Home
ဆောင်းပါး
ဝံပုလွေများနှင့်အတူ အူရန် ငြင်းဆိုသူ
DVB
·
June 10, 2023
345487075_1286396418917724_5305016100290109317_n

(၁)

၁၉၁၇ ခုနှစ်ဝန်းကျင် ရုရှားနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းကို သမိုင်းပညာရှင်အမျိုးမျိုးက ရပ်တည်ချက် အမျိုးမျိုးအပေါ် မူတည်ပြီး အမြင်အမျိုးမျိုးနဲ့ သုံးသပ်ကြတာရှိပါတယ်။

ဒီလိုသုံးသပ်ကြတဲ့အထဲမှာ ရုရှားတော်ဝင်ကဗျာဆရာကြီး ‘အလက်ဇန်ဒါ ဘလော့’ ပြောတဲ့ စကားကတော့ ကျနော့်ကို အဆွဲဆောင်နိုင်ဆုံးစကား ဖြစ်တယ်လို့ ယူဆပါတယ်။ သူက အဲဒီကာလကြီးကို ‘ကြောက်မက်ဖွယ် နှစ်ကာလကြီး’ လို့ သုံးသပ်လိုက်ပါတယ်။

အဲဒီကြောက်မက်ဖွယ် နှစ်ကာလကြီးအတွင်းမှာ ရုရှားနိုင်ငံရဲ့ ဘယ်လိုမှ မေ့အပ်နိုင်ဖွယ်မရှိတဲ့ ကဗျာဆရာ လူရည်ချွန်တချို့ ရာဇဥပါဒါန်နဲ့ သေဆုံးခဲ့ကြတာတွေ ရှိပါတယ်။ တချို့က အဲဒီ ခေတ်ဆိုးခေတ်ပျက်ကြီးရဲ့ဒဏ်ကို မခံမရပ်နိုင်တဲ့အဆုံး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံသွားခဲ့ကြတာမျိုးအထိ ရှိခဲ့ပါတယ်။

ရုရှားကဗျာဆရာမ ‘မာရီနာ စဗက်ထရေဗာ’ ဟာ အဲဒီလို ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံလို့ သေဆုံးသွားရတဲ့ သူတွေထဲက တဦးဖြစ်ပါတယ်။

သူ့ကို အဲဒီကာလကြီးအတွင်းမှာ တော်လှန်ရေးဆန့်ကျင်သူ၊ အရင်းရှင် ဖောက်ပြန်ရေးသမား၊ ဇာဘုရင့် ဘက်တော်သား အစရှိတဲ့ စွပ်စွဲချက် ကျောက်တုံးကျောက်ခဲတွေနဲ့ ပစ်ခတ်တိုက်ခိုက် သမုတ်ခဲ့ကြပါတယ်။

ကျနော်က ရုရှားနိုင်ငံရဲ့သမိုင်းကို တချိန်တုန်းက ကိုယ်သန်ရာဘက်တခုတည်းက ရပ်ပြီး လေ့လာလက်ခံခဲ့သူ ဖြစ်တော့ကာ အဲဒီကာလအတွင်း ‘မာရီနာ’ လို ကဗျာဆရာတွေရဲ့ အဖြစ်သနစ်တွေကို သူတို့ရဲ့ကဗျာတွေနဲ့တွဲပြီး လေ့လာဖို့ရာ မထက်သန်ခဲ့ပါဘူး။

၁၉၉၂ ခုနှစ်အတွင်း တော်လှန်ရေးဌာနချုပ်စခန်းဖြစ်ခဲ့တဲ့ ‘မာနယ်ပလော’ ကို ကျနော် ရောက်လာတဲ့ အခါကျမှပဲ ရုရှားနိုင်ငံရဲ့ အဲဒီ ၁၉၁၇ ခုနှစ်ဝန်းကျင်ကာလအပေါ် ပြန်လည်သုံးသပ်ချင်တဲ့ဆန္ဒ ဖြစ်ခဲ့ပါတယ်။ အဲဒီအခါကျတော့မှ ‘မာရီနာ’ လို ကဗျာဆရာတချို့ကို ကျနော် ဖော်ထုတ်တွေ့ရှိလာခဲ့ရတာပါ။ ကျနော့်ရဲ့ တွေ့ရှိမှုအသစ်က ကျနော့်ကို တကယ့်ကို စိမ်းလန်းစေခဲ့တယ်လို့ ပြောရပါလိမ့်မယ်။

