
ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဗန်းမော်ခရိုင်အတွင်းက အင်ခေါင်းပါ စစ်ရှောင်စခန်းတွေရဲ့ မနီးမဝေးနေရာတွေမှာ ဇွန်လဆန်းပိုင်း မတိုင်ခင်ကနေ မြေရှားသတ္တု တူးဖော်မှုတွေကို တရုတ်စီးပွားရေးသမားတွေက အင်တိုက်အားတိုက်နဲ့ ပြန်လုပ်လာတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
မြေရှားသတ္တုတူးဖော်မှုကို ပြည်သူတွေက လိုင်ဇာထိ သွားကန့်ကွက်ခဲ့လို့ အင်ဘာပါ ဒိန်ဆင်းပါဒေသတွေမှာ မြေရှားသတ္တုတူးဖော်မှုကို ရပ်တန့်ပေးခဲ့ပေမဲ့ မိုင်ဂျာယာန်လမ်းပေါ်က ဒေသတွေမှာတော့ မြေရှားသတ္တု တူးဖော်မှုတွေကို ပြန်စတင်နေခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။
ဗန်းမော် - မိုင်ဂျာယာန် စီးပွားရေးလုပ်နေတဲ့သူတစ်ဦးက “တွေ့ရသလောက်ဆို အင်ခေါင်းပါ၊ မုန်ခပါနဲ့ လွယ်လုံဒေသဝန်းကျင်တွေမှာ တော်တော်ပြန်စနေတာကိုတွေ့ခဲ့ရတယ်။ လုပ်ကွက်အသစ်တွေလည်းများတယ်။ တွေ့ခဲ့တာတောင် ၆ ကွက်ထက်မနည်းပဲ။ ကြာရင် သဘာဝပတ်ဝန်းကျင်ပျက်မှာပဲ” လို့ ပြောပါတယ်။
အင်ခေါင်းပါ IDPs နဲ့ သိပ်မဝေးတဲ့ ရွာတွေဖြစ်ပြီး ရွာသားတွေကတော့ စစ်ရှောင်စခန်းမှာပဲ အဓိကနေထိုင်ကြတာမို့ ကန့်ကွက်သံမကြားရဘူးလို့လည်းဆိုပါတယ်။
စစ်ရှောင်စခန်းတွေမှာ ဆင်းရဲကျပ်တည်းစွာနေရတာရယ်။ ဝင်ငွေရ အလုပ်အကိုင် အခွင့်အလန်း မရှိတာရယ်ကြောင့် စစ်ရှောင်စခန်းတွေက လူတွေဟာ အခြေခံအလုပ်ကြမ်းသမားတွေအဖြစ် မြေရှားသတ္တုတူးဖော်တဲ့လုပ်ကွက်တွေမှာ လုပ်ကိုင်နေကြတာရှိပါတယ်။
အင်ခေါင်းပါဒေသက ဘာသာရေးခေါင်းဆောင်တစ်ဦးက “မြေရှားက ရေထွက်ရင်ဖြစ်ဖြစ် ကျောက်ခံသွားရင်ဖြစ်ဖြစ် တူးဖို့ တွက်ခြေမကိုက်တော့ တောင်လည်းရှိ။ တူးဖို့လည်း အဆင်ပြေတဲ့နေရာမျိုးကို ရှာကြတယ်။ မီဒီကောင်ရာဇွပ်က ရွာခံတွေတော့သဘောတူလို့ အဲမှာတော့ တူးကြတယ်။ အဓိကတော့ မြေရှားတူးဖော်လို့ရတဲ့ဒေသက ရွာခံတွေအပေါ်မှာပဲ မူတည်မှာပါ”လို့ ပြောပါတယ်။
ကချင်လူမျိုးတွေရဲ့ဒေသမှာ တရုတ်က မြေရှားသတ္တုတွေကို ပေါ်ပေါ်ထင်ထင်လာတူးနေကြတာ တကယ်ရင်နာစရာကောင်းပါတယ်လို့ မြေရှားသတ္တုတူးဖော်မှုကို မလိုလားတဲ့ ကချင်လူငယ်တစ်ဦးက ပြောပါတယ်။
“ကေအိုင်အို၊ ကေအိုင်အေကလည်း ပြည်သူသဘောမတူရင် ဆက်မလုပ်ပါဘူးလို့ပြောထားပေမဲ့ သဘောတူရင်တော့ ဆက်လုပ်မယ့်သဘောလားပေါ့။ အခြေအနေဆိုးမှာ ဆင်းရဲတာကိုပဲ အပြစ်တင်ရမလား။ ပညာမတတ်တာကိုပဲ အပြစ်ပြောရမလား။ ကိုယ့်ဒေသကို ကာကွယ်ဖို့ အသိဉာဏ်မရှိတာကိုပဲ အပြစ်တင်ရမလားမသိတော့ဘူး”လို့ မြေရှားသတ္တုတူးဖော်မှုကို ကန့်ကွက်နေသူတစ်ဦးကလည်း ဆိုပါတယ်။
ကချင်ပြည်နယ်မှာ တကျော့ပြန်စစ်က ဇွန်လ ၉ ရက်နေ့မှာ ၁၂ နှစ်ပြည့်မှာဖြစ်ပြီး ကချင်ပြည်သူတွေကတော့ နေရပ်မပြန်နိုင်သေးဘဲ စစ်ဘေးရှောင်စခန်းတွေမှာ ဆက်လက် မှီခိုနေထိုင်နေရတုန်း ဖြစ်ပါတယ်။