Home
ဆောင်းပါး
စစ်ကျွန်ဘဝက မလွတ်မြောက်သေးပါ
DVB
·
July 19, 2023

တော်လှန်ရေးကာလ ၂ နှစ်ခွဲနီးပါး ရှိလာပါပြီ။ ဘယ်သူမဆို အနည်းနဲ့အများဆိုသလို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိကြမှာတော့ မလွဲပေ။ သို့ပေမဲ့ တချို့ကတော့ စစ်အုပ်စုကြီးမရှိမှ ဖြစ်မယ်ဆိုပြီး ခံယူထားတုန်း။ အဲ့ဒီခံယူချက်နဲ့အတူ သူတို့နိုင်သလောက် ပါဝင်ပြီး ရှေ့ဆက်ကြတုန်း။ တချို့ကတော့ အချိန်ကာလပြောင်းလဲမှု၊ နေရာဒေသ ကွာခြားမှုနဲ့ အခြားသော အကြောင်းရင်းခံတွေကြောင့် စစ်အုပ်စုလက်အောက်မှာ နေသားကျသလို ရှိလာကြပြီ။

ငါ့မထိခိုက်သရွေ့၊ ငါကိုယ်တိုင်ကလည်း ထိခိုက်အောင် မနေသရွေ့ နေရတာလည်း မဆိုးပါဘူးဟု တွေးစပြုလာပြီ။

တကယ်တော့ ကိုယ့်ကိုမထိသရွေ့ ဆိုတာကရော တကယ်ဟုတ်ပါ့မလား။ ပြီးတော့ အဲ့လိုမျိုး နေရတာကရော တကယ်နေပျော်ပါရဲ့လား။ လူ့ဂုဏ်သိက္ခာ၊ လူ့တန်ဖိုးတွေမရှိဘဲ နေထိုင်ရတာ အဓိပ္ပာယ်ရှိပါရဲ့လား။ လူဟာ လူစင်စစ်နဲ့ မတူတော့ဘဲ အကြောက်ကြောက်အလန့်လန့်နဲ့ ကိုယ့်ဘဝ ကိုယ်မပိုင်တဲ့ ကျွန်ဘဝကို ရောက်သွားတယ် ဆိုတာကိုရော သတိပြုမိပါသလား။ ဟိုလူ့မျက်နှာချိုသွေးရ၊ ဒီလူ့မျက်နှာချိုသွေးရတဲ့ ဘဝကို ရောက်သွားတာကိုလည်း သတိထားမိပါသေးသလား။

၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တဲ့ လူ့အခွင့်အရေး ကြေညာစာတမ်းရဲ့ အပိုဒ်အချို့ကို ဖော်ပြချင်ပါတယ်။ ဒီကြေညာစာတမ်းဟာ လူအားလုံးနဲ့ သက်ဆိုင်ပါတယ်။ လူရဲ့ရပိုင်ခွင့်၊ လူရဲ့ ရှိသင့်တဲ့ အနေအထားတွေကို ဖော်ပြထားတဲ့ စာတမ်းတခုလည်း ဖြစ်ပါတယ်။ သဘာဝအရ လူအားလုံး ရကိုရရမယ့်၊ ဖြစ်ကိုဖြစ်ထိုက်တဲ့ ဥပဒေသတွေ စုပေါင်းထားတဲ့ သဘာဝတရားဥပဒေတခုလည်း ဖြစ်ပါတယ်။ အခု မြန်မာပြည်သူတွေဟာ စစ်အုပ်စုအုပ်ချုပ်မှုအောက်မှာ ဘယ်လောက်တောင် ကျွန်ခံနေရသလဲ၊ ကျွန်ဖြစ်နေကြသလဲ ဆိုတာကို အဲ့ဒီစာတမ်းကြီးနဲ့ နှိုင်းယှဉ်ကြည့်ကြစေလိုပါတယ်။ တိုက်ဆိုင် စစ်ဆေးကြည့်ကြစေလိုပါတယ်။

အပိုဒ် (၃)

