DVB Logo
Home
Lead Story
ကိုလံဘီယာ အမေဇုန်သစ်တောတွေကို စောင့်ရှောက်ဖို့ ဌာ‌နေတိုင်းရင်းသား အမျိုးသမီးတွေကို စွမ်းဆောင် စေခြင်း
DVB
·
June 18, 2023
ကိုလံဘီယာ အမေဇုန်သစ်တောတွေကို စောင့်ရှောက်ဖို့ ဌာ‌နေတိုင်းရင်းသား အမျိုးသမီးတွေကို စွမ်းဆောင် စေခြင်း
Donate to DVB

ကိုလံဘီယာ အမေဇုန်သစ်တောတွေကို စောင့်ရှောက်ပြီး အဲ့ဒီမှာနေထိုင်တဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ လူနေမှုအဆင့်အတန်းကို မြင့်မားစေတာဟာ အမေဇုန်တောကို စောင့်ရှောက်‌သူတွေရဲ့ တာဝန်ပဲဖြစ်ပါတယ်။

ကိုလံဘီယာအရှေ့တောင်ပိုင်းက ဌာနဆိုင်ရာတွေမှာ ဒေသခံအမျိုးသမီး ၂,၅၀၀ လောက်ကို ပါဝင်စေရုံသာမက ထိန်းသိမ်းရေးနဲ့ အုပ်ချုပ်ရေးမှာ ခေါင်းဆောင်တွေဖြစ်လာစေဖို့အတွက် အမေဇုန်တောကို စောင့်ရှောက်သူများ (Guardians of the Amazon) အဖွဲ့ကို ဖွဲ့စည်းတည်ထောင်ထားပါတယ်။

ကိုလံဘီယာ အမေဇုန်

ကိုလံဘီယာနိုင်ငံရဲ့ အမေဇုန်ဒေသဟာ နိုင်ငံရဲ့ အရေးပါတဲ့ ကုန်းမြေဧရိယာရဲ့ ၄၀ ရာခိုင်နှုန်းကို သစ်တောဟက်တာ ၃၉ သန်းခန့်က လွှမ်းခြုံထားပြီး အများစုဟာ ဌာနေတိုင်းရင်းသားနယ်မြေတွေ ဖြစ်ပါတယ်။

နိုင်ငံအတွင်း ဌာနေတိုင်းရင်းသားလူမျိုး ၁ ဒသမ ၉ သန်းလောက် ရှိတယ်လို့ ခန့်မှန်းထားပြီး ခန့်မှန်းခြေအားဖြင့် ၁၅၀,၀၀၀ လောက်ဟာ တိုင်းရင်းသားအသိုက်အဝန်းနဲ့ အမျိုးသားကာကွယ် ထိန်းသိမ်းရေး နယ်မြေတွေမှာ နေထိုင်ကြပါတယ်။

ဒါကြောင့် ဒီနယ်မြေရဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်မှုနဲ့ စီမံခန့်ခွဲမှုဟာ သစ်တောထိန်းသိမ်းမှုအပေါ် ကြီးမားတဲ့ သက်ရောက်မှု ရှိပါတယ်။

ဒါပေမဲ့ သစ်တောပြုန်းတီးမှု၊ ရေနံလုပ်ပိုင်ခွင့်တွေ၊ လက်နက်ကိုင်ပဋိပက္ခနဲ့ တိရစ္ဆာန်မွေးမြူရေးအပြင် တော်လှန်ရေးတပ်တွေ ရှိနေတာကြောင့် အခုအခါ တိုင်းရင်းသားလူမျိုးတွေရဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းဖို့နဲ့ သူတို့ရဲ့နယ်မြေတွေကို ကာကွယ်စောင့်ရှောက်ဖို့ ပိုမိုခက်ခဲလာပါတယ်။

ကိုလံဘီယာ အမေဇုန်ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း သစ်တောပြုန်းတီးမှုနှုန်း လျော့ကျသွားပေမဲ့ သစ်တောဆုံးရှုံးမှုနှုန်း မြင့်မားစွာ ရင်ဆိုင်နေရဆဲပါပဲ။

၂၀၁၉ ခုနှစ်မှာ သစ်တော ၉၈,၂၅၆ ဟက်တာ ဆုံးရှုံးခဲ့တယ်လို့ ကိုလံဘီယာ ဇလဗေဒသိပ္ပံ၊ မိုးလေဝသနဲ့ သဘာဝပတ်ဝန်းကျင်လေ့လာမှု တရားဝင်အစီရင်ခံစာမှာ ဖော်ပြထားပြီး ဒီပမာဏဟာ တနိုင်ငံလုံးအဆင့်အနေနဲ့ သစ်တောပြုန်းတီးမှုရဲ့ ၆၂ ရာခိုင်နှုန်း ရှိပါတယ်။

