DVB Logo
Home
ဆောင်းပါး
မုန်တိုင်း
DVB
·
May 14, 2023
မုန်တိုင်း
Donate to DVB

မိုးလေး တပြိုက် နှစ်ပြိုက် ရွာတော့ လူတွေ ပျော်ကြသည်။ အကြာကြီး ပျက်နေသော လျှပ်စစ်မီး ရုတ်တရက် လင်းလာသလို “ဟေးခနဲ” မအော်ရုံတမည်။ ဒီကလူတွေက ဒုက္ခကိုမျိုးစုံ ခံစားဖူးနေကြသည်။ ဗုဒ္ဓဘာသာမှာ ၃၁ ဘုံရှိလျှင် ဒီနေရာက လူတွေက အပါယ်လေးဘုံထဲ မဟုတ်လျှင်တောင် အတော်ဒုက္ခဆင်းရဲကြီးသော ဘုံမှာ နေနေကြရသည်။ ရေဘေး၊ မီးဘေး၊ မင်းဘေးမျိုးစုံ ခံစားရသည်။

သည်တနွေက အတော်ပူသည်။ သည်တနွေ ပူသည်ဆိုတော့ အခြားနွေတွေကရော မပူဘူးလား။ ဒီလိုပဲ ပူတယ် ညည်းရင်း မိုးလေးရွာတော့ ပူတာ မေ့သွားတာပဲ မဟုတ်လား။ မဟုတ်ဘူး။ ဒီနွေက အရင်နွေတွေထက် ပိုပူသည်။ Global warming ကြောင့်လား၊ Climate change ကြောင့်လား။ 

မှတ်ထားမိသလောက်က ခါတိုင်း ကဆုန်လပြည့် ဆိုလျှင် မိုးတွေ သဲသဲမဲမဲ ရွာပြီ။ လပြည့်ကျော်လျှင် စိုစွတ်သော ရာသီထဲဝင်ပြီ။ မိုးလေး တပြိုက် နှစ်ပြိုက် ရွာလိုက်။ 

တခါတလေ မုန်းတိုင်းတွေ ဝင်လိုက်။ မုန်တိုင်းအရှိန်နှင့် မိုးတွေ ရွာလိုက်။ ဦးထွန်းလွင်ကတော့ တစ်နှစ် တစ်နှစ် ကပ္ပလီပင်လယ်ပြင်ထဲ မုန်တိုင်း ဘယ်နှလုံး ဖြစ်သည်၊ ဘယ်နှလုံး မြန်မာပြည်ထဲ ဝင်သည်။ အတိအကျ တွက်ပြ၊ ပြောပြတတ်သည်။ ခုတော့ ဦးထွန်းလွင်လည်း မရှိတော့။ ဘင်္ဂလားပင်လယ်အော်ထဲ ဖြစ်သမျှ မုန်တိုင်းက မြန်မာပြည်ထဲ ဝင်ချင်မှ ဝင်သည်။ ဝင်လည်း ရခိုင်မြောက်ပိုင်းတို့ ဘင်္ဂလားဒေ့ရှ်တို့ဘက် ရောက်သွားတာများသည်။

မုန်တိုင်းက မိုးကို ခေါ်လာတတ်သည် ဖြစ်၍ ကောင်းကောင်း ဆိုးဆိုး မုန်တိုင်းကို လူတွေ မျှော်တတ်ကြသည်။

ဟော… ခုပဲ မုန်တိုင်းကြီး မိုခါက ဘင်္ဂလားပင်လယ်အော်ထဲ မုန်ယိုနေပြီ။ သူ လာတော့မည်ဆို၍ ကြိုတင် ဘေးလွတ်ရာ ရှောင်သူရှောင်ကြ။ သူက ဖျက်ဆီးမည့် အရာတွေအတွက် အသင့်ပြင်သူ ပြင်ကြ။ မုန်တိုင်းမတိုင်ခင်ကတည်းက Alert ဖြစ်နေကြသည်။

မိုခါက ဖျက်အားပြင်းမုန်တိုင်း ဖြစ်သည်။ လေတိုက်နှုန်း မိုင် ၁၀၀-၁၃၀ အထိ ရှိမည်မှန်း၍ အတော်ပြင်းထန်သည်။ ၂၀၀၈ နာဂစ်လောက် ပြင်းအားရှိသည်။ ပညာရှင်တွေက တွက်ကြ၊ ချက်ကြ ဟောကိန်းထုတ်ကြသည်။ မိုးလေဝသဌာနတွေက ကြိုတင်သတိပေးချက်တွေ ထုတ်ပြန်ကြသည်။