“လူတိုင်းတွင် အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်နှင့် လူပုဂ္ဂိုလ် လုံခြုံမှုရခွင့် ရှိသည်။”

မင်းအောင်လှိုင်ရဲ့ စစ်အုပ်စုလက်အောက်မှာ မြန်မာပြည်သူတွေရဲ့ အသက်ရှင်သန်ခွင့်ဟာ ကျွဲ၊ နွား၊ တိရစ္ဆာန်တွေနည်းတူပါပဲ။ မထင်ရင်မထင်သလို ဖမ်းဆီးသတ်ဖြတ်ခံနေရတယ်။ အခု အကောင်း၊ တော်နေကြာ ဖမ်းခံရလို့။ ခနနေကျ စစ်ကြောရေးမှာ ဆုံးလို့ ဆိုတာမျိုးတွေ။ အိမ်မှာနေရင်း လက်နက်ကြီးကျလို့ ရုတ်တရက် သေဆုံးသွားရတာမျိုးတွေ။

တကယ့်ကို သေခြင်းတရားဟာ လက်တကမ်းမှာပါပဲ။ အဲ့လောက်အထိ ပြည်သူတွေမှာ အသက်ရှင်သန်ပိုင်ခွင့် ရကြတာပါ။ အဲ့ဒီလို အကြမ်းဖက်လုပ်ရပ်တွေကြောင့် အရပ်သားပြည်သူ သေဆုံးမှုဟာ ၃,၀၀၀ ကျော်‌ ၄,၀၀၀ နီးပါး ရှိသွားပြီဖြစ်ပါတယ်။

အပိုဒ် (၅)

“မည်သူ့ကိုမျှ ညှဉ်းပန်းနှိပ်စက်ခြင်း သို့မဟုတ် ရက်စက်ကြမ်းကြုတ်သော၊ လူမဆန်သော၊ လူ့သိက္ခာညှိုးနွမ်းစေသော ပြုမူဆက်ဆံခြင်း သို့မဟုတ် အပြစ်ဒဏ်ပေးခြင်း မပြုရ။”

မှတ်မိကြဦးမယ်ထင်ပါတယ်။ ဆန္ဒပြကြတုန်းက လူမှုကူညီရေးအသင်းက လူငယ်တွေကို ဦးခေါင်းအသေရိုက်ခွဲတာ။ မိန်းကလေးတချို့ကို သဲအိတ်တွေထမ်းခိုင်းတာ၊ မထမ်းနိုင်သူကို လေးဘက်ထောက် လမ်းသွားခိုင်းတာ။ ဆန္ဒပြပွဲမှာ သူတို့ပစ်ခတ်လို့ သေနတ်ဒဏ်ရာရတဲ့ လူတွေကို ဆေးကုသခွင့်မပေးဘဲ နေရာမှာတင် သွေးအလူးလူးနဲ့ ဒီအတိုင်းထားတာ။ စသဖြင့်။ ဒါက ဆန္ဒပြတုန်းကပဲ ရှိသေးတယ်။ အဲ့ဒီနောက်ပိုင်း တောရွာတွေမှာ၊ အကျဉ်းထောင်တွေထဲမှာ အမျိုးမျိုး ညှဉ်းပန်းနှိပ်စက်ကြတာ။ အားလုံးသိပြီးသားမို့ ထပ်မဖော်ပြတော့ပါဘူး။ တွေးကြည့်ကြပါ။ စဉ်းစားကြည့်ကြပါ။

အပိုဒ် (၉)

“မည်သူမျှ မတရားဖမ်းဆီးခြင်း၊ မတရားချုပ်နှောင်ခြင်း၊ မတရားပြည်နှင်ခြင်း မခံစေရ။”

အပိုဒ် (၁၀)

