Home
ဆောင်းပါး
ကမ္ဘာမြေရဲ့ စိန်ခေါ်မှုကြီးများ ( ၂ )
မောင်သာမည
·
June 5, 2023

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ဝန်းကျင်က စက်မှုတော်လှန်ရေးကြီးကြောင့် ကမ္ဘာတဝန်းလုံး စက်ရုံတွေ မှိုလိုပေါက်လာရာကနေ စက်ရုံတွေကထုတ်တဲ့ ကာဗွန်မီးခိုးတွေကတဆင့် ကမ္ဘာကြီး ပူနွေးလာခဲ့ရတဲ့အကြောင်း အရင်တပတ်က တင်ဆက်ခဲ့ပါတယ်။

ဒီလို ကမ္ဘာကြီးပူနွေးမှုကြောင့် ရာသီဥတုပြောင်းလဲလာတာဟာ လျစ်လျူရှုလို့ မရတော့တဲ့ အခြေအနေကို ရောက်လာခဲ့ပါပြီ။ အခုဆိုရင် ရာသီဥတုပြောင်းလဲမှုရဲ့ ဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး ပညာရှင်တွေက အကြီးအကျယ် လေ့လာနေကြပါတယ်။ တွေ့ရှိချက်တွေကိုလည်း သက်ဆိုင်ရာ အစိုးရတွေကိုရော ကမ္ဘာသူကမ္ဘာသား အားလုံးကိုပါ တင်ပြနေကြပါတယ်။ ဒါကြောင့် အမြော်အမြင်ရှိတဲ့ နိုင်ငံတွေမှာတော့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုအကြောင်း၊ ရာသီဥတု ပြောင်းလဲမှုအကြောင်း၊ လက်ရှိတွေ့ကြုံနေရတဲ့ ဆိုးကျိုးတွေအကြောင်း၊ မကြာခင်မှာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေအကြောင်း စတာတွေကို အများပြည်သူသိရှိအောင် ပညာပေးနေကြပါတယ်။

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေမှာလည်း ဒီလို အသိပေး ပညာပေးတာတွေ လုပ်နေကြပါတယ်။ ဒီလို အသိပေးနေတဲ့ အကြောင်းအရာထဲမှာ မြန်မာပြည်သားတွေအနေနဲ့ မဖြစ်မနေ သိထားရမှာကတော့ သဘာဝပတ်ဝန်းကျင်ပူနွေးမှုကြောင့် ဘင်္ဂလားပင်လယ်အော် အပါအဝင် အိန္ဒိယသမုဒ္ဒရာအပေါ်မှာ သက်ရောက်လာနေတဲ့ ဘေးဆိုးတွေအကြောင်း ဖြစ်ပါတယ်။

အိန္ဒိယသမုဒ္ဒရာဟာ ကမ္ဘာ့နိုင်ငံရေးနဲ့ စီးပွားရေးအတွက် အလွန်အရေးကြီးတဲ့ ပထဝီဒေသတခု ဖြစ်ခဲ့တာ ကြာပါပြီ။ အခု ၂၁ ရာစုကို ရောက်လာတဲ့အချိန်မှာတော့ အိန္ဒိယသမုဒ္ဒရာဟာ ပထဝီနိုင်ငံရေးနဲ့ စီးပွားရေးရဲ့ ဗဟိုချက်ဖြစ်လာပြီလို့ ဆိုပါတယ်။ ဒါကြောင့် အိန္ဒိယသမုဒ္ဒရာရဲ့ အပြောင်းအလဲဟာ တကမ္ဘာလုံးကို ရိုက်ခတ်မှာပါ။

အိန္ဒိယသမုဒ္ဒရာရဲ့ အကျယ်အဝန်းက စတုရန်းကီလိုမီတာ သန်း ၇၀ ရှိပါတယ်။ ဒီသမုဒ္ဒရာကမ်းခြေမှာ နိုင်ငံပေါင်း ၃၈ နိုင်ငံ ရှိပါတယ်။ လူဦးရေက သန်းပေါင်း ၂,၅၀၀ ကျော် ရှိပါတယ်။ ဒါကြောင့် အိန္ဒိယသမုဒ္ဒရာရဲ့ အပြောင်းအလဲကြောင့် တိုင်းပြည်အများအပြားနဲ့ လူအမြောက်အမြားကို ထိခိုက်မှာဖြစ်သလို ကမ္ဘာတခုလုံးအပေါ်မှာလည်း အကြီးအကျယ် ရိုက်ခတ်ပါလိမ့်မယ်။

