DVB Logo
Home
Lead Story
နိုင်ငံရေးရဲ့ သားကောင်ဖြစ်လာတဲ့ ကလေးတွေ
DVB
·
May 13, 2023
နိုင်ငံရေးရဲ့ သားကောင်ဖြစ်လာတဲ့ ကလေးတွေ
1 / 3
Donate to DVB

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်တပ် အာဏာသိမ်းချိန်မှာ မနက်မိုးမသောက်ခင် ဖြစ်တာကြောင့် နိုင်ငံရဲ့အနာဂတ်တွေဖြစ်ကြတဲ့ ကလေးငယ်လေးတွေ အိပ်မောကျနေတုန်းပဲ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးလို့ သိလိုက်ရတဲ့ပြည်သူတွေဟာ မိမိတို့ဆန္ဒအလျောက် ဟစ်ကြွေးကာ လမ်းတွေပေါ်ဆန္ဒပြထွက်ခဲ့ကြတဲ့အခါ ကလေးတွေဟာလည်း မိဘညီကိုမောင်နှမတွေနဲ့အတူ ဆန္ဒပြထွက်လာခဲ့ပြီး နိုင်ငံရေးထဲကို ပါဝင်လာကြရပါတယ်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၂၀ ရက်မှာတော့ မန္တလေး သင်္ဘောကျင်းမှာ ဖမ်းဆီးခံရသူတွေ ပြန်လည် လွတ်မြောက်ရေးဆန္ဒပြနေသူတွေကို  စစ်ကောင်စီက အကြမ်းဖက်ပစ်ခတ်ဖြိုခွဲရာဒဏ်ရာရသူတွေကို ကုန်စိမ်းတင်လှည်းနဲ့ လူနာတွေ ခေါက်တုံ့ခေါက်ပြန် သယ်ဆောင်ပြီး လူနာတင်ယာဉ်တွေဆီ ပို့ဆောင်ပေးနေတဲ့ မောင်ဝေယံထွန်း (၁၆နှစ်) ဟာ ဦးခေါင်းကို သေနတ်ကျည်ထိမှန်ကာ သေဆုံးသွားခဲ့ရပါတယ်။

အဲ့အချိန်ကနေစတင်ပြီး နိုင်ငံရေးဟာ အသက်မပြည့်သေးတဲ့ကလေးတွေကိုပင် ဆွဲငင်သတ်ဖြတ်နိုင်တဲ့အရာတစ်ခုဖြစ်လာခဲ့တယ်ဆိုတာကို သိရှိလာကြရပါတယ်။  အဲဒီအချိန်ကစတင်ပြီး နိုင်ငံရေးကြောင့်ဖြစ်ပေါ်လာတဲ့ စစ်ပွဲတွေအပြင် ဒုက္ခမျိုးစုံကို ကလေးတွေအနေနဲ့ ခံစားခဲ့ကြရပါတယ်။

အဆိုးဆုံးအနေနဲ့ကတော့ မြန်မာနိုင်ငံမှာ အာဏာသိမ်းထားမှုဖြစ်စဉ် ၂ နှစ်အတွင်း ကလေးသူငယ် သေဆုံးမှု မှုဦးရေ  ၄၀၀ နီးပါးရှိလာပြီ ဖြစ်ပါတယ်။ 

စီးပွားရေး

မြန်မာနိုင်ငံမှာရှိတဲ့ ကလေးတွေအနေနဲ့ စစ်ဘေးရှောင်ကြရတဲ့ ကလေးတွေရှိကြသလို စစ်ပွဲတွေ မဖြစ်တဲ့မြို့တွေမှာလည်း ကျပ်တည်းလာတဲ့ စီးပွားရေးတွေနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ကျောင်းနေအရွယ်ကလေးတွေဟာလည်း မိသားစုဝမ်းရေးအတွက် အလုပ်လုပ်ကိုင်နေကြရပါတယ်။ 

