Home
ဆောင်းပါး
ကျန်းမာတဲ့ကမ္ဘာ၊ ကျန်းမာတဲ့သစ်တောနဲ့ ကျန်းမာတဲ့လူသားများ (ဆောင်းပါး)
DVB
·
June 23, 2023
Article 1

သစ်တောတွေဟာ အန္တရာယ်ရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူကာ အသက်ပေး အောက်ဆီဂျင်ကို ထုတ်လုပ်ပေးတာကြောင့် ကမ္ဘာမြေရဲ့အဆုတ်လို့ မကြာခဏ ခေါ်ဝေါ်ကြပါတယ်။

သစ်တောတွေဟာ အမျှင်ဓာတ်၊ လောင်စာ၊ စားနပ်ရိက္ခာနဲ့ အစားအစာတွေရဲ့ အရင်းအမြစ်တွေ ဖြစ်ပြီး ကမ္ဘာ့အဆင်းရဲဆုံးသူတွေ အပါအဝင် လူသန်းပေါင်းများစွာအတွက် အသက်‌သွေးကြောကိုလည်း ထောက်ပံ့ပေးနေပါတယ်။

လူပေါင်း ၂ ဒသမ ၄ ဘီလီယံလောက်ဟာ ချက်ပြုတ်ဖို့အတွက် သစ်သားအခြေခံစွမ်းအင်ကို အသုံးပြုကြပါတယ်။ သစ်တောတွေဟာ ရာသီဥတုပြောင်းလဲမှုကို လျော့ပါးစေပြီး မြေဆီလွှာ၊ လေထုနှင့် ရေအရည်အသွေးကို မြှင့်တင်ပေးပါတယ်။

ကမ္ဘာမြေရဲ့ ၃၁ ရာခိုင်နှုန်းကို ဖုံးလွှမ်းထားပြီး ကုန်းမြေအခြေခံမျိုးစိတ် အားလုံးရဲ့ နေထိုင်ရာ ၈၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးတဲ့ သစ်တောတွေဟာ လူသားတွေရဲ့ ကျန်းမာရေးနဲ့ ကောင်းကျိုးချမ်းသာအတွက် အရေးကြီးပေမဲ့ ကမ္ဘာတဝန်း သစ်တောဆုံးရှုံးမှုတွေက  နေရာတိုင်းမှာ လူသားတို့ကို ခြိမ်းခြောက်နေပါတယ်။

သစ်တောတွေနဲ့ လူသားတွေရဲ့ ကျန်းမာရေးကြားက ဆက်နွှယ်မှုတွေအကြောင်း သိထားရမယ့် အချက် ၅ ချက်ကတော့—

၁။ ကာဗွန်ကိုစုပ်ယူကာ ရာသီဥတုကို ပြောင်းလဲ‌စေခြင်း

သစ်တောဂေဟစနစ်တွေဟာ ရာသီဥတု၊ မိုးရွာသွန်းမှုပုံစံတွေနဲ့ ရေဝေရေလဲပုံစံတွေကို ထိန်းညှိပေးကာ လူသားဖြစ်တည်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အောက်ဆီဂျင်ကို အရေးတကြီး ပံ့ပိုးပေးခြင်းအားဖြင့် ကမ္ဘာကို ကျန်းမာစေပါတယ်။

ကျန်းမာတဲ့သစ်တောတွေဟာ နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုဒ် တန်ချိန် ၂ ဘီလီယံလောက်ကို စုပ်ယူပေးတဲ့ “ကာဗွန်စုပ်ခွက်များ” အဖြစ် လုပ်ဆောင်ခြင်းဖြင့် ရာသီဥတုပြောင်းလဲမှုကို ထိန်းသိမ်းဖို့ ကူညီပေးပါတယ်။

