
ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရ၊ ဟိုလိုလုပ်ပါ ဒီလိုလုပ်ပါဆိုပြီး ပြည်သူတွေကို သေနတ်နဲ့ထောက် မတရားဥပဒေတွေနဲ့ အကြောက်တရားတွေ အဆုံးစွန်ထိပေးပြီး အနိုင်ကျင့် အုပ်ချုပ်နေတဲ့ နိုင်ငံဟာ ကမ္ဘာမှာ မြောက်ကိုရီးယားပြီးရင် မြောက်မြန်မာနိုင်ငံ ဖြစ်နေပါပြီ။
ဆိုင်ကယ်ကို ဟိုလိုမစီးရ၊ ဒီလိုမစီးရ၊ အဝတ်အစားကို ဟိုအရောင်မဝတ်ရ၊ ဒီအရောင်မဝတ်ရ၊ သူတို့ကို တော်လှန်သူတွေက တိုက်ခိုက်မှာကြောက်ပြီး တနေ့တမျိုး မရိုးရအောင် ဥပဒေတွေ အမျိုးမျိုး ထုတ်နေကြတယ်။ ပြည်သူတွေမှာ ခြင်းထဲကကြက်တွေလိုပဲ ဘယ်အချိန်လာဖမ်းပြီး ရိုက်သတ်ခံရမလဲဆိုတာ ရင်တမမနဲ့ ပြည်သူတွေမှာ အိမ်ရှေ့လမ်းမပေါ်တောင် ရဲရဲမထွက်ရဲ၊ အချိန်နဲ့အမျှ ရမ်းမယ့်သူလာမလား၊ ဖမ်းမယ့်သူလာမလား သတိထား စောင့်ကြည့်နေကြရတယ်။
သူတို့မကြိုက်တဲ့စကား မပြောနဲ့၊ ဖမ်းခံရမယ် (တေးရေး/တေးဆို ဗျူဟာ ဖမ်းခံရတာ ဒါကြောင့်)၊ သူတို့ကြောက်တဲ့ PDF တို့ NUG တို့နဲ့ မပတ်သက်နဲ့၊ အဖမ်းခံရရင် အသေပဲ၊ လူငယ်လေးတွေ ဆိုင်ကယ်နဲ့ ၂ ယောက်ပိုး ၃ ယောက်ပိုးစီးပြီး လမ်းမသလားကြနဲ့၊ တွေ့တဲ့နေရာ PDF လို့စွပ်စွဲပြီး သေနတ်နဲ့ပစ်သတ်ခံရမယ်။ လူ ၄/၅ ယောက် လူစုလူဝေး လုပ်မနေကြနဲ့၊ သပိတ်အဖွဲ့လို့သတ်မှတ်ပြီး နိုင်ငံတော်အကြည်အညိုပျက်စေလို့ဆိုကာ ပုဒ်မ ၅၀၅ နဲ့ ထောင်ထဲရောက်သွားမယ်။ ပြောရမယ်ဆို ကုန်မှာတောင်မဟုတ်ဘူး။ တဖြည်းဖြည်း မြောက်ကိုရီးယားထက် ပိုဆိုးလာပြီဆိုတာ သဘောပေါက်ကြပါ။
ဘယ်တိုင်း ဘယ်ဒေသမှာ ပွဲကပြီတဲ့ဟေ့ဆို မမေးနဲ့ အများအပြားသေတာ သူတို့ပဲ။ ဘယ်နားမှာ အုန်းသွားပြီး ဘယ်နှစ်ယောက်တော့ မုန့်ဟင်းခါး၊ ဘယ်နှစ်ယောက်တော့ စာအုပ်ရောင်း၊ ဗေဒင်မမေးနဲ့ ဆန်ကုန်တယ်၊ အဲဒါ သူတို့ပဲ။ ပြည်သူ့မေတ္တာစူးပြီး တိုက်တိုင်းရှုံး ထိတိုင်း