Home
ဆောင်းပါး
ညောင်ကုန်းကျေးရွာ လေကြောင်းတိုက်ခိုက်မှု
DVB
·
July 20, 2023

မဇာ (အမည်လွှဲ) တယောက် သူ့အမျိုးသား ကိုကျော်ဇောက ခဏဆိုပြီး ထွက်သွားတဲ့ ကျောပြင်ကို ရုတ်တရက်ကြည့်ရင်း ကိုးလသားအရွယ် သားငယ်လေးကို ပွေ့လို့ အိမ်ထဲဝင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီခဏကနေ ကိုကျော်ဇော မဇာနဲ့ သူ့ကလေးတွေဆီ ပြန်မလာနိုင်တော့ပါဘူး။

ကိုကျော်ဇော အပါအဝင် ကိုကျော်ဇော မွေးချင်းအစ်ကိုတွေဖြစ်တဲ့ သံဃာတော်တပါး၊ အစ်ကိုလတ်နဲ့ တခြားရွာသူရွာသား ၁၀ ယောက်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်က စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်သေဆုံးခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ထဲမှာ တည်ရှိတဲ့ ညောင်ကုန်းကျေးရွာလေးဟာ အိမ်ခြေ ၂၅၀ ဝန်းကျင်လောက်ရှိပြီး တောင်ယာလုပ်ငန်းနဲ့ ဆန်ကော၊ ဆန်ခါ (ဇကောဇကာ) ရက်လုပ်တဲ့ လုပ်ငန်းကို အဓိကလုပ်ကိုင်ကြပါတယ်။ ပြီးခဲ့တဲ့လကုန်ပိုင်းမှာတော့  စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးနှစ်ဦး အပါအ၀င် ဒေသခံ ၁၀ ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ တိုက်ခိုက်မှုအတွင်း ရွာအတွင်းရှိ ဘုန်းကြီးကျောင်းဆောင်တွေအပြင် အိမ် ၁၃ လုံး ဗုံးစထိမှန် ပျက်စီးခဲ့ပါသေးတယ်။

ကိုးလသားလေး အပါအဝင် သားသမီးသုံးဦးမိခင် မဇာက “တနေ့ အခုလို ဖြစ်လာမယ်ဆိုတာ ကျမသိပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး ဘာမှပြန်မလုပ်လိုက်ရဘဲ အသက်ဆုံးမယ်လို့ မထင်မိဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

တောင်ယာလုပ်ကိုင်ရင်း အသက်မွေးတဲ့ ကိုကျော်ဇောနဲ့ မြေယာအနည်းငယ်ပိုင်ဆိုင်တဲ့ မဇာတို့ ဖူးစာဆုံပြီး အိမ်ထောင်သက်တမ်း ၁၃ နှစ်အတွင်း သမီးကြီးတ‌ေယာက်၊ သားလေးနှစ်ယောက် ထွန်းကားပြီး သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးတခု ဖြစ်ခဲ့ပါတယ်။

ညောင်ကုန်းရွာ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်အတွင်း ထိခိုက်ပျက်စီးခဲ့တဲ့ စာသင်ကျောင်းထဲမှာ မဇာရဲ့ အသက် ၁၃ နှစ်အရွယ် ခုနှစ်တန်းကျောင်းသူနဲ့ ကိုးနှစ်အရွယ် သုံးတန်းကျောင်းသားနှစ်ဦးတို့ တခြားကလေးတွေနဲ့အတူ ရှိနေခဲ့ပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်ဖြစ်ပွားစဥ် အိမ်မှာ သူမရဲ့ဖခင်နဲ့အတူ ရှိနေပေမဲ့ မိမိယောကျ်ားနဲ့ ကလေးနှစ်ဦးစလုံး အပြင်ရောက်နေခဲ့ပါတယ်။

“ကျမ အဖေ့ကိုမေးတယ်။ အဖေ့သမက် ကလေးတွေခေါ် ပြီး ကျမတို့ကို လာခေါ်မှာပါနော်လို့။ အဖေကလည်း လာခေါ်မှာပါဆိုပြီး အိမ်ထဲဝပ်နေရင်းက မီးတွေလောင်နေပြီဆိုလို့ ကျမတို့ အိမ်နဲ့လွတ်ရာ ထွက်ပြေးကြတာပေါ့။ အဲ့အချိန်ထိ ကျမ ယောကျ်ားတော့ လွတ်အောင် ပြေးနိုင်မှာပါပဲ တွက်တာပေါ့။ ပစ်ခတ်သံတွေ ပေါက်ကွဲသံတွေ ပြီးသွားတော့မှ ကျမတို့ အိမ်ထဲပြန်ဝင်ကြတယ်။ ခဏကြာတော့ ကျမအစ်မ ရောက်လာပြီး စိတ်ထိန်းပါ၊ နင့်ယောကျ်ားတော့ ထိသွားပြီ ပြောတယ်။ ကျမလည်း ကလေးချီပြီး သူ့အစ်ကိုတွေကို သွားတွေ့တဲ့အိမ်ဆီ ပြေးကြည့်တာပေါ့။ အိမ်က ဘုန်းကြီးကျောင်းအနောက်ဘက်တင်ရယ်။ အိမ်နားတဝိုက်မှာ လူတွေအများကြီးပဲ။ ကျမကိုလည်း သွားမကြည့်ဖို့ တားကြတယ်။ နင် ကလေးငယ်နဲ့ သွေးနုသားနုနဲ့မို့ မကြည့်ခိုင်းဘူး။ ကျမ သွေးစွန်းနေတဲ့ သူ့ဖိနပ်လေးတဖက်ပဲ တွေ့ခဲ့တယ်” လို့ ရှိုက်သံနဲ့အတူ အဲဒီနေ့က အကြောင်းတွေကို ပြန်ပြောပြပါတယ်။