ထူးခြားဖြစ်စဉ်အနေနဲ့ မြန်မာနိုင်ငံမှာလူသုံးများတဲ့ အစားသောက်ပို့ဆောင်တဲ့ ကုမ္ပဏီဖြစ်တဲ့  Food panda ဟာ ကိုဗစ်ကာလမှာ လူသုံးအများဆုံး App တစ်ခုဖြစ်လာခဲ့သလို ဝန်ထမ်းအများအပြားကိုလည်းခန့်ထားခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာယိုယွင်းလာတဲ့ စီးပွားရေးတွေကြောင့် အလုပ်သမားတွေအပေါ် စီမံခန့်ခွဲမှုပြဿနာတွေကြုံနေခဲ့ရပြီး ကလေးအလုပ်သမားတစ်ဦးပါ ထွက်ပေါ်လာခဲ့တာကိုတွေ့ခဲ့ကြရပါတယ်။

ကလေးတွေဟာ မိသားစုအတွက် စားဝတ်နေရေးဝိုင်းဝန်းဖြေရှင်းနေကြတာကို ပိုမိုတွေ့လာရ တဲ့ပြယုဂ်တခု ဖြစ်ပါတယ်။ 

ပညာရေး

ကိုဗစ်နဲ့ နိုင်ငံရေးရိုက်ခက်မှုတွေကြောင့် ကျောင်းနေအရွယ် ကလေးအများအပြားဟာ ကျောင်းစာကို ကောင်းမွန်စွာသင်နေရခြင်းမရှိပါဘူး။ ကိုဗစ်ကြောင့်  တနှစ်ကျော်လောက် ကျောင်းပညာရေးတွေကို နားထားလိုက်ကြရပြီး ၂၀၂၁ ခုနှစ်အရောက်မှာတော့ နိုင်ငံရေးကြောင့် သဘောထားကွဲလွဲတာတွေအပြင် ကလေးတွေရဲ့လုံခြုံမှုအရ စာသင်ကျောင်းကိုပို့ဆောင်ခြင်းတွေကို ဆန့်ကျင်မှုတွေကြောင့် ကလေးငယ်တွေရဲ့ ပညာရေးတွေက အဟန့်အတားဖြစ်ကြတာကို တွေ့မြင်ခဲ့ကြရပါတယ်။

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ နတ်ဖန်ကွင်းအုပ်စု၊ ရေတွင်းကုန်းရွာသားတဦးက  “မြို့ပြနေကလေးငယ်တချို့ကတော့ မိဘရဲ့ပံ့ပိုးမှုတွေကြောင့် အွန်လိုင်းပညာရေးစနစ်တွေနဲ့ ဒစ်ပလိုမာကျောင်းတွေကို တက်ရောက်နိုင်ပေမဲ့ ရွာမှာနေတဲ့ကလေးတွေကတော့ “ရွာမှာတစ်လကို မင်္ဂလာပွဲ သုံးလေးပွဲလောက်ရှိတယ် ကြည့်လိုက်ရင် အသက် ၁၅ နှစ် ၁၆ နှစ်  အရွယ်လေးတွေနဲ့ မိန်းမယူ၊ ယောကျ်ားယူသွားကြတာ။ ပြီးခဲ့တဲ့ ကိုဗစ်ကာလတွေတုန်းကတော့ သူတို့က အလယ်တန်းတို့ အထက်တန်းတို့တက်နေကြတာလေ။ ကျောင်းတွေပိတ်တော့ ရွာမှာက မြို့တွေမှာလို့ ဘာမှလုပ်စရာမှမရှိတာ အဲ့တော့ အလုပ်လုပ်ကြရတာပေါ့ အလုပ်လုပ်ပြီး ပိုက်ဆံရှာနိုင်ပြီဆိုရင် အခုလိုပဲမိန်းမယူသွားကြတာ” လို့ ပြောပါတယ်။

အခုချိန်မှာ‌တော့ အစိုးရကျောင်းတွေကို နေရာအနှံ့မှာ စစ်ကောင်စီက ဖွင့်လှစ်ထားပြီဖြစ်သလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း သူတို့ကိုယ်ပိုင် ပညာရေးစနစ်နဲ့ကျောင်းတွေကိုတည်ထောင်ထားပြီး ဖွင့်လှစ်ထားပါတယ်။ 