မုန်တိုင်း ဘယ်အနားရောက်နေပြီ။ ဘယ်ဘက်ကို ဦးတည်နေသည်။ လေတိုက်နှုန်း ဘယ်လောက် ရှိသည်။ ဘယ်ကို ဝင်မည်။ မုန်တိုင်း စမဖြစ်ခင် တပတ်လောက်ကတည်းက မုန်တိုင်း အင်ဖော်မေးရှင်းတွေ ဆက်တိုက်ရနေသည်။ ဆိုရှယ်မီဒီယာ Facebook နှင့် အွန်လိုင်းပေါ်မှာ မုန်တိုင်းသတင်း မသိချင်မှ အဆုံး။

၂၀၀၈ နာဂစ်တုန်းက ခုလို ဖေ့စ်ဘွတ် မပေါ်သေး။ ဂျီမေးလ်၊ ဂျီတော့လောက်ပဲ စ တွင်ကျယ်နေသည်။ သတင်းကို အားလုံး လက်လှမ်းမမီ။ ဘိုကလေး၊ မြောင်းမြ၊ လပွတ္တာ၊ ဖျာပုံ ပင်လယ်ကမ်းနီးရွာတွေ သိပ်သိပုံမရ။ မုန်တိုင်းဒီရေမြင့်လျှင် တရွာလုံး ရေမြုပ်သည်ကို အတွေ့အကြုံ မရှိကြ။ 

နာဂစ်က စိုးရိမ်စရာကောင်းပြီး အနီရောင်အဆင့်ရှိ၍ သတိရှိရန်လိုကြောင်းကို အမေရိကန်သံရုံးက အီးမေးလ်ပို့ အကြောင်းကြားသည်။

နီးစပ်ရာတွေကို မုန်တိုင်းလာတော့မည်ဟု သတိပေးရုံပဲ တတ်နိုင်သည်။ ခုလို ဖေ့ဘွတ်ခ်ပေါ် တက်ပြီး မုန်တိုင်းလာတော့မယ်ဟေ့လို့ အော်ချက်ထုတ်လို့မရ။ 

ခေတ်က ပြောင်းသွားပြီ။

နာဂစ်တုန်းက ကိုယ်တွေကိုယ်တိုင် ပရင့်မီဒီယာပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်နေသည်။ လူတွေကလည်း ပရင့်မီဒီယာ၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းကိုပဲ အားထားကြသည်။ ကျန်တာက ရေဒီယိုပေါ့။ တီဗီပေါ့။ 

အမှန်ဆိုရလျှင် နာဂစ် လာတော့မည်ဆိုတုန်းက ကိုယ်တိုင်လည်း ပေါ့ပေါ့လျော့လျော့ပါပဲ။ မေ ၂ ရက်မှာ နာဂစ်ဝင်တော့ မေ ၁ ရက်မွန်းလွဲပိုင်းအထိ ရွှေပုစွန်မှာ အေးအေးဆေးဆေး ကော်ဖီ သောက်တုန်း။ မုန်တိုင်းဆိုတာမျိုးကလည်း မလာခင် ကြိုဟန်ရေးပြတာမျိုး မရှိ။ 

မေ ၁ ရက် မွန်းလွဲပိုင်းအထိ နေရောင်တွေ လင်းပွင့်နေပြီး မိုးသားထူထူကိုပင် မမြင်ရ။ အလွန်အမင်း အုံ့ဆိုင်းနေတာမျိုးလည်း မရှိတော့ မကြောက်သလိုပဲ။

နာဂစ်က ညကျမှ လာသည်။ ညနေ ၆ နာရီကျော်တော့ လေက တဟူးဟူးတဟားဟား စတိုက်လာသည်။ တံခါးတွေကို လေက ဒိုင်းခနဲ ရိုက်သည်။ ချွမ်ခနဲ မှန်တခါးတွေ ကွဲသည်။ မီးတွေ ပြတ်သွားပြီ။ အပြင်မှာ တဟူးဟူး လေသံတွေ။ အိမ်ရှိလူကုန် လုံခြုံသော အိမ်ထောင့်တစ်နေရာမှာ စုရုံးနေကြရသည်။ Updated သတင်းကို လက်ကိုင်ဖုန်းပဲ အားကိုးရသည်။ နောက်တော့ ဖုန်းလိုင်းတွေလည်း ပျက်။ မီးတွေလည်း ပျက်။ အိမ်ရှေ့လမ်းမမှာ သစ်ပင်တွေကျိုး၊ ရေတွေကြီး။ 

