DVB Logo
Home
Lead Story
ကမ္ဘာမြေရဲ့ စိန်ခေါ်မှုကြီးများ (၃)
DVB
·
June 12, 2023
ကမ္ဘာမြေရဲ့ စိန်ခေါ်မှုကြီးများ (၃)
Donate to DVB

ဂေဟစနစ်ပျက်လို့ ဖြစ်လာတဲ့ ကူးစက်ရောဂါများအကြောင်း

ကမ္ဘာကြီးတခုလုံးကို လွှမ်းခြုံတဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုဟာ သက်ရှိသက်မဲ့ အရာအားလုံးအပေါ်မှာ အကျိုးသက်ရောက်နေတဲ့အတွက် နိုင်ငံအသီးသီးက အစိုးရအဖွဲ့တွေရော၊ အစိုးရမဟုတ်တဲ့ အဖွဲ့တွေရော ဒီစိန်ခေါ်မှုကြီးကို ရင်ဆိုင်ဖြေရှင်းနေကြပါတယ်။ လူတွေထုတ်လုပ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက် မီးခိုးတွေကြောင့် ကမ္ဘာမြေကြီး ပိုမိုပူနွေးလာနေတာ၊ ဒီကတဆင့် ရေခဲတောင်တွေ အရည်ပျော်ကျပြီး ပင်လယ်ရေပြင် မြင့်တက်တာ၊ ပင်လယ်ရေပြင် အပူချိန်တိုးပြီး စူပါမုန်တိုင်းကြီးတွေကို ဖန်တီးတာ၊ ပင်လယ်သတ္တဝါတွေ ပျက်စီးပြီး ကမ်းရိုးတန်းဒေသတွေ ရေမြုပ်တာ စသဖြင့် လူသားတွေကို ဒုက္ခပေးတဲ့ အကျိုးဆက်တွေက မဆုံးနိုင်အောင် ဖြစ်ပွားလာပါတယ်။

မုန်တိုင်းထန်တာမျိုး၊ ရေကြီးတာမျိုး၊ ရာသီဥတုဘေးဆိုးတွေကို သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုကြောင့် ဖြစ်လာတာလို့ သိကြပေမဲ့ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုကြောင့် ကူးစက်ရောဂါတွေ ဖြစ်လာတတ်တယ် ဆိုတာကိုတော့ မသိတတ်ကြပါဘူး။ ၂၀၁၉ ခုနှစ်က တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားပြီး တကမ္ဘာလုံးကို ကူးစက်သွားတဲ့ ကိုဗစ်-၁၉ ရောဂါ ကပ်ကြီးဟာ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုနဲ့ ဆက်စပ်နေတယ်လို့ ပညာရှင်များက ပြောတဲ့အခါ မယုံနိုင်အောင် ဖြစ်ကြပါတယ်။ ညောင်ဦးကမ်းပါးပြိုတာနဲ့ စမ္ပါယ်နဂိုရ်က နွားမ ပေါင်ကျိုးတာ ဘာဆိုင်လို့လဲ ဆိုတာမျိုး ပြန်ပြောတတ်ပါတယ်။

ရာသီဥတုပြောင်းလဲမှုနဲ့ ဆက်စပ်ပေါ်ပေါက်တတ်တဲ့ ကူးစက်ရောဂါတွေကို နားလည်ဖို့အတွက် ဂေဟစနစ်ဆိုတာကို အရင်သိဖို့ လိုအပ်ပါတယ်။ အကြမ်းဖျင်းပြောရရင် ဂေဟစနစ် ဆိုတာက သဘာဝပတ်ဝန်းကျင်တခုအတွင်းမှာ သက်ရှိသက်မဲ့အားလုံး စုစည်းဖြစ်တည်နေတဲ့ စနစ်ဖြစ်ပါတယ်။ ဒီစနစ်ထဲမှာ လူကအစ ပိုးမွှားတွေအဆုံး သက်ရှိမှန်သမျှ ပါဝင်သလို သစ်တော သစ်ပင်ကအစ ပန်းပင် မြက်ပင်အဆုံး အပင်မှန်သမျှလည်း ပါဝင်တယ်။ မြေပြင် ရေပြင် လေပြင် နေရောင်ခြည် စတာတွေလည်း ပါဝင်တယ်။ ဒီလိုပါဝင်တဲ့ သက်ရှိ သက်မဲ့ အရာအားလုံး တခုနဲ့တခု အပြန်အလှန် ဆက်စပ်အမှီပြုပြီး ဖြစ်တည်နေတဲ့စနစ်ကို ဂေဟစနစ်လို့ ခေါ်တာပါ။