ကမ္ဘာမြေပူနွေးမှုကြောင့် ရေခဲတောင်တွေ အရည်ပျော်ပြီး ပင်လယ်ရေမျက်နှာပြင်ကို မြင့်တက်စေပါတယ်။ ဒီအတိုင်း ဆက်ပူနေရင် တချိန်ချိန်မှာတော့ ပင်လယ်ကမ်းခြေတချို့ဟာ ပင်လယ်ရေပြင်အောက်ကို ရောက်သွားကြပါလိမ့်မယ်။ ပင်လယ်ကမ်းစပ်က မြို့ရွာတွေမှာ နေထိုင်တဲ့သူတွေလည်း ရွှေ့ပြောင်းကြရပါလိမ့်မယ်။ လာမယ့် နှစ်ပေါင်း ၃၀ အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသားပေါင်း သန်း ၃၀ နီးပါးဟာ ပင်လယ်ကမ်းခြေ ကိုယ့်ရပ်မြေကနေ  ရွှေ့ပြောင်းကြရလိမ့်မယ်လို့ သတိပေးထားပါတယ်။

ကာဗွန်မီးခိုးငွေ့တွေကြောင့် မြေပြင်လိုပဲ ပင်လယ်ရေပြင်ဟာလည်း ပိုပူလာနေပါတယ်။ ပင်လယ်ရေပြင်က လူတွေထုတ်လုပ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ စုစုပေါင်းရဲ့ သုံးပုံ တပုံကို စုပ်ယူနေတာပါ။ ဒါကြောင့် ပင်လယ်ရေဟာ အက်ဆစ်ဓာတ်က ပိုများလာနေပါတယ်။ ဒီလိုပြောင်းလဲမှုက ပင်လယ်ရေပြင်ထဲမှာ နေထိုင်ရတဲ့ ငါး ပုဇွန် စတဲ့ သတ္တဝါတွေကို အလွန်ဒုက္ခပေးနေပါတယ်။ ပင်လယ်သတ္တဝါတွေထဲက မျိုးစိတ်များ ပျောက်ကွယ်နေသလို အရေအတွက်လည်း သိသိသာသာ လျော့ကျနေပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဘင်္ဂလားပင်လယ်အော် အပါအဝင် အိန္ဒိယသမုဒ္ဒရာထဲမှာ ငါးဖမ်းရတာ ပိုပြီး ခက်ခဲလာတယ်လို့ ဆိုပါတယ်။ တချို့နှစ်တွေမှာ ပင်လယ်ငါး ဖမ်းဆီးရရှိမှုဟာ ထက်ဝက်လောက် ကျဆင်းသွားတဲ့ အထိပါပဲ။

ပင်လယ်ရေပြင် မြင့်တက်လာမှုကြောင့် ဘင်္ဂလားပင်လယ်အော်ကမ်းစပ်က ဒီရေတောတွေ ပျက်စီးမယ့်အန္တရာယ်ဟာလည်း လျစ်လျူရှုလို့မရအောင် ကြီးမားပါတယ်။ လက်ရှိနှုန်းအတိုင်း ဆက်သွားနေရင် ၂၁ ရာစုအကုန်မှာ ပင်လယ်ရေပြင် မြင့်တက်လာမှုကြောင့် ဒီရေတော ၇၀ ရာခိုင်နှုန်း ပျက်စီးပျောက်ကွယ်သွားပါလိမ့်မယ်။ ကမ်းခြေနဲ့ထိစပ်နေတဲ့ လူနေမြို့ရွာတွေ၊ မြစ်တွေ၊ စိုက်ပျိုးခင်းတွေဟာ ရေလွှမ်းမိုးမှုဒဏ်ကို အကြီးအကျယ် ခံကြရပါလိမ့်မယ်။ စိုက်ခင်းသီးနှံတွေဟာ ပင်လယ်ရေငန်ကြောင့် ပျက်စီးကြရပါမယ်။ ဒါက အစာရေစာ ငတ်မွတ်ခေါင်းပါးမှု ကပ်ဆိုးကြီးကို ဖန်တီးပေးမှာ သေချာပါတယ်။