အမေဇုန်မှ အမျိုးသမီးများ

သမိုင်းကြောင်းအရ အမေဇုန်က ဌာနေတိုင်းရင်းသား အမျိုးသမီးတွေဟာ အစားအစာ ထုတ်လုပ်ခြင်းနဲ့ ဆေးဘက်ဝင်အပင်တွေ စိုက်ပျိုးခြင်းတို့နဲ့ နက်ရှိုင်းစွာ ဆက်စပ်နေခဲ့ပါတယ်။

ဒါဟာ သစ်တောနဲ့ပတ်သက်တဲ့ သူတို့ရဲ့ ကြီးမားတဲ့အသိပညာနဲ့ အရင်းအမြစ်တွေကို စီမံခန့်ခွဲခြင်းအတွက် အခြေခံဖြစ်ပါတယ်။ ဒီအရင်းအမြစ်တွေဟာ ဒေသတွင်းမှာရှိတဲ့ ဌာနေတိုင်းရင်းသား လူမျိုးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ ယဉ်ကျေးမှု ရှင်သန်ဖို့အတွက် အခြေခံအုတ်မြစ်လည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ဌာနေတိုင်းရင်းသား အမျိုးသမီးတွေဟာ သူတို့ရဲ့ရပ်ရွာနဲ့ အမေဇုန်သစ်တောတွေ ထိန်းသိမ်းရေးမှာ အဓိကအခန်းကဏ္ဍက ပါဝင်နေတာကို ကျယ်ကျယ်ပြန့်ပြန့် နားလည်ထားကြပေမဲ့ အမျိုးသား‌တွေဟာ မြေယာအသုံးပြုမှုနဲ့ စီမံခန့်ခွဲရေးဆိုင်ရာ ဆုံးဖြတ်ချက် ချမှတ်သူတွေ ဖြစ်နေကြဆဲပါပဲ။

လွန်ခဲ့တဲ့လတွေအတွင်းက ပေါ်ပေါက်ခဲ့တဲ့ အမေဇုန်တောကို စောင့်ရှောက်သူများရဲ့ တွေ့ဆုံမှုရလဒ်အရ အမျိုးသမီးအချို့ဟာ တရားဝင်ရာထူးတွေ ရရှိနေကြပြီဖြစ်ပါတယ်။

အမျိုးသမီး ညှိနှိုင်းရေးမှူးတွေနဲ့ အမျိုးသမီး အုပ်ချုပ်ရေးမှူး လေးဦးတောင် ရှိနေပြီဖြစ်ပြီး သူတို့ရဲ့ ခေါင်းဆောင်မှုကလည်း ဒီမှာ အရမ်းအားကောင်းပါတယ်။

အမြော်အမြင်ရှိသော ပူးပေါင်းဆောင်ရွက်မှု

REM Amazon Vision ပရိုဂရမ်ဟာ နော်ဝေ၊ ဂျာမနီနဲ့ ဗြိတိန်အစိုးရတို့က ငွေကြေးပံ့ပိုးမှုနဲ့ ကိုလံဘီယာအစိုးရရဲ့ အစပျိုးမှုတခု ဖြစ်ပါတယ်။

ဒါဟာ ကိုလံဘီယာ အမေဇုန်အတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်းချက်ကို တည်ဆောက်ဖို့၊ အပူပိုင်းဒေသ သစ်တောကာကွယ်ရေးဗျူဟာတွေကို မြှင့်တင်ဖို့နဲ့ သဘာဝ အရင်းအမြစ်တွေကို ရေရှည်တည်တံ့စွာ အသုံးပြုမှု မြှင့်တင်ဖို့ ကြိုးပမ်းချက်လည်း ဖြစ်ပါတယ်။

ကိုလံဘီယာ အမေဇုန် ဌာနေတိုင်းရင်းသားများအဖွဲ့ (OPIAC) နဲ့ Amazon Vision အဖွဲ့ဟာ ၂၀၁၈ ခုနှစ်မှာ အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပခဲ့ကြပြီး ဒီလုပ်ငန်းစဉ်မှာ ပါဝင်ခဲ့ကြတဲ့ ဌာနေတိုင်းရင်းသား အမျိုးသမီးတွေရဲ့ ကျေးဇူးကြောင့် အမျိုးသမီးတွေရဲ့ စွမ်းဆောင်နိုင်မှုဟာ အစီအစဉ်မှာ အကြေအလည်ဆွေးနွေးရမယ့် ပြဿနာတခုအဖြစ် ပါဝင်ရုံသာမက ဌာနေတိုင်းရင်းသားမဏ္ဍိုင် သဘာဝပတ်ဝန်းကျင် စီမံအုပ်ချုပ်မှုမှာ ပေးအပ်ထားတဲ့ ဘဏ္ဍာရေး အရင်းအမြစ်တွေရဲ့ ၁၀ ရာခိုင်နှုန်းကို သီးခြား‌ ထောက်တိုင်တခုအဖြစ်လည်း သတ်မှတ်ခဲ့ပါတယ်။