ဒါပေမဲ့ စစ်ကောင်စီအနေနဲ့  NUG တည်ထောင်ထားတဲ့ကျောင်းတွေကို တရားမဝင် ဘူးလို့ သတ်မှတ်ထားပြီး အဆိုကျောင်းတွေမှာ ကလေးသူငယ်တွေ ပညာသင်နေကြောင်းသိရှိပါက အရေးယူခံရမယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်

မြန်မာနိုင်ငံရဲ့တိုက်ပွဲတွေကြောင့် ကလေးသူငယ်တွေ သေဆုံးမှုတွေက နေ့စဉ်နဲ့အမျှ များပြားလာတာတွေ့ရပြီး မိဘမဲ့ဖြစ်သွားတဲ့ ကလေးတွေလည်းရှိကြရပါတယ်။

စစ်ကောင်စီရဲ့ကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးသူငယ်တွေအစုလိုက် အပြုံလိုက် သေဆုံးကြရတာကြောင့် UNICEF Myanmar က မြန်မာနိုင်ငံရှိ ကလေးသူငယ်တွေရဲ့ အခြေအနေဟာ ဆိုးသထက်ဆိုးလာနေသလို ၂၀၂၃ ခုနှစ်အတွင်း ကလေးသူငယ် ၅ ဒသမ ၆ သန်းဟာလည်း လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေလိုအပ်နေတယ်လို့  RFA  သတင်းဌာနကို ပြောပါတယ်။ 

ကရင်ပြည်နယ်၊ လေးကေ့ကော်မှာ မှာတိုက်ပွဲစဖြစ်တဲ့ ၂၀၂၁ ဒီဇင်ဘာ ၁၅ ရက်မှာ  အဲ့မြို့မှာနေထိုင်တဲ့ ကလေးသူငယ်အများပြား ထိခိုက်ခဲ့ရသလို မြို့နေပြည်သူလူထုတွေကလည်း အိုးအိမ်ပျက်စီးကာ ထွက်ပြေးကြရတာတွေလည်းရှိပါတယ်။  တချို့မှာလည်းထိုင်းဘက်ခြမ်းကို ထွက်ပြေးလာခဲ့ကြတာတွေလည်းရှိပါတယ်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မှာ Heavenly Home လို့ခေါ်တဲ့ မိဘမဲ့စာသင်ကျောင်းဖွင့်ထားတဲ့ ဆရာတစ်ဦးက “လေးကေ့ကော်မှာ စစ်ဖြစ်တော့ ကျနော်တို့ ကျောင်းလေးက အဲ့မှာတစ်ခုရှိတယ်လေ အဲ့ကလေးတွေကို ကျနော့်မိန်းမက စစ်ပွဲဖြစ်လည်းဖြစ်ရော ဒီဘက်ကနေပြီးသွားပြီးကယ်လာရတယ်။ ကလေးတွေရဲ့စာသင်ကျောင်းဆိုတာကလည်း တစ်စစီပျက်စီးကုန်တာ။” လို့ ပြောပါတယ်။ 

သူ့ရဲပြောပြချက်အရ စစ်ဘေးနဲ့ နိုင်ငံရေးအခြေနေတွေကြောင့် မဲဆောက်မြို့မှာ အစစအရာရာခက်ခဲလာတာကြောင့် သူတို့ရဲ့ မိဘတွေ ကျောင်းမနေနဲ့တောင် ကလေးတွေ ထပ်မံ လက်မခံနိုင်တဲ့နေအထားဖြစ်နေရကြောင်းကို သိရပါတယ်။

Heavenly Home မိဘမဲ့ကျောင်းကတော့ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ရှိတဲ့ ကလေးအများဆုံး ရှိကျောင်းတစ်ခုထဲကပဲဖြစ်ပြီးတော့ သူတို့လို ကလေးအများအပြားတာဝန်ယူထားရတဲ့ ကျောင်းတွေအနေနနဲ့တောင် စစ်ဘေးနဲ့ နိုင်ငံရေးကြောင့် ဒုက္ခရောက်နေရတဲ့ ကလေးငယ်တွေကို ထပ်မံကူညီဖို့တောင် ခက်ခဲနေတာကိုတွေ့ရှိရပါတယ်။ 

The Visual Rebellion

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013