Home
ဆောင်းပါး
ကမ္ဘာမြေရဲ့ စိန်ခေါ်မှုများ (၄)
မောင်သာမည
·
June 19, 2023

အစာရေစာ ရှားပါးလာခြင်း

လူသားတွေထုတ်လုပ်တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေကြောင့် ကမ္ဘာကြီးတခုလုံး ပိုမိုပူနွေးလာပြီး ရာသီဥတုတွေလည်း လုံးဝပြောင်းလဲသွားပြီဆိုတဲ့အချက်ကို ပညာရှင်တွေသာမက သာမန်အရပ်သားတွေလည်း လက်တွေ့ မျက်တွေ့ ရင်ဆိုင်နေကြရပါပြီ။

ကမ္ဘာ့ပူနွေးမှုကြောင့် ပင်လယ်ရေပြင် မြင့်တက်လာပြီး စူပါမုန်တိုင်းကြီးတွေ အဖြစ်များလာပါတယ်။ မုန်တိုင်းနဲ့အတူ မိုးခေါင်ရေကြီး သဘာဝဘေးဆိုးတွေ ဆင့်ကဲ ဖြစ်ပွားလာပါတယ်။ ဒီဘေးဆိုးတွေကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေ ပျက်စီးသလို ပင်လယ်သတ္တဝါတွေလည်း လျော့နည်းသွားပြီး အစာရေစာ ရှားပါးလာရပါတော့တယ်။

အစာရေစာခေါင်းပါးမှုကို ကမ္ဘာ့နိုင်ငံအားလုံးက အနည်းနဲ့အများ ခံစားနေရတာပါ။

အဆိုးဆုံးကတော့ အာဖရိကနိုင်ငံများပဲ ဖြစ်ပါတယ်။ ပူနွေးမှုနှုန်းဟာ အာဖရိကဒေသမှာ အရှိန်အမြန်ဆုံး ဖြစ်နေတဲ့အတွက် ရာသီဥတု ကမောက်ကမ ဖြစ်ရပ်တွေကလည်း များပြား‌နေလို့ပါပဲ။

အာဖရိကတိုက်ရဲ့ စိုစွတ်တဲ့ဒေသတွေမှာ ၃၀ ရာခိုင်နှုန်းအထိ မိုးရွာသွန်းမှု ပိုများလာပြီး ခြောက်သွေ့တဲ့ ဒေသတွေမှာတော့ ၂၀ ရာခိုင်နှုန်းအထိ မိုးနည်းပါးလာပါတယ်။ တောင်ဆူဒန်မှာ ရေကြီးတာ လေးနှစ်ဆက်တိုက် ရှိနေပါတယ်။ အီသီယိုးပီးယားနိုင်ငံ၊ ကင်ညာနိုင်ငံနဲ့ ဆိုမာလီယာနိုင်ငံတွေမှာတော့ မိုးခေါင်နေခဲ့တာ နှစ်ပေါင်း ၇၀ ရှိပါပြီ။ အာဖရိကတိုက်ရဲ့ စိုက်ပျိုးရေးလုပ်ငန်းက အရင်ထက် ၃၅ ရာနှုန်း ကျဆင်းသွားတယ်လို့ ကုလသမဂ္ဂအဖွဲ့ကြီးက ပြောပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံဆိုရင် ၆၅ ရာနှုန်းအထိ သီးနှံအထွက်နှုန်း ကျဆင်းသွားခဲ့ပါတယ်။

အပူဒဏ်ကို ခံနိုင်ရည်မရှိတဲ့ ဂျုံသီးနှံတွေဟာ အရင်လောက် မဖြစ်ထွန်းတော့ပါဘူး။ အိန္ဒိယနိုင်ငံမှာ လွန်ခဲ့တဲ့နှစ်က အပူချိန် စံချိန်တင်မြင့်တက်ခဲ့တဲ့အတွက် ဂျုံအထွက်နှုန်းက ၁၅ ရာနှုန်းအထိ ကျဆင်းခဲ့ပါတယ်။ ကမ္ဘာ့အပူချိန် ၁ ဒီဂရီစင်တီဂရိတ် တိုးရင် သီးနှံအထွက်နှုန်းက ၅ ရာနှုန်းကနေ ၁၅ ရာနှုန်းအထိ ကျဆင်းသွားတယ်လို့ ဆိုပါတယ်။ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို မလျှော့ဘူးဆိုရင် ၂၁၀၀ ပြည့်နှစ်မှာ ကမ္ဘာကြီးတခုလုံးရဲ့ သီးနှံအထွက်နှုန်းဟာ  ၃၅ ရာနှုန်းအထိ ကျဆင်းသွားလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