ဒါက နာဂစ်တုန်းက ဖြစ်စဉ်ပါ။ 

အခု မိုခါကလည်း နာဂစ် လိုလာမည်ဆိုတော့ ကျောက်ဖြူ၊ စစ်တွေ၊ တကြော နာဂစ်လို လေပြင်းဝင်မည်။ ရေကြီးမည်။ သစ်ပင်ကြီးတွေ ကျိုးမည်။ လမ်းတွေ ပိတ်မည်။ လျှပ်စစ်မီးပြတ်၊ ရေပြတ်မည်။ နေအိမ်အဆောက်အဦတွေ ပြိုမည်။ ဒါက မုန်တိုင်းများ၏ အပြုအမူဖြစ်သည်။

ခုတစ်ခါ မုန်တိုင်းမှာ နာဂစ်နှင့် မတူနိုင်တာက ကြိုတင်ပြင်ဆင်နိုင်မှုပဲလို့ ဆိုရမည်၌ ဒါက ခုခေတ် အွန်လိုင်း သတင်းမီဒီယာစီးဆင်းမှု အဟုန်ကြောင့် ဖြစ်သည်။ မုန်တိုင်း မဝင်ခင်ကတည်းက မုန်တိုင်းသတိ ရှိနေကြသည်။

ဒီနေ့ မနက်အထိတော့ နေက သာနေသေးသည်။ မုန်တိုင်းက ရှိလို့ရှိမှန်း လာလို့လာမှန်း မသိရအောင် လင်းလင်းချင်းချင်း ရှိနေသေးသည်။ 

ဟော… လာပါပြီဗျာ။ မေ ၁၃ မနက် ကိုးနာရီ။ ရန်ကုန်မှာ မိုးရွာပါပြီ။ သဲသဲမဲမဲ မုန်တိုင်းမိုးလို ညိုမှောင်ပြီး ရွာသည်။ 

ရန်ကုန်သူ ရန်ကုန်သားတွေ မျှော်နေသော မိုး၊ တကယ်လာပါပြီ။ မတ်၊ ဧပြီ၊ မေ တနွေလုံး ပူလောင်အိုက်စပ်နေသမျှ အေးရပြီ။ တနွေလုံး ပွင့်ဖို့ တာစူနေသော ပိတောက်တွေ ရွှေလို ပွင့်ကြတော့မည်။

ဒီနှစ်နွေက သင်္ကြန်လည်း မရှိ။ ပိတောက်လည်း မပွင့်။ ပူပူလောင်လောင် ခြောက်ခြောက်သွေ့သွေ့နှင့် ပြီးသွားသည်။

သင်္ကြန်အပြီးမှာ ပူလောင်ပုံက ဖျတ်ဖျတ်လူးသည်။ ပူသည့်အထဲ မီးက တစ်ရက် လေးနာရီပဲ လာသည်။ လာလိုက်၊ ပျက်လိုက်။ အလုံပိတ်ခန်းထဲ ချွေးတလုံးလုံးနှင့် နေရသည်။ 

ကောင်းကောင်း ဆိုးဆိုး မြန်မာပြည်ထဲ မုန်တိုင်းဝင်မည်ဆိုတော့ လူတွေ ပျော်ကြသည်။ မုန်တိုင်းက အဖျက်စွမ်းအားကြီးသည်ဆိုလည်း မလာသေးဘူးလား၊ မလာသေးဘူးလားနှင့် တောင့်တနေကြသည်။

ဟော… ခုတော့ တကယ်လာပါပြီ။ 

မီးလိုအပူတွေ၊ မုန်တိုင်းလို လေပြင်းတွေ၊ နာကျင်ခံခက် အဆိုးတွေရဲ့ အဆုံးမှာတော့ သက်သောင့်သက်သာ ဖြစ်မှုလေးတွေ ဒီဘုံက လူတွေဆီ ဆောင်ကြဉ်းပေးပါလို့ပဲ ဆုတောင်းလိုက်ပါရစေ။

CWM

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013