သက်ရှိသက်မဲ့တွေဟာ သူ့သဘာဝနဲ့သူ သီးခြားဖြစ်တည်နေသလို ထင်ရပေမဲ့ အချင်းချင်း အပြန်အလှန် ဆက်စပ်တည်ရှိနေပုံဟာ အလွန်အနုစိတ်သလို ရှုပ်လည်း ရှုပ်ထွေးတဲ့အတွက် နားလည်ဖို့တော့ မလွယ်ကူလှပါဘူး။ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရာသီဥတု ပြောင်းလဲတဲ့အခါ ဂေဟစနစ်လည်း ထိခိုက်ပျက်စီးရပါတယ်။ သက်ရှိသက်မဲ့အားလုံးရဲ့ ဆက်စပ်ဖြစ်တည်မှုဟာ ဟန်ချက်ပျက်လာပါတယ်။ ဒီကတဆင့် သက်ရှိသက်မဲ့တွေရဲ့ ဖြစ်တည်မှုဟာ ပြောင်းလဲသွားရပါတယ်။ တချို့သက်ရှိတွေ ပျက်သုဉ်းသွားကြသလို တချို့သက်မဲ့တွေလည်း ပျောက်ကွယ်သွားရပါတယ်။ လွန်ခဲ့တဲ့ နှစ် ၄၀ အတွင်း ကမ္ဘာတခုလုံးက သက်ရှိတွေ ၅၀ ရာခိုင်နှုန်းလောက် လျော့နည်းသွားတာဟာ ဂေဟစနစ် ပျက်ယွင်းမှုနဲ့ တိုက်ရိုက်သက်ဆိုင်နေတယ်လို့ ဆိုပါတယ်။ ဂေဟစနစ်ပျက်ယွင်းမှုကြောင့် သစ်တောကြီးတွေ ပျောက်ကွယ်ပြီး ကန္တာရတွေ ဖြစ်သွားရတာမျိုးအထိ ဖြစ်နိုင်သလို လူအပါအဝင် သက်ရှိ မျိုးစိတ်တွေလည်း လုံးဝကွယ်ပျောက်သွားတာအထိ ဖြစ်နိုင်ပါတယ်။

ဂေဟစနစ်တခု ဟန်ချက်ပျက်ယွင်းတဲ့အခါ အဲဒီဂေဟစနစ်အတွင်းက ရှိသမျှ သက်ရှိ သက်မဲ့တွေ အားလုံး အနည်းနဲ့အများ ထိခိုက်ပြောင်းလဲရပါတယ်။ ဒီအထဲမှာ အနုဇီဝပိုးမွှားတွေ ပါဝင်ပါတယ်။ ဒီလိုပြောင်းလဲမှုကနေ လူကို ရောဂါရစေတဲ့ ဗိုင်းရပ်စ်ပိုးတွေအထိ အဆင့်တိုးလာတတ်ပါတယ်။ ဒီဗိုင်းရပ်စ်ပိုးတွေဟာ သဘာဝတောရိုင်းအတွင်းမှာ နေထိုင်တဲ့ တိရစ္ဆာန်တွေမှာ တွယ်ကပ်နေတတ်တယ်။ ဒီလို ဗိုင်းရပ်စ်ပိုးတွယ်ကပ်နေတဲ့ တောရိုင်းတိရစ္ဆာန်တွေဟာ သစ်တောပြုန်းတီးမှုကြောင့်ဖြစ်ဖြစ်၊ တောမီးလောင်မှုကြောင့် ဖြစ်ဖြစ်၊ အပူလှိုင်းရိုက်ခတ်မှုကြောင့်ဖြစ်ဖြစ် အရပ်ဒေသ ရွှေ့ပြောင်းနေထိုင်ရာကနေ လူအပါအဝင် တခြားသက်ရှိသတ္တဝါတွေဆီကို ဗိုင်းရပ်စ်ပိုးတွေ ကူးစက်သွားစေပါတယ်။ ဒီနည်းနဲ့ ကူးစက်ရောဂါတွေ ဖြစ်လာတတ်တာပါပဲ။

ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးဟာ လင်းနို့တွေကတဆင့် ကူးစက်လာတာလို့ ပညာရှင်အများက ဆိုပါတယ်။ လင်းနို့တွေဟာ ဒီဗိုင်းရပ်စ်ပိုးရဲ့ မျိုးကွဲတွေကို သယ်ဆောင်နေတဲ့ သတ္တဝါ ဖြစ်ပါတယ်။ ဒီမျိုးကွဲတွေကတဆင့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်အဆင့်ကို ပြောင်းလဲ ရောက်ရှိလာတာပါ။ ဒီလိုပြောင်းလဲလာအောင် ဂေဟစနစ်ပျက်ယွင်းမှုက ဖန်တီးပေးခဲ့တာလို့ ဆိုကြပါတယ်။