အထူးသဖြင့် ‘မာရီနာ စဗက်ထရေဗာ’ လို ကဗျာဆရာမျိုးရဲ့ အတ္ထုပ္ပတ္တိနဲ့ ကဗျာတွေဟာ နှစ်ပေါင်းများစွာ ဂူတခုထဲ ပိတ်မိနေတဲ့ ကျနော့်နှလုံးသားကို ဂူအပြင်ဘက် ဆွဲထုတ်လိုက်သလို ဖြစ်ခဲ့ပါတယ်။ ကဗျာနဲ့ပတ်သက်ပြီး ကျနော့်ရဲ့ ရီနေဆန်းကာလတခုလို့တောင် ပြောလို့ရမလားပဲ။

(၂)

ကဗျာဆရာမ ‘မာရီနာ စဗက်ထရေဗာ’ ရဲ့ ဘဝဟာ အင်မတန် ခက်ထန်ကြမ်းတမ်းပါတယ်။ ပြည့်စုံအောင်ရေးမယ် ဆိုရင်တော့ ဒီဆောင်းပါးတပုဒ်တည်းနဲ့လည်း မပြည့်စုံနိုင်ပါဘူး။

အတိုချုပ်ပြီးပြောရရင် လင်သားဖြစ်သူ ‘ဆာဂျီအဖရွန်’ က တော်လှန်ရေးဆန့်ကျင်သူ ဆိုတဲ့ စွပ်စွဲချက်နဲ့ အသတ်ခံခဲ့ရပါတယ်။ သမီးလေးတယောက်က မိဘမဲ့ဂေဟာတခုမှာ ငတ်မွတ် သေဆုံးပါတယ်။ သူလည်းပဲ ပြည်ပြေးဘဝနဲ့ ပြင်သစ်၊ ဂျာမနီနဲ့ ချက်ကိုစလိုဗေးကီးယားကို သွားနေခဲ့ရပါသေးတယ်။

သူ့ကို ပစ္စည်းမဲ့တော်လှန်ရေးကြီးကို ဆန့်ကျင်သူအဖြစ် သတ်မှတ်ဖိအားပေးခဲ့ကြပေမဲ့ (သူကိုယ်တိုင်ကလည်း ကွန်မြူနစ်ဆန့်ကျင်ရေး ရှပ်ဖြူဘက်တော်သားအဖြစ် ပါဝင်ခဲ့ပါတယ်။) သူ့ကဗျာတွေထဲမှာတော့ ဇာဘုရင်ကို ထောက်ခံရေးသားတာမျိုး လုံးဝမတွေ့ရပါဘူး။ သူ့ကဗျာတွေက စစ်ဆန့်ကျင်ရေး၊ အကြမ်းဖက်မှုဆန့်ကျင်ရေး၊ ချစ်ခြင်းမေတ္တာနဲ့ အလှတရားကို အခြေခံရေးဖွဲ့ထားတာကိုပဲ တွေ့ရပါတယ်။ ယုတ်စွအဆုံး အဲဒီအချိန်တုန်းက အာဏာရ ကွန်မြူနစ်ပါတီကို ထောက်ခံတယ်လို့ ထင်ရတဲ့ ကဗျာမျိုးတွေ မရေးသလို ဆန့်ကျင်တယ်ဆိုပြီး ရေးတာမျိုးကိုလည်း မတွေ့ရပါဘူး။ ဒါပေမဲ့လည်း အဲဒီကာလမျိုးက ‘အလှတရား၊ ငြိမ်းချမ်းရေးနဲ့ စစ်ဆန့်ကျင်ရေးကဗျာ’ မျိုး ရေးတယ်ဆိုရင်ပဲ တော်လှန်ရေးဆန့်ကျင်သူအဖြစ် စွပ်စွဲခံရသလို ဖြစ်ခဲ့တဲ့ ကာလကြီးဆိုတော့ သူဟာ အဲဒီစွပ်စွဲချက်နဲ့ပဲ တလောကလုံးနဲ့ ရင်ဆိုင်ဆန့်ကျင်သူအဖြစ်မျိုး ကျရောက်ခဲ့ရတယ်လို့ ပြောနိုင်ပါတယ်။ ဘာပြုလို့လဲဆိုတော့ ဒီတုန်းက ရုရှားဇာဘုရင်စနစ် ဆန့်ကျင်ရေး ပစ္စည်းမဲ့အာဏာရှင်စနစ် လှိုင်းတံပိုးကြီးက ရုရှားတနိုင်ငံလုံးကို တဝုန်းဝုန်း ရိုက်ခတ်နေတဲ့အချိန် ဖြစ်လို့ပါပဲ။ ‘မာရီနာ’ တယောက်ကတော့ အဲဒီလှိုင်းတံပိုးကြီးကို စီးနင်းလိုက်ပါခဲ့တာမျိုး မရှိပေမဲ့ အဲဒီလှိုင်းတံပိုးကြီးအောက်မှာ နစ်မြုပ်သေဆုံးခဲ့ရတဲ့သဘော ရှိတယ်လို့တော့ ပြောနိုင်ပါတယ်။

