
မိုခါဆိုင်ကလုန်း မုန်တိုင်းဟာ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း ဒေသတချို့ကို တိုက်ခတ်ပြီး ၅ပတ်အကြာမှာ စစ်အာဏာရှင်က ဘေးဒုက္ခသည် ၁ သန်းကျော်အတွက် အရေးပေါ် လိုအပ်နေတဲ့ အကူအညီတွေကို ကန့်သတ်ထားဆဲဖြစ်ပါတယ်။
ကုလသမဂ္ဂ (UN) နဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) တို့ရဲ့ လိုအပ်နေတဲ့ အကူအညီ တွေကိုပေးအပ်တဲ့ နေရာမှာ ကန့်သတ်တားမြစ်ထားတာဟာ စစ်အစိုးရရဲ့ အထီးကျန်မှုနဲ့ ရက္ခိုင့်တပ်မတော်လို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တင်းမာမှုတွေကို မီးမောင်းထိုးပြနေပါတယ်။
ပြင်းအား အဆင့် ၅ ရှိတဲ့ အပူပိုင်းဆိုင်ကလုန်းမိုခါဟာ မေလ ၁၄ ရက်က ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ရခိုင်ပြည်နယ်မြို့တော် စစ်တွေနဲ့ တခြားမြို့နယ် ၁၁ မြို့နယ်မှာ နေအိမ်တွေပြိုကျကာ အခြေခံအဆောက်အဦနဲ့ လျှပ်စစ်မီးတွေ ပြတ်တောက်ခဲ့ပြီး မြန်မာနိုင်ငံ အနောက်မြောက်ဘက်ကို ရွေ့လျားကာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
မိုခါမုန်တိုင်းကြောင့် စစ်ကောင်စီက ခန့်မှန်းခြေ လူ ၁၄၅ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပေမဲ့ အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရကတော့ သေဆုံးသူဦးရေဟာ ၄၀၀ ကျော် တယ်လို့ ခန့်မှန်းထားပါတယ်။
ကြီးမားတဲ့သတိပေးချက်တွေကို ထုတ်ပြန်ထားပြီးနောက် သိန်းနဲ့ချီတဲ့ အရပ်သားတွေကို မုန်တိုင်းလမ်းကြောင်းက ဝေးရာကို ရွှေ့ပြောင်းခဲ့ရပေမဲ့ စစ်တွေမြို့အနီးက ရိုဟင်ဂျာ အသိုက်အဝန်းက မူဆလင်တချို့ကို အပြည့်အဝ ဘေးလွတ်ရာကို မရွှေ့ပြောင်းနိုင်ခဲ့တာကြောင့် လူအများအပြား သေဆုံးခဲ့ရပါတယ်။
ကုလသမဂ္ဂအေဂျင်စီတွေနဲ့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းတွေက ကယ်ဆယ်ရေးပစ္စည်းတွေသိုလှောင်ထားပြီး ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ပြီးတာနဲ့ အကူအညီတွေ ပေးအပ်ဖို့ အသင့်ရှိနေခဲ့ပြီး စုစုပေါင်း လူပေါင်း ၁ ဒသမ ၆ သန်း ထိခိုက်ခဲ့တယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။
ပြီးခဲ့တဲ့ ၅ပတ်အတွင်း လူပေါင်း ၃၈၀,၀၀၀ ဟာ စားနပ်ရိက္ခာအကူအညီတချို့ရရှိခဲ့ပြီး လူပေါင်း ၁၄၄,၀၀၀ ကို အမိုးအကာအကူအညီပေးခဲ့ပါတယ်။
ခရီးသွားလာမှုအပေါ် ကန့်သတ်ချက်များ