ဒီရောဂါကပ်ကြီး ဘယ်လောက်ကြောက်စရာကောင်းသလဲဆိုတာ အားလုံးအသိပါ။  ကမ္ဘာကြီးတခုလုံးမှာ လူသန်း ၇၀၀ လောက် ကိုဗစ်ရောဂါ ကူးစက်ခံရပြီး လူ ၇ သန်းလောက် သေဆုံးခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်တော့ လူ ၆ သိန်းကျော် ကူးစက်ခံခဲ့ရပြီး လူ ၂ သောင်းနီးပါး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါက မှတ်တမ်းတင်နိုင်ခဲ့တဲ့ အရေအတွက်တွေပဲ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးက ပြောင်းလဲမှုတွေဖြစ်ပြီး လူတွေကို ရောဂါဝေဒနာတွေ ဆက်ပေးနေတုန်း ရှိပါသေးတယ်။ ကိုဗစ်ရောဂါကပ်ကြီး မပြီးဆုံးသေးဘူးလို့ ဆိုရမှာပါ။ ဘာတွေဆက်ဖြစ်ဦးမလဲ ဆိုတာတော့ ဘယ်သူမှ အပ်ချမတ်ချ မပြောနိုင်ပါဘူး။

ကိုဗစ်-၁၉ ရောဂါပိုးကြောင့် ကမ္ဘာကြီးတခုလုံးရဲ့ ဆုံးရှုံးနစ်နာမှုကို တွက်ချက်ကြည့်တဲ့အခါ အမေရိကန်ဒေါ်လာ ၁၆ ထရီလီယံ ရှိနေပြီလို့ ဆိုပါတယ်။ ကမ္ဘာ့လူဦးရေ ၈ ဘီလီယံနဲ့ အချိုးတွက်ကြည့်ရင် လူတယောက်ကို ဒေါ်လာ ၂,၀၀၀ နစ်နာဆုံးရှုံးနေရပြီလို့ အဖြေထွက်ပါတယ်။ ဒီလိုရောဂါကပ်ဆိုးကြီးတွေသာ ဆင့်ကဲဆင့်ကဲ ဖြစ်ပွားလာမယ်ဆိုရင် လူသားမျိုးနွယ်ရဲ့ အသက်ရှင်သန်မှုဟာ မရေရာတော့တဲ့ အနေအထားကို ရောက်သွားပါလိမ့်မယ်။

ကိုဗစ်-၁၉ ရောဂါလို ကူးစက်ရောဂါတွေဟာ ဂေဟစနစ်ပျက်ယွင်းမှုနဲ့ တနည်းနည်း ဆက်စပ်နေတယ်လို့ ပညာရှင်တွေက အခိုင်အမာ ပြောနေကြပါပြီ။ ကြက်ငှက်တုပ်ကွေး၊ ဝက်တုပ်ကွေး၊ ငှက်ဖျားရောဂါ၊ အီဗိုလာရောဂါ အစရှိတဲ့ ရောဂါတွေဟာ အထူးသဖြင့် သစ်တောပြုန်းတီးမှုကြောင့် ကူးစက်ပြန့်ပွားလာတဲ့ ရောဂါတွေ ဖြစ်နေပါတယ်။ သွေးလွန်တုပ်ကွေးရောဂါ၊ အသည်းရောင်အသားဝါရောဂါ စတာတွေက ကမ္ဘာကြီးပူနွေးမှုနဲ့ ဆက်စပ်နေတဲ့ရောဂါတွေ ဖြစ်နေပါတယ်။

ကူးစက်ရောဂါတွေရဲ့ ၇၀ ရာခိုင်နှုန်းဟာ လူနဲ့ တောတိရစ္ဆာန်တို့ ထိတွေ့ရာကနေ ဖြစ်ပွားလာတာပါ။ ဒါပေမဲ့ တိရစ္ဆာန်တွေကို အပြစ်တင်ရမှာမဟုတ်ဘဲ လူတွေရဲ့လုပ်ရပ်ကိုသာ အဓိက အပြစ်တင်ရမှာပဲလို့ ထောက်ပြကြပါတယ်။ သဘာဝပတ်ဝန်းကျင် ထိခိုက်အောင် လုပ်တဲ့ စီးပွားရေးလုပ်ငန်းတွေကြောင့် ရောဂါပိုးသယ်ဆောင်တဲ့ တောတိရစ္ဆာန်တွေနဲ့ လူတွေရဲ့ ထိတွေ့မှု ဖြစ်လာရပြီး အဲဒီကတဆင့် ရောဂါကူးစက်ပြန့်ပွားတာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာလည်း စီးပွားရေးသမားတွေရဲ့ လောဘဇောကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို အကြီးအကျယ် တွေ့ကြုံနေရတဲ့နိုင်ငံ ဖြစ်ပါတယ်။ တောတောင်မြစ်ချောင်းတွေ နေ့မြင်ညပျောက် ဖြစ်နေတဲ့အတွက် ဂေဟစနစ်ကလည်း အလျှင်အမြန် ပျက်ယွင်းနေပါတယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အားစိုက်လုပ်ဆောင်ကြပါလို့ သတိပေး တိုက်တွန်းလိုက်ရပါတယ်ခင်ဗျား။

မောင်သာမည

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013