ဒီနေရာမှာ ပစ္စည်းမဲ့တော်လှန်ရေးယဉ်ကျေးမှု တပ်မှူးကြီးဖြစ်တဲ့ ကဗျာဆရာ ‘မာယာ ကော်စကီး’ နဲ့ ‘မာရီနာ’ တို့ တူတဲ့အချက် အထင်အရှားရှိပါတယ်။ သူတို့နှစ်ဦး ရပ်တည်ချက်ချင်း မတူကွဲပြားကြပေမဲ့ ခံစားချက်ပြင်းထန် လှိုင်းဆန်လွန်းတဲ့ အချက်ကျတော့ သွားတူနေတာ တွေ့ရပါတယ်။ ‘မာယာကော်စကီး’ လည်း သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့တဲ့ ကဗျာဆရာပါပဲ။

‘မာယာကော်စကီး’ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားပြီဆိုတဲ့ သတင်းကိုကြားတော့ ‘မာရီနာ’ ဟာ ‘မာယာကော်စကီး’ ဂုဏ်ပြုကဗျာ ၇ ပုဒ်တိတိ ဆက်တိုက်ရေးတဲ့အထိ စိတ်ထိခိုက်ခဲ့ပါတယ်။ ပြီးတော့ ‘မာယာကော်စကီး’ အပေါ် သူ ဘယ်လိုသဘောထားသလဲ ဆိုတာနဲ့ ပတ်သက်ပြီး သူပြောလိုက်တဲ့စကားကလည်း တကယ့်ကို လေးနက်လှပါတယ်။ ‘မာယာကော်စကီး’ ကို သူက ‘ကျမရဲ့ အချစ်ဆုံးရန်သူ’ ဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။ ဒီတုန်းက သူဟာ ရှပ်ဖြူတွေကြားထဲမှာ ရှိနေတဲ့အချိန် ရှပ်ဖြူတွေနဲ့ ဆန့်ကျင်ပြီး ဒီစကားမျိုးတွေကို သူ ပြောခဲ့တာပါ။ ရှပ်ဖြူတွေ ရှေ့မှောက်မှာပဲ ကွန်မြူနစ် သံမဏိကဗျာဆရာတယောက်အပေါ် သူက ဂုဏ်ပြုစွဲလမ်းပြခဲ့တာပါ။