ပြောင်းလဲနေတဲ့ ရာသီဥတုဟာ လူတွေကို နည်းလမ်းမျိုးစုံနဲ့ ခြိမ်းခြောက်နေပါတယ်။ ရာသီဥတုပြင်းထန်တာကြောင့် ဖျားနာတာနဲ့ သေဆုံးတာတွေ၊ အစားအသောက်စနစ်တွေ ပျက်စီးတာနဲ့ ရောဂါတွေတိုးလာတာ ပါဝင်ပါတယ်။ ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင် ကျန်းမာတဲ့ သစ်တောတွေ မရှိရင် ကမ္ဘာတဝန်းကလူတွေ အထူးသဖြင့် အင်အားနည်းပြီး ဆင်းရဲတဲ့ နိုင်ငံတွေဟာ ကျန်းမာတဲ့ဘဝတွေရဖို့နဲ့ အသက်ရှင်ဖို့ကိုတောင် ရုန်းကန်နေရမှာပါ။

၂။ သဘာဝဆေးဆိုင်များ

မျက်နှာဖုံးတွေကနေ ဆေးဝါးတွေအထိ သစ်တောထွက်ပစ္စည်းတွေကို ကမ္ဘာအနှံ့ နေ့စဉ် အသုံးပြုနေကြပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ၈၀ ရာခိုင်နှုန်းနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ ၄ ပုံ ၁ ပုံ ဟာ အပင်အခြေခံ ဆေးဘက်ဝင် ဆေးဝါးတွေကို မှီခိုနေရပါတယ်။

သစ်တောတွေမှာ ဒေသခံလူထုနဲ့ နိုင်ငံစုံ ဆေးဝါးကုမ္ပဏီတွေက ဆေးဘက်ဆိုင်ရာ ရည်ရွယ်ချက်အတွက် အသုံးပြုတဲ့ အပင်မျိုးစိတ်ပေါင်း ၅၀,၀၀၀ ခန့် ပါဝင်ပါတယ်။ ထောင်ပေါင်းများစွာသော သစ်တောနေထိုင်သူတွေဟာ သူတို့ရိတ်သိမ်းထားတဲ့ သစ်တောထုတ်ကုန်တွေကို အသုံးပြုပြီး ဝေဒနာအမျိုးမျိုးကို ကုသပေးခဲ့ကြပါတယ်။

၃။ လူ ၁ ဘီလီယံအတွက် ညစာ

ကမ္ဘာတဝန်းက လူ ၁ ဘီလီယံနီးပါးဟာ အာဟာရပြည့်ဝတဲ့ အစားအစာတွေဖြစ်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေ၊ အခွံမာသီးတွေ၊ အသားတွေနဲ့ အင်းဆက်ပိုးမွှားလို တောရိုင်းအစားအစာတွေကို ရိတ်သိမ်းခြင်းအပေါ် မှီခိုနေရပါတယ်။ ဝေးလံခေါင်သီတဲ့ အပူပိုင်းဒေသအချို့မှာ တောရိုင်းတိရစ္ဆာန်‌တွေကို စားသုံးမှုကြောင့် နေ့စဉ် ပရိုတင်းလိုအပ်ချက်ရဲ့ ၆၀ ကနေ ၈၀ ရာခိုင်နှုန်းကြားကို ပြည့်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အာဖရိကတိုက်ရဲ့ နိုင်ငံပေါင်း ၂၇ နိုင်ငံက အိမ်ထောင်စု ၄၃,၀၀၀ ကို ပြုလုပ်တဲ့ လေ့လာမှုတခုအရ သစ်တောတွေနဲ့ ထိတွေ့ရသည့် ကလေးတွေရဲ့ အစားအသောက် ကွဲပြားမှုဟာ သစ်တောတွေနဲ့ ထိတွေ့မှုမရှိတဲ့ ကလေးတွေထက် အနည်းဆုံး ၂၅ ရာခိုင်နှုန်း ပိုများကြောင်း တွေ့ရှိခဲ့ပါတယ်။