လက်ရှိမှာ မဟာမိတ်အဖွဲ့တွေက အမေဇုန် ဌာနေတိုင်းရင်းသူ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ကို တည်ဆောက်ဖို့ ရည်ရွယ်တဲ့ ပရောဂျက်‌တွေကို အကောင်အထည် ဖော်ဖို့အတွက် ရပ်ရွာအခြေပြု အဖွဲ့အစည်း ၆၉ ခုက ပံ့ပိုးပေးထားပြီး မိရိုးဖလာ အသိပညာနဲ့ အလေ့အထတွေကို မြင်သာအောင် ဒေသန္တရ ကိုယ်ပိုင်အုပ်ချုပ်မှုစနစ်မှာ ခေါင်းဆောင်တွေ ဖြစ်လာစေဖို့ တွန်းအားပေးပါတယ်။

စီမံကိန်းအများစုဟာ အမေဇုန်ရှိ ဌာနေတိုင်းရင်းသား အသိုက်အဝန်းတွေ အသုံးပြုတဲ့ ရိုးရာစိုက်ပျိုးရေး ဧရိယာတွေကို တည်ထောင်ခြင်းဖြင့် ရိုးရာအစားအစာစနစ်တွေ ပြန်လည်အသက်ဝင်လာစေဖို့ အာရုံစိုက်ကာ ဆေးဘက်ဝင်အပင်တွေ စိုက်ပျိုးတာအပြင် ဇီဝမျိုးစုံမျိုးကွဲတွေ ပြန်လည်ရရှိဖို့နဲ့ ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် မျိုးစေ့တွေ ဖလှယ်တာကိုလည်း လုပ်ဆောင်ကြပါတယ်။

ဌာနေအမျိုးသမီးတွေဟာ သူတို့ရဲ့ ရပ်ရွာတွေအတွက် စားနပ်ရိက္ခာဖူလုံမှု ရှိစေဖို့အပြင် ဇီဝဗေဒနဲ့ ယဉ်ကျေးမှုဆိုင်ရာ အရေးပါတဲ့ ဧရိယာ ၅၀ ကို ကာကွယ်ထိန်းသိမ်းဖို့နဲ့ ပြန်လည်ထူထောင်ဖို့အတွက် ဟက်တာ ၁,၀၀၀ ကို စီမံခန့်ခွဲဖို့ တာဝန်ယူထားကြပါတယ်။

တခြားပရောဂျက်တွေမှာတော့ အမျိုးသမီးတွေ လည်ပတ်တဲ့ အသေးစားလုပ်ငန်းတွေကို ဦးတည်ပြီး ကုန်ကြမ်းပစ္စည်းတွေကို ရေရှည်တည်တံ့စွာ အသုံးပြုဖို့နဲ့ လက်မှုပစ္စည်း ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်း‌တွေကိုလည်း ပံ့ပိုးပေးထားပါတယ်။

စီမံကိန်းဖွံ့ဖြိုးတိုးတက်ရေး၊ စုပေါင်းဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဉ်တွေကနေတဆင့် အရင်းအမြစ် စီမံခန့်ခွဲမှု၊ နည်းပညာနဲ့ ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာတွေ ပြင်ဆင်မှုတွေဟာ ဌာနေတိုင်းရင်းသား အမျိုးသမီးတွေအတွက် စိန်ခေါ်မှုများစွာနဲ့ သင်ယူမှုအတွေ့အကြုံတရပ်ကို ရရှိစေပါတယ်။

၂၀၁၅ ခုနှစ်ကနေစပြီး Small Grants Programme SGP ဟာ ကိုလံဘီယာမှာ ဇီဝမျိုးစုံမျိုးကွဲ‌တွေ၊ စွမ်းရည်ဖွံ့ဖြိုးတိုးတက်မှု၊ ရာသီဥတုပြောင်းလဲမှုနဲ့ မြေယာပျက်စီးခြင်း စတဲ့ နယ်ပယ်တွေမှာ ပရောဂျက်ပေါင်း ၃၆၀ ကျော်ကို ပံ့ပိုးပေးခဲ့ပါတယ်။

လီလီ

Ref:UNDP( ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP)မှာ ဖော်ပြထားတဲ့  “Empowering Indigenous Women to Conserve the Forests of the Colombian Amazon” ဆောင်းပါးကို ဘာသာပြန်ဖော်ပြသည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013