ကမ္ဘာကြီး ပိုမိုပူနွေးလာတာနဲ့အတူ အပူလှိုင်းရိုက်ခတ်မှုတွေကလည်း တနှစ်ထက်တနှစ် ပိုများလာပါတယ်။ အပူလှိုင်းကြောင့် ကောက်ပဲသီးနှံစိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေမှာ ထိခိုက်လာပါတယ်။ လူတွေမှာ ကိုယ်ခံအားကျပြီး ရောဂါအဖြစ်များလာသလို တိရစ္ဆာန်တွေမှာလည်း ရောဂါထူပြောလာပါတယ်။ ဒါကြောင့် တိရစ္ဆာန်ကရရှိတဲ့ အသားနဲ့ နို့ဟာလည်း လျော့ကျလာပါတယ်။

ပင်လယ်ရေပြင် ပူနွေးလာမှုကြောင့် ငါးပုစွန်တွေ နေထိုင်တဲ့ သန္တာကျောက်တန်းတွေဟာ အလျှင်အမြန် ပျက်စီးနေပါတယ်။ ပင်လယ်သတ္တဝါ ၉၀ ရာနှုန်းရဲ့ ရှင်သန်မှုဟာ သန္တာကျောက်တန်းတွေအပေါ်မှာ အမှီပြုနေရတာပါ။ သန္တာကျောက်တန်းတွေ မရှိတော့ရင် ပင်လယ်သတ္တဝါတွေလည်း နေထိုင်စရာ မရှိတော့တဲ့အတွက် အကြီးအကျယ် ပျက်သုဉ်းကြရမှာပါ။ လက်ရှိအနေအထားမှာ ကမ္ဘာကြီးရဲ့ သန္တာကျောက်တန်း ၂၇ ရာနှုန်း ပျောက်ကွယ်သွားပြီလို့ ဆိုပါတယ်။ ၂၀၅၀ ပြည့်နှစ်ရောက်ရင် ၃၀ ရာနှုန်းပဲ ကျန်မယ်လို့ ခန့်မှန်းထားပါတယ်။

ကမ္ဘာ့ပူနွေးမှုနှုန်းကို လျှော့မချဘူးဆိုရင် ၂၁ ရာစု ကုန်ဆုံးတဲ့အချိန်မှာ သန္တာကျောက်တန်း ၁၀ ရာခိုင်နှုန်းလောက်ပဲ ကျန်နိုင်တော့မယ်လို့ ပညာရှင်တချို့က သတိပေးနေပါတယ်။ ဒါဆိုရင် ပင်လယ်ငါးဆိုတာ ရှားပါးအစားအစာအဖြစ်ကို ရောက်သွားပါမယ်။ မွေးမြူရေးငါးကိုပဲ စားကြရပါတော့မယ်။ ဒီအဖြစ်က လူသားတွေအပေါ် အကြီးအကျယ် ထိခိုက်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့လူဦးရေ သန်းပေါင်း ၃,၅၀၀ ရဲ့ အဓိကအစားအစာက ပင်လယ်ငါး ဖြစ်နေတာကြောင့်ပါ။ လာမယ့် နှစ် ၂၀ အတွင်းမှာ ပင်လယ်စာကို အဓိက စားသုံးတဲ့ လူဦးရေဟာ သန်း ၇,၀၀၀ အထိ ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းထားတဲ့အတွက် ငတ်မွတ်ခေါင်းပါးမှုကပ်ဆိုးကို ရှောင်ရှားနိုင်ဖို့ ယခုအချိန်ကတည်းက ပြင်ဆင်ထားရမှာပါ။