ဘင်္ဂလားပင်လယ်အော်ဟာ ပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်းတွေကို နှစ်စဉ်နှစ်တိုင်း မွေးဖွားပေးတဲ့ ပင်လယ်တခုအဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ ဘင်္ဂလားပင်လယ်အော်ဟာ လူအသေအပျောက်အများဆုံး ဖြစ်ခဲ့ရတဲ့ စူပါမုန်တိုင်းတွေကို အဓိက ထုတ်လုပ်ပေးခဲ့ပါတယ်။ သမိုင်းမှတ်တမ်းဝင် စူပါမုန်တိုင်းတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ ဘင်္ဂလားပင်လယ်အော်က ထွက်လာတဲ့ ဆိုင်ကလုန်းတွေဖြစ်ပါတယ်။ ၁၉၇၀ ခုနှစ်က လူ ၅ သန်းအထိ သေကျေပျက်စီးအောင် တိုက်ခတ်ခဲ့တဲ့ ဘိုလာ ဆိုင်ကလုန်းဟာ ဘင်္ဂလားပင်လယ်အော်ရဲ့ စူပါမုန်တိုင်းတခုပါပဲ။

လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံသား တသိန်းကျော်ကို အသက်ဆုံးရှုံးစေခဲ့တဲ့ နာဂစ်မုန်တိုင်းဟာလည်း ဘင်္ဂလားပင်လယ်အော်ထဲက ထွက်ပေါ်လာခဲ့တဲ့ စူပါမုန်တိုင်းကြီး ဖြစ်ပါတယ်။ လောလောဆယ် တိုက်ခတ်ခဲ့တဲ့ မိုခါ မုန်တိုင်းဟာလည်း ဘင်္ဂလားပင်လယ်အော် ရဲ့ ဆိုင်ကလုန်းမုန်တိုင်းပါပဲ။ ပင်လယ်ရေပူနွေးလာမှုကြောင့် လာမယ့်နှစ်ကာလများမှာ စူပါမုန်တိုင်းတွေ အရေအတွက် ပိုများလာမှာဖြစ်သလို ပိုပြီးလည်း ပြင်းထန်လိမ့်မယ်လို့ ပညာရှင်များက အခိုင်အမာ ပြောနေကြပါတယ်။

မကြာခင်က ထွက်ပေါ်လာခဲ့တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာတွေ့ရှိချက်တခုအရ  သဘာဝဘေးဒဏ်ကို အဆိုးဆုံးခံရမယ့် ကမ္ဘာ့နိုင်ငံ ၁၀ ခုရဲ့ စာရင်းမှာ ဘင်္ဂလားပင်လယ်အော်နဲ့ ဆက်စပ်နေတဲ့နိုင်ငံ ၄ ခု ပါဝင်နေပါတယ်။ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ ဖြစ်ပါတယ်။ ဒီနိုင်ငံ ၄ ခုအနက် အစိုးရိမ်ရဆုံးကတော့ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ စစ်ခေါင်းဆောင်များ အုပ်စိုးတဲ့ နိုင်ငံတွေ ဖြစ်နေကြတဲ့ အတွက် စိုးရိမ်ရတာပါလို့ အကြောင်းပြချက် ပေးထားပါတယ်။ တကယ်တော့ မြန်မာနိုင်ငံက ထိုင်းနိုင်ငံထက် စိုးရိမ်စရာ ပိုကောင်းတယ်ဆိုတာ လူတိုင်းသိပါတယ်။ နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်က လူပေါင်းသိန်းနဲ့ချီပြီး သေခဲ့ရတာဟာ စီမံခန့်ခွဲမှု ညံ့ဖျင်းလွန်းတဲ့ စစ်အစိုးရကြောင့် ဆိုတာ သမိုင်းမှတ်တမ်း ရှိပြီးသားဖြစ်ပါတယ်။

သောတရှင်များခင်ဗျား....

လူထုတ်လုပ်တဲ့ ကာဗွန်မီးခိုးတွေကြောင့် ကမ္ဘာကြီး ပိုမိုပူနွေးလာပြီး ကမ္ဘာအနှံ့အပြားမှာ ရာသီဥတုတွေ ပြောင်းလဲလာနေပါပြီ။ ဒီအထဲမှာ ဘင်္ဂလားပင်လယ်အော်နဲ့ ထိစပ်နေတဲ့ နိုင်ငံတွေကတော့ အလွန်ပြင်းထန်တဲ့ စူပါမုန်တိုင်းကြီးတွေကို ပိုမိုရင်ဆိုင်ရဖို့ ရှိနေပါတယ်။

သတိရှိရှိနဲ့ ပြင်ဆင်ရင်ဆိုင်မှသာ ဆိုးရွားခါးသည်းတဲ့ အဖြစ်တွေက လွတ်ကင်းနိုင်မှာ ဖြစ်တဲ့အကြောင်း အသိပေးတင်ပြလိုက်ပါတယ်ခင်ဗျား။ မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း သဘာဝဘေးဒဏ်များကို ကျော်လွှားနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျား။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024