Home
မြန်မာသတင်း
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဆုံးဖြတ်ချက် စစ်ကောင်စီကန့်ကွက် 
DVB
·
July 15, 2023
354891781_657298663093183_7985727387629463846_n

ရိုဟင်ဂျာတွေနဲ့ လူနည်းစုတွေရဲ့အရေးအပါအဝင် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ဆုံးဖြတ်ချက်အပေါ် ပြင်းထန်စွာ ကန့်ကွက်ပယ်ချကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဌာနက ဇူလိုင် ၁၄ ရက်မှာ ကြေညာပါတယ်။ 

မြန်မာအရေးကိစ္စဟာ ပြည်တွင်းရေးသာဖြစ်ပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုမဖြစ်ကြောင်းလည်း စစ်ကောင်စီကတုံ့ပြန်ပါတယ်။ 

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ (၅၃) ကြိမ်မြောက် ပုံမှန် အစည်းအဝေးကာလအတွင်းထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတွေနဲ့ ဆုံးဖြတ်ချက်အဆိုတို့မှာ  ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး (ICC) တို့ကို ရည်ညွှန်းဖော်ပြထားတာကို အပြင်းအထန် ကန့်ကွယ်ပယ်ချတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

လူ့အခွင့်အရေး ကောင်စီ၏ (၅၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ ၊ ဂျီနီဗာမြို့မှာ ဇွန် ၁၉ ရက်ကနေ ဇူလိုင် ၁၄ ရက်အထိ  ကျင်းပခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေကတော့ တက်ရောက်ခွင့်မရပါဘူး။

ဒီအစည်းအဝေးမှာ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(အိုအိုင်စီ)ကိုယ်စား ပါကစ္စတန်နိုင်ငံမှ တင်သွင်းခဲ့တဲ့ ဆုံးဖြတ်ချက်အဆိုကို ဇူလိုင် ၁၄  ရက်က  လူ့အခွင့်အရေး ကောင်စီမှာ အတည်ပြုချမှတ်ခဲ့တာဖြစ်ပါတယ်။

ဆုံးဖြတ်ချက်တွေထဲမှာတော့ နေရပ်စွန်ခွာထွက်ပြေးခဲ့ရတဲ့ ရိုဟင်တွေနဲ့ လူနည်းစု တိုင်းရင်းသားတွေအတွက် သူတို့ဆန္ဒအရ ဘေးကင်းလုံခြုံ ဂုဏ်သိက္ခာရှိရှိ  ရေရှည် နေရပ်ပြန်နေနိုင်မယ့် ပတ်ဝန်းကျင် အခြေအနေမျိုး လုပ်ဆောင်ပေးဖို့ ရိုဟင်ဂျာတွေနဲ့ တခြားလူနည်းစုတွေအတွက် လူသားချင်းစာနာ အကူအညီပေးနိုင်ရေး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက်အကူအညီပေးဖို့၊ မြန်မာနိုင်ငံမှာရှိတဲ့ လူတိုင်းအတွက် လူ့အခွင့်အရေးကာကွယ်ပေးဖို့ နိုင်ငံတကာအသိုင်းအဝန်းကို တိုက်တွန်းထားတာတွေပါဝင်ပါတယ်။

အကြမ်းဖက်မှုတွေနဲ့  နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေကို အမြန်ဆုံးရပ်တန့်ဖို့နဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေအတွက် တရားမျှတမှုရဖို့၊ လူ့အခွင့်အရေးချိုးဖောက်မှုကျူးလွန်တဲ့ တာဝန်ရှိသူတွေကို အပြည့်အဝအရေးယူဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

လတ်တလောချမှတ်ခဲ့တဲ့ဆုံးဖြတ်ချက်တွေနဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေဟာ မြန်မာပြည်သူတွေအပေါ် အမုန်းစကားမြောက်ကြောင်းနဲ့ ယဉ်ကျေးမှုနဲ့ တိုင်းရင်းသားမျိုးစုံပါဝင်တဲ့  မြန်မာ့အသိုက်အဝန်းအကြား စိတ်ဝမ်းကွဲပြားစေဖို့ လှုံ့ဆော်ရာရောက်တယ်လို့ စစ်ကောင်စီကဆိုပါတယ်။ 

၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်းဖြစ်စဉ် ပေါ်ပေါက်ခဲ့ရသည့် အကြောင်းရင်းကို မျက်ကွယ်ပြုခြင်းဖြင့် လက်တွေ့မြေပြင်အခြေအနေကို ထင်ဟပ်နိုင်မည် မဟုတ်ကြောင်း၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူဟာ မြန်မာနိုင်ငံကို အထီးကျန်စေဖို့ ရည်ရွယ်ချက်နဲ့ အပြန်အလှန်ဆွေးနွေးမှုပြုလုပ်ခဲ့သည်ကို စိတ်ပျက်ဖွယ် တွေ့ရှိရတယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးက ပြန်လည်တုံ့ပြန်ပါတယ်။

အခွင့်အရေးကောင်စီရဲ့ အစီရင်ခံစာတွေနဲ့ နိုင်ငံတချို့ရဲ့ မိန့်ခွန်းပါ စွပ်စွဲချက်တွေနဲ့ ဝင်ရောက်စွက်ဖက်ပြောဆိုချက်တွေကို ပယ်ချပြီး အစည်းအဝေးတွေမှာ မိတ်ဆွေနိုင်ငံတွေရဲ့ မျှတပြီးအပြုသဘောဆောင်တဲ့ ပြောကြားချက်တွေကိုတော့ ကျေးဇူးတင်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

Photo-OHCHR

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024