နောက်ပိုင်းမှာတော့ နှစ်ကာလတွေ အများကြီး ကျော်လွန်လာတဲ့အခါမှာတော့ အဲဒီ ခေတ်ဆိုး ခေတ်ပျက် ကာလကြီးအတွင်း ရုရှားနိုင်ငံ ရုရှားပြည်သူတွေရဲ့ ရင်ခုန်သံကို အထိရောက်ဆုံး အနက်ရှိုင်းဆုံး ကဗျာရေးဖွဲ့ဖော်ပြနိုင်သူတွေအဖြစ် ကဗျာဆရာ ‘ပက်စတာညက်’ (ဒေါက်တာဇီဗားဂိုးဝတ္ထု ရေးခဲ့သူ) နဲ့ ကဗျာဆရာမ ‘မာရီနာ စဗက်ထရေဗာ’ တို့ကို ဝေဖန်ရေးဆရာတွေက ဝိုင်းဝန်း အသိအမှတ်ပြုလာခဲ့ကြပြန်ပါတယ်။ ‘မာရီနာ’ ရဲ့ ကဗျာတွေဟာ အဲဒီခေတ်ကာလ ‘ရုရှားနိုင်ငံရဲ့တန်ဖိုး ရုရှားနိုင်ငံရဲ့အသံ’ ဖြစ်တယ်လို့တောင်မှ ဆိုလာကြပါတယ်။

ဝမ်းနည်းဖို့ကောင်းတာကတော့ သူဟာ ‘ရယ်လာဘူဂါ’ ဆိုတဲ့ မြို့ကလေးတမြို့မှာ မဲဇာ အပို့ခံရတဲ့သဘော ရှိတဲ့အချိန် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တယ်လေ။ (၃၁၊ သြဂုတ်လ၊ ၁၉၄၁)။ သူသေဆုံးတော့ အသက် ၄၈ နှစ်ပဲ ရှိပါသေးတယ်။ ကဗျာတွေ အများကြီး ရေးနိုင်နေသေးတဲ့အချိန်ပေါ့။

သူ သေဆုံးသွားတဲ့အခါ သူ့အတွက် အကြေကွဲဆုံး ဖြစ်ကြရတဲ့သူတွေထဲက သူ့လိုပဲ တော်လှန်ရေးဆန့်ကျင်သူအဖြစ်နဲ့ စွပ်စွဲခံရပြီး သူ့ကဗျာတွေလည်း နှစ်ပေါင်းများစွာ အပိတ်ပင်ခံရ၊ ဆိုဗီယက်ယူနီယံ စာရေးဆရာသမဂ္ဂကြီးထဲက အထုတ်ပယ်ခံရဖူးပြီး နောင်အခါကျတော့လည်း ဆိုဗီယက်ယူနီယံ စာရေးဆရာသမဂ္ဂကြီးရဲ့ ဥက္ကဋ္ဌ ဖြစ်လာတဲ့ ကဗျာဆရာမကြီး ‘အာခ်မာတော်ဗါ’ က ဆိုရင် ‘မာရီနာ စဗက်ထရေဗာ’ ဟာ မနိုင်နိုင်မှန်း သိနေတဲ့စစ်ပွဲကို ကျေကျေနပ်နပ် ဝင်တိုက်ခဲ့သူဖြစ်တယ်လို့ ကြေကြေကွဲကွဲ မှတ်ချက်ချပါတယ်။

‘မာရီနာ’ အပေါ် ရုရှားကဗျာဆရာ စာရေးဆရာ ‘အီလျာ အာရင်ဘတ်’ (နှင်းခဲပျော်ချိန် ဝတ္ထု ရေးသူ) မှတ်ချက်ချတဲ့စကားတွေက ‘မာရီနာ’ ရဲ့ ဥပဓိရုပ်ကို အပေါ်လွင်ဆုံးဖော်နိုင်တဲ့ စကားတွေလို့လည်း ပြောနိုင်ပါတယ်။ သူက ‘မာရီနာ’ လောက် ကြေကွဲစရာကောင်းတဲ့ ကဗျာဆရာမျိုးကို ကျနော် မတွေ့ဖူးသေးဘူးလို့ သူ့ရဲ့ ‘လူများ၊ သက္ကရာဇ်များ-ဘဝ’ ဆိုတဲ့စာအုပ်မှာ ထည့်ရေးခဲ့ ‘မာရီနာဟာ နာကျင်ခြင်း၊ အထီးကျန်ဖြစ်ခြင်း၊ ငြင်းပယ်ခံရခြင်း စတဲ့လမ်းများအတိုင်း လျှောက်လှမ်းခဲ့သူ ဖြစ်တယ်လို့လည်း ရေးခဲ့ ပြောခဲ့ပါတယ်။

