့အတူ ပေါ်ထွက်လာ‌နေပါတယ်။ သူတို့‌လက်အောက်မှာ လွတ်လပ်မှု၊ တရားမျှတမှုဆိုတာ မရှိကြပါဘူး။ အဲ့ဒီအစား ပြည်သူတွေရဲ့ လွတ်လပ်ခွင့်ကို ဖိနှိပ်ဖို့ ဖွဲ့စည်းထားတဲ့ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့တွေပဲ ရှိပါတယ်။

အုပ်ချုပ်သူတွေ အာဏာရှင်ဆန်လာတာကို ဘယ်လိုသိနိုင်မလဲ

အုပ်ချုပ်သူအစိုးရဟာ အာဏာရှင်အစိုးရ ဆန်လာကြောင်းကို အောက်ပါအချက်တွေနဲ့ ချိန်ထိုးကြည့်နိုင်ပါတယ်။

ပထမဆုံးတချက်က အုပ်ချုပ်သူတွေဟာ တဦးချင်း အခွင့်အရေးတွေကို ကန့်သတ်လာတာ၊ ရုပ်သိမ်းလာတာ ဖြစ်ပါတယ်။ ဥပမာ- မီဒီယာတွေမှာ ဆင်ဆာဖြတ်လာတာ၊ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြသခွင့်ကို တားမြစ်ပိတ်ပင်လာတာမျိုးတွေ ဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ အုပ်ချုပ်သူတွေဟာ ပိုပြီး လျှို့ဝှက်လုပ်ဆောင်လာပြီး ဘာပွင့်လင်းမြင်သာမှုကိုမှ ပြည်သူကို ချမပြတော့တဲ့အခါ ဖြစ်ပါတယ်။ ဥပမာ- သူ့ရဲ့ ပြည်သူတွေအပေါ် လျှို့ဝှက်ထောက်လှမ်းလာတာ၊ ပြည်သူတွေရဲ့ သတင်းအချက်အလက် ရပိုင်ခွင့်တွေအပေါ် အလုံးစုံ ထိန်းချုပ်လာတာမျိုးတွေ ဖြစ်ပါတယ်။

တတိယအချက်ကတော့ သူ့ရဲ့ ပြည်သူတွေအပေါ်ကို အကြမ်းဖက် အင်အားသုံးပြီး ထိန်းချုပ်ဖို့ ကြိုးစားလာတဲ့အခါ ဖြစ်ပါတယ်။ လွတ်လပ်စွာ၊ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူတွေကို စစ်တပ်နဲ့ ဖြိုခွင်းတာ၊ ပစ်ခတ်သတ်ဖြတ်တဲ့ သာဓကမျိုးတွေ ဖြစ်ပါတယ်။

နိဂုံး

Rule Of Law ဟာ ဘာကြောင့် လူ့အဖွဲ့အစည်းတရပ်၊ နိုင်ငံတခုမှာ ရှိသင့်သလဲ၊ ရှိရသလဲ ဆိုတာ ဆဝါးနိုင်ပြီဖြစ်ပါတယ်။ Rule Of Law ဟာ အစိုးရတရပ်ကို ဆန်းစစ်တဲ့နေရာမှာ အသုံးပြုတဲ့ အရေးကြီးစည်းမျဉ်းတခု ဖြစ်သလို အစိုးရတရပ်ရဲ့ အုပ်ချုပ်မှုပုံစံ ကောင်းခြင်း၊ မကောင်းခြင်း ဆိုတဲ့ အရည်အသွေးကို တိုင်းတာရာမှာ အသုံးပြုတဲ့ စံနှုန်းတခုလည်း ဖြစ်တယ်ဆိုတာ ယုံမှားဖွယ်ရာ မရှိပါဘူး။ အကယ်၍ နိုင်ငံတနိုင်ငံမှာ Rule Of Law ပျက်သုဉ်းပြီဆိုတာနဲ့ အာဏာရှင်အစိုးရတွေ၊ မင်းမဲ့စရိုက်တွေ၊ အနိုင်အထက်ပြုကျင့်မှုတွေ ပေါ်ပေါက်လာမှာဖြစ်ပြီး တိုင်းသူပြည်သားအပေါင်းမှာလည်း ဆင်းရဲဒုက္ခအမျိုးမျိုးကို ခံစားကြရတော့မှာ ဖြစ်ပါတယ်။ ဆရာကြီးပလေတိုရဲ့ The laws ကျမ်းထဲက စာသားတချို့ကို ကိုးကားပြီး နိဂုံးချုပ်လိုက်ပါတယ်။

“ဥပဒေသည် အာဏာပိုင်တို့အလိုကျ ဖြစ်သွားကာ ၎င်း၏ ကိုယ်ပိုင်အနှစ်သာရလည်း ကင်းမဲ့သွားမည် ဆိုပါက နိုင်ငံတနိုင်ငံ၏ ပြိုလဲပျက်စီးမှုမှာ မကြာခင် ရောက်ရှိလာတော့မည်ဟု ယူဆပါသည်။ သို့သော် ဥပဒေသည် အုပ်ချုပ်သူအစိုးရ၏ အရှင်သခင်ဖြစ်ပြီး အစိုးရသည် ဥပဒေ၏ကျေးကျွန်ဖြစ်မည် ဆိုလျှင်တော့ အခြေအနေအရပ်ရပ်သည် ကတိကဝတ်များနှင့် ပြည့်နှက်လာကာ လူတို့သည်လည်း နတ်ဘုရားများက နိုင်ငံအပေါ် ကြဲပက်လိုက်သော ကောင်းချီးမင်္ဂလာ အပေါင်းကို ခံစားနိုင်ကြတော့မည် ဖြစ်ပါသည်။”

သပြေညို

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024