“လူတိုင်းသည် ၎င်း၏အခွင့်အရေးနှင့် တာဝန်ရှိမှုများကို အဆုံးအဖြတ်ခံရာတွင်လည်းကောင်း၊ ၎င်းအပေါ် ပြစ်မှုအကြောင်းအရ စွပ်စွဲချက်ကို အဆုံးအဖြတ်ခံရာတွင်လည်း လွတ်လပ်၍ ဘက်လိုက်မှုမရှိသော တရားရုံးတရပ်က အများပြည်သူရှေ့မှောက်တွင် တရားမျှတစွာ ကြားနာစစ်ဆေးခြင်းကို တန်းတူရည်တူ အပြည့်အဝ ရပိုင်ခွင့်ရှိသည်။”

ဒီနွေဦးတော်လှန်ရေးအတွင်း စစ်မိစ္ဆာတပ်ရဲ့ မတရားဖမ်းဆီးခြင်း ဘယ်အချိန်က စသလဲဆိုရင် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်က စတာပါ။ ဘယ်သူတွေနဲ့လဲဆိုရင် ပြည်သူ့အစိုးရအဖွဲ့ဝင်တွေနဲ့ အစပြုတာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ သာမန်အရပ်သားပြည်သူတွေဆီ ဦးတည်လာတော့တာပါပဲ။ သံပုံးတီးလည်းဖမ်း၊ ဖေ့စ်ဘွတ်ခ်မှာ ပုံတင်လည်းဖမ်း။ ဒေါ်အောင်ဆန်းစုကြည်ပုံ တွေ့လည်းဖမ်း။ လမ်းသွားနေရင်းလည်း ဖမ်းချင်ဖမ်း။ လက်သုံးချောင်းထောင်လည်း ဖမ်း။ မထောင်လည်း ဖမ်း။ ဖမ်းချင်သလို မတရားဖမ်း။ အခုဆို မတရားဖမ်းဆီးခံရသူပေါင်း ၂၃,၀၀၀ ကျော် ရှိသွားပြီဖြစ်ပါတယ်။ လွတ်လပ်၍ ဘက်လိုက်မှုမရှိသော တရားရုံးတဲ့။ လွတ်လပ်ပါတယ်။ မတရားသဖြင့် ပြည်သူကို ပြစ်ဒဏ်ချမှတ်တဲ့ နေရာမှာပါ။ ဘက်လိုက်မှုမရှိပါဘူး။ အထက်အမိန့်အတိုင်း အမိန့်ချရတဲ့ နေရာမှာပါ။

အပိုဒ် (၁၂)

“မည်သူမျှ မိမိ၏ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်၊ မိသားစု၊ နေအိမ် သို့မဟုတ် စာပေးစာယူ ကိစ္စရပ်များတွင် မတရား ဝင်ရောက်စွက်ဖက်ခြင်းလည်းကောင်း၊ မိမိ၏ ဂုဏ်သိက္ခာနှင့် ထင်ပေါ်ကျော်ကြားမှုအား ပုတ်ခတ်ခြင်းကိုလည်းကောင်း မခံရစေရ။ လူတိုင်းသည် ထိုသို့ ဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် ပုတ်ခတ်ခြင်းတို့မှ ဥပဒေအရ အကာအကွယ် ရပိုင်ခွင့်ရှိသည်။”

ညရောက်ပြီဆိုတာနဲ့ ချောင်းကိုတောင် ကျယ်ကျယ်ဆိုးရဲဖို့ မလွယ်ပါဘူး။ တော်ကြာ နိုင်ငံတော် ဆူပူမှုဆိုပြီး ရောက်ချလာမှာစိုးလို့ပါ။ ဘယ်မှာလဲ ကိုယ့်မိသားစု၊ ကိုယ့်မိတ်ဆွေတွေနဲ့ ညရေးညတာ လွတ်လပ်စွာ ပြောဆိုခွင့်။ အိမ်ထဲဝင်လာရင်လည်း ဖုန်းတွေစစ်။ လမ်းသွားရင်လည်း ဖုန်းတွေစစ်။ တခါတလေဆို အင်တာနက်ဖွင့်ခိုင်းပြီးတောင် ဘယ်သူနဲ့ပြောသလဲ စစ်ပါတယ်။ ဘယ်မလဲ စာပေးစာယူကိစ္စရပ်များတွင် ဝင်စွက်ဖက်ခွင့်မရှိ ဆိုတဲ့ဟာ။