စက်မှုဖွံ့ဖြိုးပြီးနိုင်ငံ အပါအဝင် အာရှနဲ့ အာဖရိကက နိုင်ငံပေါင်း ၂၂ နိုင်ငံမှာ အဖွဲ့အစည်းတခုကို ပျမ်းမျှ တောရိုင်းအစားအစာ ၁၂၀ ခန့် စားသုံးကြတယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပြီး အိန္ဒိယနိုင်ငံမှာ ခန့်မှန်းခြေ အိမ်ထောင်စု သန်း ၅၀ ဟာ တောရိုင်း တောတောင်တွေနဲ့ အနီးနား ချုံပုတ်တွေက ခူးဆွတ်ထားတဲ့ အသီးအနှံတွေကို သူတို့ရဲ့ ဖြည့်စွက်အစားအစာအနေနဲ့ စားသုံးကြပါတယ်။

၄။ သစ်တောတွေဟာ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးပါတယ်။

သစ်တောတွေဟာ ကမ္ဘာ့လူဦးရေရဲ့ ၃ ပုံ ၁ ပုံလောက် လူ ၂ ဒသမ ၅ ဘီလီယံခန့်ကို ကုန်စည်နဲ့ ဝန်ဆောင်မှုတွေ ထောက်ပံ့ပေးနေပါတယ်။

သစ်တောတွေနဲ့ လူသားတွေကို ကျန်းမာစွာ စောင့်ရှောက်ခြင်းဟာ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ၂၀၃၀ လုပ်ငန်းစဉ်ရဲ့ အဓိကအချက် ဖြစ်ပါတယ်။

သစ်တောတွေမှာ အချိန်ကိုအသုံးပြုမယ်ဆိုရင် အပြုသဘောဆောင်တဲ့ စိတ်ခံစားမှုတွေကို မြင့်မားစေပြီး စိတ်ဖိစီးမှု၊ သွေးပေါင်ချိန်၊ စိတ်ဓာတ်ကျခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ စိုးရိမ်ပူပန်မှုတွေနဲ့ တင်းမာမှုတွေကို လျော့ကျစေပြီး ခုခံအားစနစ်ကို မြှင့်တင်နိုင်ကြောင်း လေ့လာမှုတွေက ဖော်ပြထားပါတယ်။

လူ့ကျန်းမာရေးနဲ့ စိတ်ချမ်းသာမှုဟာ သန့်ရှင်းတဲ့လေ၊ ရေ၊ ကျန်းမာတဲ့မြေဆီလွှာနဲ့ အစားအစာ စတဲ့ မရှိမဖြစ်လိုအပ်တဲ့ အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်တဲ့ သဘာဝပတ်ဝန်းကျင်ပေါ်ကို မူတည်နေပါတယ်။

ကမ္ဘာ့ရေချို ၇၅ ရာခိုင်နှုန်းခန့်ဟာ သစ်တောတွေရဲ့ ရေဝေရေလဲလုပ်ငန်းစဉ်ကနေ ဆင်းသက်လာတာဖြစ်ပြီး ကမ္ဘာ့အကြီးဆုံးမြို့တွေရဲ့ ထက်ဝက်နီးပါးအတွက် သောက်သုံးရေကို ထောက်ပံ့ပေးထားပါတယ်။ သစ်တောကို ပြုန်းတီးစေတဲ့ ခြိမ်းခြောက်မှုတွေဟာ ရေရှားပါးမှုကို ဖြစ်ပေါ်စေနိုင်ပြီး ကမ္ဘာ့ရေချိုအရင်းအမြစ်တွေ အန္တရာယ်ရှိလာတဲ့အတွက် လာမယ့် UN 2023 Water Conference မှာ အရေးတကြီး ကိုင်တွယ်ဖြေရှင်းရမယ့် အရေးတကြီး ပြဿနာတွေထဲက တခု ဖြစ်လာပါတယ်။

သစ်တော‌တွေဟာ မုန်တိုင်းနဲ့ ရေလွှမ်းမိုးမှုတွေရဲ့ သက်ရောက်မှုကို ကြားခံကာ ပြင်းထန်တဲ့ ရာသီဥတုဖြစ်စဉ်များအတွင်း လူသားတွေရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းရေးကို ကာကွယ်ပေးခဲ့ကြပါတယ်။ အကျပ်အတည်းကာလမှာ သစ်တောတွေဟာ သဘာဝရဲ့ လူမှုစီးပွားဘဝ လုံခြုံမှုပိုက်ကွန်တွေအဖြစ် ရာစုနှစ်များစွာကြာအောင် လုပ်ဆောင်ခဲ့ကြပြီး ရေရှည်တည်တံ့စွာ စီမံခန့်ခွဲခြင်းနဲ့ ကာကွယ်ထားတဲ့ သစ်တောတွေဟာ လူသားအားလုံးအတွက် ကျန်းမာရေးနဲ့ ဘေးကင်းမှုကို မြှင့်တင်ပေးပါတယ်။

