DVB Logo
Home
မြန်မာသတင်း
နယ်စပ်ကုန်သွယ်ရေးတွင် မြန်မာ့ပဲမျိုးစုံ ပြည်ပတင်ပို့မှု လျော့ကျလာ
DVB
·
April 5, 2023
နယ်စပ်ကုန်သွယ်ရေးတွင် မြန်မာ့ပဲမျိုးစုံ ပြည်ပတင်ပို့မှု လျော့ကျလာ
Donate to DVB

၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်မှာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကနေ ပြည်ပနိုင်ငံတွေကို မြန်မာနိုင်ငံမှ ပဲမျိုးစုံတင်ပို့မှုက ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ကထက် တန်ချိန် ၅ သိန်းကျော် လျော့ကျသွားပါတယ်။

စစ်ကောင်စီ စီးပွား‌‌ရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ကုန်သွယ်မှုစာရင်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ နယ်စပ်ကနေ ပဲမျိုးစုံတန်ချိန် ၇၈၀,၀၀၀ ကျော်ထိ တင်ပို့မှုရှိခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်ထိ ရရှိခဲ့ပါတယ်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာတော့ မတ်လ ၂၄ ရက်နေ့အထိ စာရင်းအရ ပဲမျိုးစုံတင်ပို့မှု တန်ချိန် ၂၇၀,၀၀၀ ကျော်သာရှိခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်သာ ရရှိထားတာ ဖြစ်ပါတယ်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ကထက် ပဲမျိုးစုံ တန်ချိန် ၅ သိန်းကျော်၊ တန်ဖိုးအနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် လျော့ကျခဲ့တာပါ။

နိုင်ငံရေးမတည်ငြိမ်မှုနဲ့ စိုက်စရိတ်ကြီးမြင့်နေတာတွေကြောင့် ပဲစိုက်တောင်သူတွေဟာ စိုက်ဧကတွေ လျှော့ချစိုက်ပျိုးခဲ့ကြရတာဖြစ်လို့ ပဲအထွက်နှုန်း လျော့ကျစေပြီး ပြည်ပပဲမျိုးစုံ တင်ပို့မှုအပေါ် သက်ရောက်မှုရှိလာတာဖြစ်တယ်လို့ စိုက်ပျိုးတောင်သူတွေနဲ့ ကုန်သည်တွေက မှတ်ချက်ပြုပါတယ်။

ပဲကုန်သည်တဦးက “ဒီနှစ်က တင်ပို့မှုလျော့မှာပေါ့။ အထွက်နည်းပြီး ပစ္စည်းရှားသွားလို့လေ။ စိုက်စရိတ်ကတက်၊ နိုင်ငံရေးမတည်ငြိမ်တော့ တချို့နေရာတွေမှာ အရင်လို အပြည့်အဝ မစိုက်နိုင်ဘူးလေ။ ပြီးတော့ သယ်ယူပို့ဆောင်ရေးအခက်အခဲနဲ့ သယ်ယူစရိတ် တက်နေတာတွေကလည်း အခက်အခဲရှိနေတာပေါ့” လို့ ပြောပါတယ်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ နယ်စပ်ကနေ ပြည်ပကို ပဲမျိုးစုံတင်ပို့မှု လျော့ကျနေပေမဲ့ ပင်လယ်ရေကြောင်းကနေ တင်ပို့မှုကတော့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ကထက် တန်ချိန် ၃ သိန်းကျော် ပိုတိုးတက်လာပါတယ်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ တန်ချိန် ၁ ဒသမ ၂၄၃ သန်း၊ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၉၆၆ သန်းကျော်သာ ရရှိခဲ့ပေမဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာတော့ တန်ချိန် ၁ ဒသမ ၅၉၄ သန်း၊ ပို့ကုန်ဝင်ငွေ‌ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၂၇ ဘီလီယံအထိ ရရှိထားတာ ဖြစ်ပါတယ်။

ပို့ကုန်လုပ်ငန်းရှင်တဦးက “နယ်စပ်ကုန်သွယ်ရေးက အခက်အခဲလေးတွေရှိတော့ ပင်လယ်ရေကြောင်းဘက်ကို ဦးစားပေးပြီး ပိုတင်ပို့လာကြတယ်။ အဲဒါကြောင့် အခုနောက်ပိုင်း ပင်လယ်ရေကြောင်းက တင်ပို့တာတွေ ပိုများလာပြီး နယ်စပ်ကလျော့လာတာ” လို့ ပြောပါတယ်။

အခုနှစ်မှာ ဒေါ်လာငွေလဲနှုန်းမြင့်ပြီး စိုက်ပျိုးရေးသွင်းအားစုတွေ မြင့်တက်လာတာနဲ့အတူ မြန်မာပြည်တွင်း ပြည်ပပို့ကုန်ပဲတွေကလည်း ပြီးခဲ့တဲ့နှစ်တွေထက် စံချိန်တင် စျေးကောင်းနေတာဖြစ်ပေမဲ့ ပြည်တွင်းအထွက်နှုန်း လျော့ကျခဲ့တာကြောင့် ပြည်ပတင်ပို့မှုကိုပါ လျော့ကျလာစေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတို့ကနေ ပဲမျိုးစုံ ပြည်ပတင်ပို့မှုက စုစုပေါင်း တန်ချိန် ၂ သန်းကျော်ထိ စံချိန်တင် ရောက်ရှိခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၇၀ ဘီလီယံကျော် ရရှိခဲ့ပါတယ်။

အခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှာတော့ ဧပြီ ၁ ရက်ကနေ မတ်လ ၂၄ ရက်နေ့အထိ စာရင်းအရ တန်ချိန် ၁ ဒသမ ၈ သန်းကျော်သာ တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၂၈ ဘီလီယံကျော်သာ ရရှိထားပါတယ်။

အဲဒီကိန်းဂဏန်းတွေအရ ဘဏ္ဍာနှစ်ကုန်ဖို့ သီတင်းတပတ်အလိုမှာ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ရငွေကို မီဖို့ အမေရိကန်ဒေါ်လာ သန်း ၁၄၀ ကျော်၊ တန်ချိန်အနေနဲ့ ၁၆၀,၀၀၀ ကျော် လိုအပ်နေပါသေးတယ်။

မြန်မာနိုင်ငံမှာ ပဲမျိုးစုံကို ဒုတိယအများဆုံး စိုက်ပျိုးပြီး မတ်ပဲ၊ ပဲတီစိမ်းနဲ့ ပဲစင်းငုံတို့ကို အဓိက အများဆုံးတင်ပို့နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013