လတ်တလောမှာ ရခိုင်နဲ့ နိုင်ငံတကာကအကူအညီပေးရေး လုပ်သားတွေဟာ အကူအညီ အပြည့်အဝ တိုးမြှင့်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် ပြင်ဆင်ရေးတွေကို တားမြစ်ခံနေရပါတယ်။ စစ်တပ်ဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို တာဝန်ယူဆောင်ရွက်ခဲ့ပေမဲ့ ခရီးသွားလာမှုနဲ့ သန့်ရှင်းရေးလုပ်ငန်းတွေကို ကန့်သတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အကူအညီတွေ ဖြန့်ဝေပေးမှုကြောင့် ဒေသခံ ကယ်ဆယ်ရေး လုပ်သားတချို့ ဖမ်းဆီးခံခဲ့ရပြီး သတင်းထောက်အချို့လည်း ဖမ်းဆီးခံခဲ့ရပါတယ်။
အာဆီယံ၏ အရေးပေါ်တုံ့ပြန်ရေးနဲ့ အကဲဖြတ်ရေးအဖွဲ့ဟာ မေ ၃၀ ရက်နေ့မှသာ အမြန် လိုအပ်ချက်တွေရဲ့ အကဲဖြတ်မှုကို အပြီးသတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂလိုပဲ အာဆီယံအဖွဲ့တွေကို စစ်အစိုးရက အကူအညီတွေပေးအပ်ခြင်းမပြုဖို့ ကန့်သတ်ထားပါတယ်။
ထိခိုက်နစ်နာခဲ့တဲ့ အရပ်သားတွေကို အရေးပေါ်အကူအညီတွေ မြန်မြန်ဆန်ဆန် ပေးဖို့ လိုအပ်နေပေမဲ့ မုန်တိုင်းပြီးနောက် စစ်အစိုးရရဲ့ နောက်ဆက်တွဲလုပ်ဆောင်ချက်တွေဟာ နားမလည်နိုင်ဖွယ်ရာ ဖြစ်နေပါတယ်။
အဆောက်အအုံတွေ အများအပြားပျက်စီးမှုဖြစ်ပေါ်နေပြီး အကူအညီတွေ ဖြန့်ဝေမှုအခက်အခဲဖြစ်နေပေမဲ့ ပြည်နယ်တဝန်းက စာသင်ကျောင်းပေါင်း ၂၄၀၀ လောက်ကို ဇွန်လ ၁ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ဖို့ ပြည်နယ်စစ်ကောင်စီက အမိန့်ပေးခဲ့ပါတယ်။
ရေကန်တွေ ပြန်လည်ထူထောင်ရေးနဲ့ နှစ်စဉ် စိုက်ပျိုးရာသီအတွက် ပြင်ဆင်မှုတွေဟာ ရွှေ့ပြောင်းသွားလာမှုနဲ့ ထောက်ပံ့ရေးဆိုင်ရာ ကန့်သတ်ချက်တွေကြောင့်လည်း အကျိုးသက်ရောက်မှုတွေရှိပါတယ်။ တပတ်အကြာမှာ စစ်ကောင်စီဟာ နိုင်ငံခြားအကူအညီပေးရေး လုပ်ငန်းတွေကို ကန့်သတ်ချက်အသစ်တွေ ချမှတ်ခဲ့ပါတယ်။
ကုလသမဂ္ဂ အရာရှိတွေအတွက် ခရီးသွားလာခွင့်ကို ဆိုင်းငံ့ထားပြီး အာဆီယံနိုင်ငံတွေက ပံ့ပိုးပေးတဲ့ နိုင်ငံခြားအကူအညီတွေ အပါအဝင် ရန်ကုန်ကို ရောက်ရှိလာတဲ့ နိုင်ငံခြား အလှူငွေတွေ ဖြန့်ဝေခြင်းကိုလည်း တားမြစ်ထားပါတယ်။
စစ်ကောင်စီက ချမှတ်ထားတဲ့ သိသာထင်ရှားတဲ့ အခြေအနေတွေဟာ နိုင်ငံပြင်ပက ကယ်ဆယ်ရေး ပစ္စည်းတွေ ဖြည့်တင်းတဲ့ နေရာမှာ ဆက်လက် ရှိနေပြီး၊ တချို့ကို ခွင့်မပြုပေးဘူးလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) ရဲ့ ဆိုင်ကလုန်းမိုခါအခြေအနေ အစီရင်ခံစာအမှတ် ၅မှာ ဇွန်လ ၁၉ ရက်နေ့က နောက်ဆုံးထုတ်ပြန်ထားပါတယ်။
ဆိုင်ကလုန်းမုန်တိုင်းအတွက် ဖြန့်ဖြူးရေးနဲ့ သယ်ယူပို့ဆောင်ရေး အစီအစဉ်တွေအတွက် ကနဦးခွင့်ပြုချက်တွေကို ရုတ်တရက် ပြန်လည်ရုပ်သိမ်းတာနဲ့ လက်ရှိ ခရီးသွားလာမှု ယာယီရပ်ဆိုင်းမှုတွေဟာ ပြည်နယ်တဝန်းက လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်မှုအပေါ် သက်ရောက်မှုရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါကြောင့်ရခိုင်အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက အကူအညီပေးရေး လုပ်သားအများအပြားဟာ ကန့်သတ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