မဇာရဲ့ကလေးတွေ တက်နေတဲ့ ကျောင်းကလည်း တိုက်ခိုက်မှုအတွင်း ပစ်ခတ်ခံရလို့ ကျောင်းရုံးခန်း ကျည်ထိမှန်ခဲ့ပေမဲ့ ကံကောင်းထောက်မစွာပဲ ကျောင်းသား ကျောင်းသူတွေ၊ ဆရာမတွေ ထိခိုက်ခြင်းမရှိခဲ့ပါဘူး။

ဇွန်လ ၂၇ ရက် နေ့ခင်း ၃ နာရီကျော်မှာ စစ်တပ်က ရုရှားတိုက်လေယာဉ် အမျိုးအစား YAK-130 ကို အသုံးပြု လေကြောင်းတိုက်ခိုက်မှုအတွင်း ဘုန်းကြီးကျောင်းဆောင် တန်ဆောင်းပြာသာဒ်တွေအပြင် ဘုန်းကြီးကျောင်း အနီးဝန်းကျင်မှာရှိတဲ့ လူနေအိမ် ၁၃ လုံးနဲ့ စာသင်ကျောင်းရုံးခန်းပါ ကျည်ထိမှန် ပျက်စီးခဲ့ပါသေးတယ်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုအပြီး ချင်ပစ်ရွာနဲ့ ကြာစီရွာကြားကိုလည်း လေကြောင်းက ပစ်ခတ်ခဲ့သလို အမျိုးသမီးတဦး သေဆုံးကာ တဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဒေသခံ မီဒီယာတွေက ဖော်ပြကြပါတယ်။

“ကျမတို့ဆီက ကျောင်းက မနက်ပိုင်းအချိန်သင်ကြတယ်။ အဲ့နေ့က ကျမအခန်းနဲ့ ဘေးကအခန်း အချိန်ပိုခေါ်တော့ ကျောင်းကို ကျမ ၃ နာရီလောက် ရောက်တယ်။ ကလေးတွေထိုင်ဖို့ ခုံတွေစီပြီး ကလေးတွေရောက်လာတော့ သိပ်မကြာဘူး၊ ဒိန်းဆိုပြီး အသံအကျယ်ကြီး ကြားရတာပဲ။ ကျမက မိုးကြိုးပစ်တယ်ထင်တာ။ ကောင်းကင်က တိမ်ဖုံးနေတော့လေ။ နောက်ကျမှ ကလေးတွေပြောလို့ လေယာဉ်မှန်းသိတာ။ ကျမတို့စာသင်ခန်းထဲ ဝပ်နေကြသေးတယ်။ ပျက်စီးသွားတဲ့ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းက ဝါးနှစ်ပြန် သုံးပြန်စာလောက်ပဲ ဝေးတာ၊ လှမ်းမြင်နေရတာပေါ့” လို့ ရွာမှ ကျောင်းဆရာမတဦးက တိုက်ခိုက်မှုဖြစ်ပွားရာနေ့ကို ပြောပြပါတယ်။

တိုက်ခိုက်မှုဖြစ်ပွားစဉ်အတွင်း ကျောင်းမှာ ကျောင်းသား/သူ ၅၀ နီးပါးခန့်ရှိကြပြီး တဦးမှ ဒဏ်ရာမရရှိခဲ့ကြောင်း၊ စစ်ကောင်စီလေယာဥ်က ဘုန်းကြီးကျောင်းပေါ်ကို လက်နက်ကြီး ပစ်ခတ်ပြီးမှ မီးလောင်ဗုံးချလိုက်ကြောင်း၊ ဘုန်းကြီးကျောင်း သိမ်ကျောင်းနဲ့ ကျောင်းဘေးနားရှိ အရပ်သားအိမ်တွေ ဗုံးစထိမှန် ပျက်စီးသွားကြောင်း သိရပါတယ်။