မာရီနာရဲ့ ကဗျာတွေဟာ သူ သေဆုံးပြီးလို့ နှစ်ပေါင်း ၂၀ ကျော်အကြာ အာဏာရှင် ‘စတာလင် ခေတ်လွန်ခေတ်’ ရောက်တဲ့အခါကျကာမှပဲ ပုံနှိပ်ထုတ်ဝေခွင့် ရလာခဲ့တာပါ။ ဒီတော့မှပဲ မြို့တော် မော်စကိုမြို့အနီးမှာ သူ့ပုံတူ ကျောက်ရုပ်တခု ထုလုပ်ပြီး ဂုဏ်ပြုနိုင်ကြပါတယ်။

ကျနော် အခု သူ့ရဲ့ စစ်ဆန့်ကျင်ရေးကဗျာတပုဒ် ဘာသာပြန် ဖော်ပြပေးလိုက်ပါတယ်။ သူ့ရဲ့ နာမည်ကျော် ကဗျာတပုဒ်လို့လည်း ဆိုကြပါတယ်။ ကျနော်ကိုယ်၌ကလည်း ဒီကဗျာကို နှစ်သက်တဲ့အကြောင်း ဝန်ခံအပ်ပါတယ်။

“ချက်ကိုစလိုဗက်ကီးယားအတွက် ကဗျာ”

ဘာပြုလို့ မျက်လုံးတွေထဲ

ဒီလို မျက်ရည်တွေ ရှိနေရမှာလဲ

ဒေါသတွေ၊ ချစ်ခြင်းမေတ္တာတွေနဲ့

အဲဒီမျက်ရည်တွေကို သုတ်ပစ်လိုက်စမ်း။

ချက်ကိုစလိုဗက်ကီးယားရဲ့ မျက်ရည်များ

စပိန်နိုင်ငံရဲ့ နှလုံးသားထဲက မျက်ရည်များ။

ကမ္ဘာကြီးကို ဘယ်လို အနက်ရောင်တောင်တန်းက

အလင်းရောင်နဲ့ မထိတွေ့နိုင်အောင် ကာဆီးထားသလဲ။

အချိန်ကျပြီ  အချိန်ကျပြီ  အချိန်ကျပြီ

ဘုရားသခင်ဆီ သူ့လက်မှတ် ပြန်ပေးဖို့ရာ အချိန်ကျပြီ။

ငါ ငြင်းဆိုတယ်

လူမဆန်တဲ့ အရူးတွေရဲ့အိမ်ထဲ

ငါ မနေဘူးလို့ ငြင်းဆိုတယ်။

ငါ ငြင်းဆိုတယ်

ဝံပုလွေတွေနဲ့အတူ မအူနိုင်ဘူးလို့

ငါ ငြင်းဆိုတယ်။

ငါ ငြင်းဆိုတယ်

ကွင်းပြင်ထဲ ငါးမန်းတွေနဲ့အတူ မဟစ်ကြွေးနိုင်ဘူးလို့

ငါ ငြင်းဆိုတယ်။

ငါ ငြင်းဆိုတယ်

နောက်ပြန်ဆုတ်တဲ့ လမ်းကြောင်းတခုမှာ

ငါ မကူးခတ်နိုင်ဘူးလို့

ငါ ငြင်းဆိုတယ်။

နားထောင်ဖို့ရာ နားနဲ့

နိမိတ်ဖတ်ဖို့ရာ မျက်လုံးတွေ

ငါ့မှာ မလိုအပ်ဘူး

သင့်ရဲ့ ရူးသွပ်နေတဲ့ကမ္ဘာအတွက်

အဖြေတခုပဲ ငါပေးမယ်

အဲဒါ ငါ ငြင်းဆိုလိုက်တယ်ဆိုတဲ့ အဖြေပဲ။   ။

(၁၉၃၈)

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

မှီငြမ်း။    ။  ။ (၁) SELECTED POEMS OF MARINA TSVETAYEVA

               ။ (၂) မောင်သာနိုးရဲ့ ‘တောမှော်ရုံလမ်း’ စာအုပ်

               ။ (၃) မြသန်းတင့် ဘာသာပြန်ဆိုတဲ့ ‘လူများ၊ သက္ကရာဇ်များ-ဘဝ’ စာအုပ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024