မြန်မာနိုင်ငံက တင်းမာမှုများ
အဆိုပါ ကန့်သတ်ချက်တွေရဲ့ တစ်စိတ်တစ်ပိုင်းဟာ ရခိုင်ပြည်နယ်စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်/ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်တို့အကြား တင်းမာမှုတွေကြောင့်လည်း ဖြစ်ပါတယ်။
ရက္ခိုင့်တပ်တော်ဟာ အရပ်သား ၁၀၀,၀၀၀ လောက်ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရပြီး သူတို့ရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေကို လူသားချင်းစာနာမှုဆိုင်ရာနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းရေးရုံးက တဆင့် ရွှေ့ပြောင်းပေးခဲ့ပါတယ်။
ရက္ခိုင့်တပ်တော်ရဲ့ကယ်ဆယ်ရေး ကြိုတင်ကြိုးပမ်းမှုတွေရဲ့ အောင်မြင်မှုဟာ လွန်ခဲ့တဲ့ သုံးနှစ်အတွင်း ရခိုင်ပြည်နယ်ရဲ့ အုပ်ချုပ်ရေး စုစည်းမှု တိုးတက်မှုကို ညွှန်ပြနေပါတယ်။
၂၀၂၂ ခုနှစ်နှောင်းပိုင်းက ရရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးဟာ အခုအခါ တည်ငြိမ်နေပေမဲ့ မြို့နယ်အ များအပြားမှာ တပ်တွေ ပြန်လည်တည်ဆောက်တာနဲ့ ပြန်လည်နေရာချတာတွေကြောင့် တင်းမာမှုတွေ တိုးလာနေတယ်လို့ ဒေသခံအကူအညီပေးရေးလုပ်သားတွေက သတင်းထုတ်ပြန်ပါတယ်။
ပြည်နယ်စစ်ကောင်စီနဲ့ မီဒီယာတွေဟာ ရက္ခိုင့်တပ်တော်နဲ့ ရိုဟင်ဂျာမွတ်စလင်အသိုင်းအဝိုင်းတွေရဲ့ ကယ်ဆယ်ရေး ကြိုးပမ်းမှုတွေနဲ့ပတ်သက်ပြီး အပျက်သဘောဆောင်တဲ့ ဝါဒဖြန့်မှုတွေ ထုတ်လွှင့်နေပေမဲ့ သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ချီးကျူးဂုဏ်ပြုပါတယ်လို့ လွတ်လပ်တဲ့ ရခိုင်သတင်းမီဒီယာ Border News Agency က ဇွန်လ ၁၉ ရက်မှာ ဖော်ပြခဲ့ပါတယ်။
ဒီလို ဇာတ်ကြောင်းတွေကို ပြန်ကြည့်မယ်ဆိုရင် ရခိုင်ပြည်နယ် စစ်ကောင်စီဟာ ရက္ခိုင့်တပ်တော်ကို ဆန့်ကျင်ပြီး မြို့နယ် ၈ မြို့နယ်ရှိ ထိခိုက်ခံစားရတဲ့ ရပ်ရွာတွေကို ကူညီတဲ့နေရာမှာ ရည်ရွယ်ချက်ရှိရှိ ကန့်သတ်ထားတယ်လို့ ရက္ခိုင့်တပ်တော်က အခိုင်အမာ ပြောဆိုနေပါတယ်။
နိုင်ငံပိုင်မီဒီယာက မြန်မာစစ်တပ်၊ အကြီးတန်းအရာရှိတွေနဲ့ ဝန်ကြီးတွေရဲ့ ပြန်လည်ထူထောင်ရေးနဲ့ ကယ်ဆယ်ရေး ကြိုးပမ်းမှုတွေနဲ့ ဒေသဆိုင်ရာ အိမ်နီးချင်းတွေက လှူဒါန်းတဲ့ ထောက်ပံ့ရေးပစ္စည်းတွေ အများအပြားကို ဖော်ပြခဲ့ကြပေမဲ့ ဆိုင်ကလုန်းမုန်တိုင်းအပြီး ၃ပတ်အတွင်း ထောက်ပံ့ငွေအနည်းငယ်သာ ဖြန့်ဝေပေးခဲ့တယ်လို့ စစ်တွေမြို့ခံတွေက အခိုင်အမာပြောဆိုကြပါတယ်။