“ကျမတို့ရွာကသူတွေက နိုင်ငံရေးလည်း မသိဘူး။ လိုင်းပေါ်မှာ ပြောသလို ပီဒီအက်စခန်းတွေ ဆိုတာလည်း လုံးဝမရှိပါဘူး။ ရွာကလူတွေ အရမ်းကြောက်တတ်ကြလို့ ရွာနဲ့ခပ်ဝေးဝေးမှာ စစ်ကြောင်းထိုးရင်တောင် အထုပ်ပိုးပြင်ပြီး ရှောင်ကြတာပါ။ မနှစ်ကဆို အဲလို စစ်ကြောင်းထိုးတယ်ကြားလို့ မြို့ပေါ်ရှောင်ကြ၊ မန္တလေးရှောင်ကြ၊ အိမ်ခဏ ပြန်လာကြ လုပ်ကြတာ။ စားဝတ်နေရေးတောင် ထိခဲ့ပါသေးတယ်” လို့ ဒေသခံတဦးက ေပြာပါတယ်။

အခုနှစ်အတွင်း စစ်ကြောင်းဝင်ရောက်မှုလည်း မရှိသလို ပြည်သူ့ကာကွယ်ေရးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား ထိတွေ့တိုက်ပွဲလည်း ဖြစ်ပွားတာ မရှိပါဘူး။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုမှာ စစ်ရေးပစ်မှတ်တွေမဟုတ်ဘဲ သာမန် အရပ်သားပြည်သူတွေ နေထိုင်ရာ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်တာကြောင့် သတိကြီးစွာထားဖို့ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပ.က.ဖ က တိုက်တွန်းထားပါတယ်။

ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ကိုဇော်ထက်က “ညနေ ၃ နာရီခွဲခန့်က ဂျက်ဖိုက်တာနဲ့ ညောင်ကုန်းဘုန်းကြီးကျောင်းအနီးကို ပထမအကြိမ် ဗုံးလာကြဲတာ။ နောက် ၁၀ မိနစ်လောက်အကြာ တကျော့ပြန်လာပြီး ဂျက်ဖိုက်တာနဲ့ ပစ်တာ၊ လူတွေရော နွားတွေလည်း သေတယ်” လို့ ပြောပါတယ်။

အဲဒီဖြစ်စဉ်အပြီး ရိုက်ကူးထားတဲ့ ညောင်ကုန်းကျေးရွာက ဘုန်းကြီးကျောင်းတကျောင်းနဲ့ စေတီတွေ ပြင်းထန်စွာ ပျက်စီးခဲ့တဲ့ ဓာတ်ပုံတွေကို Myanmar Witness က တည်နေရာ တိုက်ဆိုင်စိစစ်ခဲ့ပြီး မှန်ကန်ကြောင်း ဇွန်လ ၃၀ ရက်က အတည်ပြုခဲ့ပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုက တိုက်လေယာဉ်မှာ မန္တလေးတံတားဦးလေတပ်စခန်းမှ ပျံတက်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုအပြီး တပတ်အကြာ ကိုကျော်ဇောနဲ့ သေဆုံးသွားကြသူတွေရဲ့ အသုဘအခမ်းအနားကို ရွာမှာ ဇူလိုင်လ ၃ ရက်နေ့က ပြုလုပ်ခဲ့ပြီး ရွာရှိ အပျက်အစီးတွေကိုလည်း တခြားရွာတွေက လာရောက်ဝိုင်းဝန်းရှင်းလင်းပေးခဲ့ကြပေမဲ့ လက်ရှိအချိန်အထိတိုင် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေကိုတော့ လုပ်ကိုင်နိုင်ခြင်း မရှိသေးပါဘူး။

သေဆုံးသူတဦးရဲ့ မိသားစုဝင်တဦးက“တချို့ဆို ပြေးကုန်ကြပြီ။ ပြန်မလာရဲကြသေးဘူး။ နောက်ထပ် ပဇီကြီးလိုဖြစ်မှာ ကြောက်ကြလို့။ ကိုယ်တွေသာ နာရေးကိစ္စတွေရှိတာနဲ့ ဘယ်မှမသွားဖြစ်ကြဘူး။ ဒဏ်ရာရပြီး ခွဲစိတ်ဖို့ ဆေးရုံတင်ထားရတဲ့သူတွေလည်း သက်သာကြပါတယ်။ တချို့ဆို ပြန်ဆင်းလာကြပြီ။ ဆေးရုံတင်ရတဲ့သူတွေထဲ အကုန်သက်သာကြပါတယ်။ နောက်ထပ်သေဆုံးတာ မရှိပါဘူး” လို့ ပြောပါတယ်။