၅။ သစ်တောတွေကို ကာကွယ်ဖို့ လိုအပ်ပါတယ်။

သစ်တောတွေရဲ့ အကျိုးကျေးဇူးတွေကို သိရှိပေမဲ့လည်း သစ်တောတွေကို ထိုက်တန်တဲ့ ကာကွယ်မှုတွေကိုတော့ မပေးကြပါဘူး။ တောမီး၊ အင်းဆက်ပိုးမွှားတွေ ပျက်စီးမှုနဲ့ သစ်တောပြုန်းတီးမှုဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း သစ်တောဆုံးရှုံးမှု ဟက်တာ သန်း ၁၅၀ အထိရှိခဲ့ပြီး ဒါဟာ ချဒ် ဒါမှမဟုတ် ပီရူးလို နိုင်ငံတနိုင်ငံရဲ့ မြေထုပမာဏထက် ပိုများပါတယ်။ စားအုန်းဆီ၊ အမဲသား၊ ပဲ၊ သစ်၊ ပျော့ဖတ်နဲ့ စက္ကူအပါအဝင် လယ်ယာထွက်ကုန် တမျိုးတည်းကိုသာ ထုတ်လုပ်ခြင်းဟာ အပူပိုင်း သစ်တောပြုန်းတီးမှုရဲ့ ၇၀ ရာခိုင်နှုန်းခန့်ကို တွန်းအားပေးစေခဲ့ပါတယ်။

ကုလသမဂ္ဂဟာ ဂေဟစနစ် ပြန်လည်ထူထောင်ရေးဆယ်စုနှစ် 2021-2023 ကို တည်ထောင်ခဲ့ပြီး သူ့ရဲ့အေဂျင်စီတွေဟာ ပီရူးမှာ သစ်ပင် ၃ သန်း စိုက်ပျိုးခြင်းကနေ ပိုမိုကောင်းမွန်တဲ့ သစ်တောတွေကို ကာကွယ်ဖို့ ဒေသခံ‌တွေ ကမ္ဘာလုံးဆိုင်ရာ သက်ဆိုင်သူတွေနဲ့ ပူးပေါင်းကာ တရားမဝင် သစ်တောထွက်ပစ္စည်းတွေ ခိုးထုတ်တာကို ကာကွယ်ဖို့ အမျိုးသမီးငယ်တွေကို အခွင့်အာဏာပေးကာ ပီရူးမှာ သစ်တောရိန်းဂျားတွေအဖြစ် လုပ်ဆောင်နိုင်စေခဲ့ပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီ (ECOSOC) ဥက္ကဋ္ဌက အပြည်ပြည်ဆိုင်ရာနေ့ အခမ်းအနားမှာ “ရေရှည်တည်တံ့ခိုင်မြဲစွာ စီမံခန့်ခွဲထားတဲ့ သစ်တောတွေဟာ ကျွန်ုပ်တို့ လက်ရှိကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကနေ ကျန်းမာသန်စွမ်းစွာ ပြန်လည်ထူထောင်ရေးနဲ့ အနာဂတ်အကျပ်အတည်းကို ခံနိုင်ရည်ရှိမှုရဲ့ သော့ချက်ဖြစ်ပါတယ်။ ကျန်းမာရေးကို ဘယ်လိုသတ်မှတ်ထားပါစေ၊ ရုပ်ပိုင်းဆိုင်ရာဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာဖြစ်ဖြစ် သစ်တောတွေဟာ အခန်းကဏ္ဍတခုအနေနဲ့ ပါဝင်နေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

လီလီ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024