သေနေကြတော့ အပ်တိုတချောင်းတောင် လက်ထဲမရှိတဲ့ ပြည်သူကို PDF တွေ၊ ထောက်ပို့တွေလို့ မဟုတ်မမှန်စွပ်စွဲပြီး ဖမ်းဆီးသတ်ဖြတ်ကြတယ်။ မတရားစွပ်စွဲ ဖမ်းပြီး အသတ်ခံရတော့ အရင်က မဟုတ်တဲ့သူတွေတောင် သူတို့ကိုပြန်ချဖို့ အလိုလို တော်လှန်ရေးသမားတွေ ဖြစ်ကုန်ကြတယ်။ တော်လှန်ရေးသမားနဲ့ PDF က လျော့မသွားတဲ့အပြင် ပိုပိုတိုးလာတယ်။ သူတို့ရဲ့ သူငယ်ချင်း မိတ်ဆွေ မိဘမောင်ဘွား ဆွေမျိုးသားချင်းတွေအတွက် အမြစ်ပြုတ်အောင် တိုက်မဟဲ့ဆိုတဲ့ စိတ်နဲ့ လူကြီး၊ လူငယ် အကုန် PDF တွေ ထောက်ပို့တွေ ဖြစ်လာခဲ့ကြတော့တယ်။
အားမတန်သေးလို့ မာန်လျှော့နေကြရတာကို သူတို့က ပိုယုတ်မာလာကြတယ်။ စပရိန်ဆိုတာ ဖိထားပြီး လွှတ်လိုက်တာနဲ့ ကန်ထွက်သွားတတ်တယ်။ သူတို့လက်က လွတ်ပြီဆိုတာနဲ့ ပြင်းထန်စွာ စောင့်ကန်ကြလိမ့်မယ်။ ဒီနေ့ မြန်မာ့အရေးက ကမ္ဘာကြေတောင် အညာဒေသနဲ့ အရာရာပေးဆပ် စွန့်လွှတ်လိုက်ရတဲ့သူတွေက ဥဒါန်းကျေကြမှာ မဟုတ်တော့ဘူးဆိုတာ ပြည်သူတွေအပေါ် မတရားအနိုင်ကျင့်ခဲ့သူတွေ သိထားကြပါ။
ဘယ်သူက ကျေအေးကျေအေး၊ ဘယ်သူက ခွင့်လွှတ်ခွင့်လွှတ် ပြည်သူကတော့ မိစ္ဆာဒိဋ္ဌိ လူမဟုတ်တဲ့ တိရစ္ဆာန်တွေကို နောင်သံသရာ အဆက်ဆက်ထိ ခွင့်လွှတ်နိုင်ကြမှာ မဟုတ်ဘူး။ ခွင့်လွှတ်ဖို့ပြောလာရင်လည်း စစ်မိစ္ဆာတွေနဲ့ တတန်းတည်းသတ်မှတ်ပြီး ဆက်လက် တော်လှန်နေကြမှာဖြစ်တယ်။
အဲ့ဒီတော့ စဉ်းစားကြပါ၊ တောင်ကိုရီးယားနိုင်ငံလို အစစအရာရာ ဖွံ့ဖြိုးတိုးတက်ပြီး လူလိုသူလို နေချင်ကြလား၊ မြောက်ကိုရီးယားနိုင်ငံလို ဆံပင်ပုံစံတောင် သူတို့သတ်မှတ်ထားတဲ့ ပုံစံပဲ ညှပ်ရတဲ့သူတွေလို နေချင်လား၊ ဘယ်လိုနေချင်လဲ၊ ဘာလုပ်သင့်သလဲ၊ သေချာစဉ်းစားဆုံးဖြတ်ကြဖို့ လိုပါပြီ။ မြောက်မြန်မာ မဖြစ်ဖို့ အာဏရှင်ကို ဆက်လက်တိုက်ပွဲဝင်ကြရဦးမှာ ဖြစ်ပါတယ်။
ပေကြီး