ရာသီဥတုပြောင်းလဲမှုက သီးနှံအထွက်နှုန်းကို လျော့ကျစေသလို အရည်အသွေးကိုလည်း ကျဆင်းစေပါတယ်။ အထူးသဖြင့် သီးနှံတွေမှာပါတဲ့ အာဟာရဓာတ်တွေဟာ ၁၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ ယုတ်လျော့သွားမယ်လို့ ဆိုပါတယ်။ ၂၁၀၀ ခုနှစ် ရောက်ရင် ဘာလီ၊ ဂျုံနဲ့ ဆန်စပါးမှာပါဝင်တဲ့ ပရိုတိန်းဓာတ်က ၆ ရာနှုန်းကနေ ၁၅ ရာနှုန်းထိ ကျဆင်းသွားမယ်လို့ ခန့်မှန်းထားပါတယ်။ သတ္တုဓာတ်တွေလည်း သိသိသာသာ ယုတ်လျော့သွားပါမယ်။ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ် ပိုများလာဦးမယ်ဆိုရင် ဆန်စပါးတွေမှာ ပါဝင်တဲ့ ဗိုက်တာမင်ဘီအုပ်စုဟာ ၁၇ ရာနှုန်းကနေ ၃၀ ရာနှုန်းအထိ ယုတ်လျော့သွားမယ်လို့ ဆိုပါတယ်။ ဒါကြောင့် အာဟာရချို့တဲ့တဲ့ ပြဿနာတွေကို ရင်ဆိုင်ကြရဦးမှာပါ။

ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်လာတဲ့ စိန်ခေါ်မှုတွေထဲမှာ အစာရေစာ ခေါင်းပါးမှုကတော့ အကြီးမားဆုံးပဲလို့ ပြောနိုင်ပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးမှုနည်းပါးတဲ့ နိုင်ငံတွေက အကြီးအကျယ် ရင်ဆိုင်တွေ့ကြရမှာပါ။ အစားအစာကို ဝဝလင်လင် မစားရသလို စားရတာတွေ ကလည်း အာဟာရမပြည့်ဝတဲ့ အစားအစာတွေ ဖြစ်နေပါလိမ့်မယ်။ ဒီလိုပြဿနာကို ဆိုမာလီယာနိုင်ငံသား ၈ သန်းက ရင်ဆိုင်နေရပါပြီ။ ၂၀၃၀ ခုနှစ်ရောက်ရင် အာဖရိက တိုက်သား ၄၃ သန်းအထိ အစာရေစာ ဆင်းရဲမှုကို ကြုံရလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

၂၀၁၉ ခုနှစ်တုန်းက ကမ္ဘာ့လူဦးရေ ၁၃၅ သန်းဟာ အစာရေစာဆင်းရဲမှုကို ကြုံခဲ့ရပါတယ်။ လက်ရှိ ၂၀၂၃ ခုနှစ်အတွင်းမှာ ၃၄၅ သန်းအထိ ဒီပြဿနာကို ရင်ဆိုင်နေရပါတယ်။ တိုင်းပြည်ပေါင်း ၈၂ ခုမှာ ဖြစ်နေတာလို့ ဆိုပါတယ်။ အငတ်ဘေးထဲ ကျရောက်နေသူက ၉ သိန်းကျော်အထိ ရှိနေပါတယ်။ လွန်ခဲ့တဲ့ငါးနှစ်ကဆိုရင် လူတသိန်းလောက်သာ ရှိခဲ့တာပါ။ ၂၀၃၀ ခုနှစ်မှာ ကမ္ဘာတခုလုံး အာဟာရပြည့်ဝတဲ့ အစားအစာကို လုံလုံလောက်လောက် စားနိုင်တဲ့ အနေအထား ရောက်ရမယ်လို့ အားခဲထားကြတဲ့ ကမ္ဘာ့လူသားများအတွက် လက်ရှိအခြေအနေဟာ တကယ့်စိန်ခေါ်မှုကြီးပါပဲ။ ကမ္ဘာသူ ကမ္ဘာသား အားလုံးက အတူအညီ စုပေါင်းဖြေရှင်းမှ ဒီစိန်ခေါ်မှုကြီးကို ဖြတ်ကျော်နိုင်မှာ ဖြစ်တယ်လို့ ကုလသမဂ္ဂအဖွဲ့ကြီးက သတိပေး ပြောကြားနေပါတယ်။

မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး အစာရေစာရှားပါးတဲ့ဘေးမှ လွတ်ကင်းနိုင်ကြပါစေခင်ဗျား။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024