စစ်ကောင်စီရဲ့ နှေးကွေးပြီး ထိရောက်မှု မရှိတဲ့ တုံ့ပြန်မှုအတွက် နောက်ထပ် အလားအလာရှိတဲ့ အချက်တစ်ခုကတော့ အထက်လွှာအဆင့် ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ညံ့ဖျင်းမှုကြောင့် ဖြစ်ပါတယ်။ အဆုံးစွန်အားဖြင့် စစ်ကောင်စီဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အတားအဆီးမရှိဘဲ ဆက်လက်လုပ်ဆောင်ခွင့်ပြုမယ်ဆိုရင် နိုင်ငံရေးအရ ဂုဏ်ယူစရာတွေ ရရှိနိုင်မှာဖြစ်ပါတယ်။ ဒီလို ကန့်သတ်ချက်တွေကြာင့် ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှုကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာ တရားမျှတမှု တရားရုံးမှာ ကြားနာခြင်းမတိုင်ခင် အနောက်နိုင်ငံတွေရဲ့ အမြင်မှာ စစ်အစိုးရကို ယုံကြည်ကိုးစားမှု အပိုင်းတွေ လျော့ပါးသွားစေပါတယ်။
စစ်ကောင်စီဟာ ကုလသမဂ္ဂရဲ့ ယုံကြည်ကိုးစားမှုကို ဆိုးရွားစွာ ကျဆင်းစေခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှု သေချာစေဖို့ အဆင့်မြင့် ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပေမဲ့ စစ်ကောင်စီဟာ ကုလသမဂ္ဂကို ဆက်လက် ရှုတ်ချဆဲ ဖြစ်ပါတယ်။
ဇွန်လ ၁၃ ရက်နေ့မှာ ကုလသမဂ္ဂ ယာယီဌာနေညှိနှိုင်းရေးမှူး ရာမနသန် ဘလာကရီရှနန်က ကန့်သတ်ချက်တွေကို နားမလည်နိုင်စရာ လို့ခေါ်ဆိုခဲ့ပြီး OCHA က ပြောရေးဆိုခွင့်ရှိသူ ယန်းလယ်ရာကီကတော့ အသက်ကယ်အစားအစာတွေ ဝေငှတာကို ထိခိုက်စေတယ်လို့ သတ်မှတ်ခဲ့ပါတယ်။
ဘာလာကရီရှနန်ဟာ စစ်ကောင်စီ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနိုင်နဲ့ တခြားပြည်နယ် စစ်ကောင်စီ ဝန်ကြီးတွေနဲ့ တွေ့ဆုံပြီး လုပ်ငန်းလည်ပတ်ခွင့် အပြည့်အဝပေးဖို့ တောင်းဆိုခဲ့ပါတယ်။
မိုခါမုန်တိုင်းနဲ့ပတ်သက်ပြီး ကန့်သတ်ချက်တွေဟာ AHA စင်တာကနေတဆင့် အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ ထိတွေ့ဆက်ဆံမှုမှာသာမက သံတမန်ရေးဆိုင်ရာ ကြိုးပမ်းမှုတွေရဲ့ မအောင်မြင်မှုတွေနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။
တကယ်လို့ စစ်အစိုးရဟာ မုန်တိုင်းဒဏ်ခံရပြီးနောက် ပြည်သူတွေကို ကူညီတဲ့နေရာမှာ ပူးပေါင်းဆောင်ရွက်ခြင်း မပြုဘူးဆိုရင် စစ်တပ်ကလုပ်တဲ့ နိုင်ငံရေးဘေးဒုက္ခကို ဖြေရှင်းဖို့ ဘာမျှော်လင့်ချက်များ ရှိဦးမှာလဲ။
လီလီ
Ref: Fulcrum
(အာဆီယံနိုင်ငံတွေရဲ့ လူမှုရေး၊ နိုင်ငံရေးနဲ့ စီးပွားရေးတွေကို လေ့လာနေတဲ့ စင်ကာပူအခြေစိုက် ISEAS အဖွဲ့ရဲ့ Fulcrum ဝက်ဆိုက်မှာ ဆောင်းပါးရှင် David Scott Mathieson ရေးသားထားတဲ့ “Disaster relief dysfunction in Myanmar” ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြတာ ဖြစ်ပါတယ်။)