အပိုဒ် (၁၃)(၁)

“လူတိုင်းတွင် နိုင်ငံ၏နယ်နိမိတ်အတွင်း၌ လွတ်လပ်စွာ ‌သွားလာရွှေ့ပြောင်းခွင့်နှင့် နေထိုင်ခွင့်ရှိသည်။”

မာရှယ်လောထုတ်ခံထားရတဲ့ မြို့ကသူတွေ အသိဆုံးပါ။ ညနေဆို ၅ နာရီကျော်တာနဲ့ ကိုယ့်အိမ်ရှေ့ ကိုယ်တောင် ထွက်ရပ်လို့မရတော့တဲ့ဘဝ။ မြို့ထဲလည်း ဘာထူးတုန်း။ ဟိုလမ်းကမသွားရ။ ဒီလမ်းကမသွားရ။ ဟိုလိုမမောင်းရ။ ဒီလိုမမောင်းရနဲ့။ တချို့ဒေသတွေမှာ သူတို့ရန်ကြောင့် မြို့ပေါ် စစ်ရှောင်ရတဲ့ ပြည်သူတွေရှိတယ်။ ရွာတွေကနေ လွတ်မလားဆိုပြီး မြို့ပေါ်ပြောင်းလာခါမှ မြို့ပေါ်မှာ စစ်ရှောင်ကို လက်ခံသူတွေကို ဘာဖြစ်မယ် ညာဖြစ်မယ် ခြိမ်းခြောက်ခံရတာတွေ ရှိပါလေရော။ ဒါတင်မက ပြီးခဲ့တဲ့နှစ်တုန်းကလည်း ၅/တွေ ဟိုမြို့၊ ဒီမြို့ ကူးသန်းလို့မရတဲ့အကြောင်း မမေ့ကြသေးဘူး ထင်ပါတယ်။

အပိုဒ် (၁၇)

“၁၊ လူတိုင်းတွင် မိမိတဦးချင်းသော်လည်းကောင်း၊ အခြားသူများနှင့် စုပေါင်း၍သော် လည်းကောင်း ပစ္စည်းဥစ္စာကို ပိုင်ဆိုင်ခွင့်ရှိသည်။

၂၊ မည်သူမျှ မိမိပိုင်ပစ္စည်းဥစ္စာကို မတရားသိမ်းယူခြင်း မခံထိုက်စေရ။”

အိမ်ကြီးကတော့ အကောင်းအတိုင်း၊ အိမ်ရှင်တွေကတော့ အိမ်းဘေးနားမှာပဲ ဖြစ်သလို တဲထိုးနေရတာ၊ ဒါမှမဟုတ် တခြားနေရာ ပြောင်းသွားရတာ၊ မြင်သာမြင် မပိုင်ရတဲ့ဘဝ ဖြစ်သွားတာတွေဟာ မြို့ပြက မြန်မာပြည်သူတွေကြားမှာ ဒုနဲ့ဒေးပါ။ ဒီလိုပဲ တလင်းမြေမှာ ပြာပုံဖြစ်သွားတဲ့ အိမ်တွေကို ကြည့်ရင်း ဝမ်းနည်းကြေကွဲနေသူ ရွာသူရွာသားတွေကလည်း မနည်းမနော။ အိမ်တအိမ်တည်းကိုဖြစ်စေ၊ ရွာတရွာတည်းကိုဖြစ်စေ စစ်မိစ္ဆာတပ်ဝင်လာပြီ ဆိုတာနဲ့ အဖိုးတန်ပစ္စည်းမှန်သမျှ သံလိုက်ဓာတ်သဖွယ် သူတို့နဲ့အတူ ပါသွားတော့တာပါ။ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၇ နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတဲ့ အဖြစ်အပျက်တွေပေါ့။

အပိုဒ် (၁၉)

“လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများတွင် ထင်မြင်ယူဆချက်များကို အနှောင့်အယှက်ကင်းစွာဖြင့် လွတ်လပ်စွာ စွဲကိုင်ခွင့်အပြင် သတင်းအချက်အလက်နှင့် အတွေးအခေါ် အယူအဆများကို သတင်းမီဒီယာ တရပ်မှတဆင့် နယ်နိမိတ် အပိုင်းအခြားမရှိ ရှာဖွေဆည်းပူးခွင့်၊ လက်ခံခွင့်နှင့် ဖြန့်ချိခွင့်တို့လည်း ပါဝင်သည်။”

စစ်ကောင်စီဟာ တရားမဝင် အကြမ်းဖက်အဖွဲ့ ဖြစ်ပါတယ်။ မအလစစ်တပ်ဟာ ပြည်သူတွေကို အကြမ်းဖက်နေပါတယ် ဆိုပြီး အများပြည်သူရှေ့ လွတ်လပ်စွာ ပြောဆို၊ ထုတ်‌ဖော်ခွင့် ရှိပါတယ်။ ဘယ်မှာလဲဆိုရင် တမလွန်ဘဝမှာပါ။ မြန်မာပြည်မှာကတော့ ဘယ်ပြည်သူမှ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ဆိုတဲ့ ရပိုင်ခွင့် မရှိကြပါဘူး။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဆိုတာ စစ်မိစ္ဆာတွေအတွက်ကတော့ မကောင်းဆိုးဝါးပဲ။ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်းပတမ်း ဖြိုခွင်းနေတာတွေဟာ အကောင်းဆုံးသက်သေတွေပါပဲ။ မီးမလာလို့ ပြောတဲ့သူ၊ ပန်းပန်တဲ့သူတွေကို‌တောင် အငြိုးတကြီးနဲ့ ထောင်ထဲထည့်ပစ်နေတဲ့ ခေတ်ကို ရောက်နေတာ မဟုတ်ပါလား။

ပြန်စဉ်းစားကြည့်ကြပါ။ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြည့်ကြပါ။ ငါတို့ဟာ ကျွန်လို နေနေရတာလား။ ဂုဏ်သိက္ခာရှိတဲ့၊ လွတ်လပ်သူလို နေနေရတာလား။ အကြောက်တရားနဲ့ နေနေရတာလား။

မကြောက်တရားနဲ့ ရှင်သန်နေရတာလား။ လူဟာ ပင်ကိုယ်သဘာဝအရ မတရားတာကို ရွံမုန်းပါတယ်။ တရားတာကို လိုလားပါတယ်။ လွတ်လပ်မှုကို မြတ်နိုးပါတယ်။ အဲ့ဒီလို လူ့တန်ဖိုးတွေကို တန်ဖိုးထားခဲ့ကြလို့သာ ခေတ်အဆက်ဆက်မှာ တော်လှန်ရေးတွေ ပေါ်ပေါက်ခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒီတော်လှန်ရေးတွေကတဆင့် ပိုပြီး အဆင့်အတန်းမြင့်တဲ့ လူနေမှုဘဝတွေကို ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာပြည်သူတွေဟာ လူသားတွေပါ။ စစ်ကျွန်တွေမဟုတ်ပါ။ ဒါကြောင့် လူကို လူလိုသဘောမထားတဲ့၊ လူ့ဂုဏ်သိက္ခာတွေ ဈေးပေါတဲ့ စနစ်ကြီးထဲမှာ နေသားမကျချင်ကြပါနဲ့။ အဓိပ္ပာယ်မဲ့စွာ မနေထိုင်ကြပါနဲ့။ လူကို လူလိုတန်ဖိုးထားတဲ့၊ လူ့ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံသစ်၊ စနစ်သစ်မှာပဲ အဓိပ္ပာယ်ရှိရှိ နေထိုင်နိုင်ရန် ယခု နွေဦးတော်လှန်ရေးမှာ တတ်အားသရွေ့ ဆက်လက်ပါဝင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

တင်ဦး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024