အဆိုပါ အရပ်သားသေဆုံးမှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ကို ပြည်တွင်းမီဒီယာတွေက ရေးသားဖော်ပြခဲ့ကြပေမဲ့ စစ်ကောင်စီဘက်ကတော့ ဘယ်လိုတုံ့ပြန်မှုမှ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။

ဖြစ်စဉ်ကို မြင်တွေ့ခဲ့တဲ့ ကျောင်းဆရာမလေးက “သူတို့ ဘုန်းကြီးကျောင်းပေါ်ကို တည့်တည့်ပစ်တာပါ။ ဘုန်းကြီးကျောင်းမှန်း မသိစရာအကြောင်းကို မရှိဘူး။ လေယာဉ်ကလည်း နိမ့်နိမ့်လေး ပျံသွားတာပါ။ ဘေးနားမှာ စေတီတွေလည်း ရှိတယ်လေ။ သူတို့ လုပ်ချင်လို့ကို လုပ်သွားတာပါ။ သေသွားတဲ့အထဲက မိန်းကလေးတယောက်ဆို ဒီနှစ်မှာ ဆယ်တန်းအောင်ထားတာ။ ရွာက ကလေးတွေဆိုလည်း အသံကျယ်ကျယ်ကြားရင်ကို လန့်နေကြပြီ။ အဲဒီလို စိတ်ဒဏ်ရာရသွားတာတွေအတွက် ဘယ်သူက တာဝန်ယူပေးမှာလဲ” လို့ ပြောပါတယ်။

အပြစ်မဲ့ပြည်သူလူထုအပေါ် စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် ပြည်သူတွေရဲ့ အသက်အိုးအိမ် ပျက်စီးဆုံးရှုံးမှုတွေဟာ အလွန်ဆိုးရွားပြီး အပြည်ပြည်ဆိုင်ရာရဲ့ အာရုံစိုက်မှုနဲ့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ချက်ချင်းလိုအပ်နေတယ်လို့ NUG ဝန်ကြီး ဒေါက်တာဆာဆာက ပြောပါတယ်။

ဒီလိုဖြစ်စဉ်ဟာ အခုတကြိမ်သာ သီးခြားဖြစ်ပွားတာ မဟုတ်ဘဲ လွန်ခဲ့တဲ့ ၂၇ လ တလျှောက်လုံး လူမျိုးတုံးသတ်ဖြတ်တဲ့ အကြမ်းဖက်စစ်ကောင်စီက ပြည်သူတွေအပေါ် အကြိမ်ပေါင်း ၇၀ ကျော် အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ခဲ့တာတွေထဲက တခုသာဖြစ်တယ်လို့လည်း ထပ်လောင်းပြောပါတယ်။

စစ်ကိုင်းတိုင်းကတော့ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဒေသတခုဖြစ်တာမို့ အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှု အများဆုံးခံနေရတဲ့ ဒေသတခုဖြစ်ကာ ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်တုန်းက ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်တွေ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူအစုလိုက် အပြုံလိုက် သေဆုံးခဲ့တာပါ။

အဆိုပါ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေ အပါအဝင် အရပ်သား ပြည်သူ ၁၆၈ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၁၆ ဦးထိ ရှိခဲ့တယ်လို့ NUG အစိုးရက ထုတ်ပြန်ထားပါတယ်။ ပဇီကြီးလေကြောင်းတိုက်ခိုက်မှုကို စစ်ကောင်စီပြောခွင့်ရက PDF အဖွဲ့တွေ ရှိနေတယ်ဆိုတဲ့ သတင်းအရ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

အေအေပီပီရဲ့ ဇွန်လ ၃၀ ရက်ထုတ်ပြန်ချက်အရ အာဏာသိမ်းမှုနောက်ပိုင်း အရပ်သား ၃၇၃၀ ကျော်သေဆုံးခဲ့ပြီး ဒီအထဲက ထက်၀က်ကျော်ဟာ  စစ်ကိုင်းက ဖြစ်ကြောင်းသိရပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီး ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်တိုက်ပွဲတွေ၊ အရပ်သားသေဆုံးမှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကိုကျော်ဇောလို အိမ်ပြန်ခွင့်မရလိုက်သူတွေ၊ မဇာလို လင်ယောကျ်ား၊ ချစ်ခင်သူတွေ အပြန် စောင့်စားမျှော်လင့်နေသူတွေ အများအပြား ရှိဦးမှာ ဖြစ်ပါတယ်။

“ဒီလိုအဖြစ်ဆိုးတွေကြုံရတာ ကျမတို့မိသားစု နောက်ဆုံးဖြစ်ပါစေလို့ ဆုတောင်းတယ်။ ကိုယ့်လိုမျိုး တခြား ဘယ်သူ့ကိုမှ နောက်ထပ် မဖြစ်စေချင်ဘူး”လို့ မဇာက ညည်းတွားလိုက်ပါတယ်။

နန္ဒာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024