DVB Logo
Home
မြန်မာသတင်း
စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်၌ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၃၀ ကျော်ပြုလုပ်
DVB
·
March 28, 2023
စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်၌ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၃၀  ကျော်ပြုလုပ်
Donate to DVB

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခု ဖေဖော်ဝါရီလကစပြီး ၂၀၂၂ ခု ဒီဇင်ဘာလအထိ ကေအန်ယူ ထိန်းချုပ်နယ်မြေတွေမှာ လေကြောင်းတိုက်ခိုက်မှု ၂၃၀ ရှိခဲ့ပြီး ပြည်သူတွေရဲ့ အိုးအိမ် အသက် ဆုံးရှုံးမှုများစွာ ရှိခဲ့တယ်လို့ ကေအန်ယူက အစီရင်ခံစာ ထုတ်ပြန်ပြောပါတယ်။

မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေကြောင့် ရှင်သန်မှု ပျောက်ဆုံးနေရသော လူသားများ ဆိုတဲ့ အစီရင်ခံစာကို မတ်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်လိုက်တာဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းယူခဲ့တဲ့ စစ်ကောင်စီရဲ့ ၂ နှစ်တာကာလအတွင်း ကျူးလွန်ခဲ့​တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကေအန်ယူ - လူ့အခွင့်အရေး ကော်မတီ သုတေသနနဲ့ မှတ်တမ်းဌာနခွဲက ပြုစုထုတ်ပြန်ခဲ့တာပါ။

၂ နှစ်အတွင်း စစ်ကောင်စီက ပြည်သူလူထုကို ရန်သူသဖွယ် ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၂၃၀ တိတိ ကျူးလွန်ခဲ့ပြီး ပြည်သူ့နေအိမ် ၁၈၄ လုံး၊ ပြည်သူသေဆုံးမှု ၂၂ ဦး၊ ပြည်သူထိခိုက်မှု ၄၄ ဦးထိ ရှိခဲ့ကြောင်း အဆိုပါအစီရင်ခံစာမှာ ဖော်ပြပါတယ်။

အလားတူ စစ်ရဟတ်ယာဉ် အသုံးပြုတိုက်ခိုက်မှုကြောင့် ပြည်သူလူထုပိုင် အဆောက်အအုံ ၁၄ လုံး (စပါးကျီ၊ စပါးကြိတ်စက်၊ ဈေးဆိုင်)၊ ဆေးရုံ ၄ ခု၊ စာသင်ကျောင် ၃ ကျောင်း၊ ဘုန်းကြီး/သီလရှင်ကျောင်း ၃ ကျောင်းနဲ့ ဘုရားကျောင်း ၃ ကျောင်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းကာလ စစ်တပ်ရဲ့ ပြည်သူတွေအပေါ် ကျူးလွန်တဲ့ ဖြစ်စဉ် ၁၉ မျိုး အကြိမ်ရေ ၁,၅၀၀ နီးပါးထဲမှာ ပြည်သူလူထုကို ခြမ်းခြောက်တာ၊ ဂိတ်စခန်းတွေကို တိုးချဲ့တာ၊ လူထုကို စစ်ဆေးပစ်ခတ်ဖြိုခွင်းတာ၊ အတင်းအဓမ္မ ပြောင်းခိုင်းတာအပြင် စစ်သား အတင်းလုပ်ခိုင်းတာတွေ ပါသလို ညှဉ်းပန်းနှိပ်စက်တာ၊ နေအိမ်တွေကို ဖျက်ဆီးတာနဲ့ နေအိမ်ကို မွှေနှောက်ကာ လိုချင်တဲ့အရာတွေ ယူသွားတာ၊ ပြည်သူ့နေအိမ်တွေကို မီးရှို့တာ၊ ပေါ်တာဆွဲတာနဲ့ ဖမ်းဆီးသတ်ဖြတ်တာတွေ ပါဝင်ပါတယ်။

မြန်မာစစ်တပ်ရဲ့ နည်းမျိုးစုံနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကြောင့် ကျေးရွာနေ ပြည်သူ ၁၉၂ ဦး သေဆုံးခဲ့ရပြီး ၄၈၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပေါ်တာဆွဲ၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးတာနဲ့ အကြောင်းမဲ့ဖမ်းဆီးခံရသူပေါင်း ၁,၃၀၁ ဦးရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အဦ အလုံး ၂၀၊ ဆေးရုံ ၆ လုံး၊ စာသင်ကျောင်း ၁၃ ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်း ၈ ကျောင်း၊ ဘုရားကျောင်း ၆ ကျောင်း ပျက်စီးသွားတယ်လို့ အစီရင်ခံထားပါတယ်။

ဒါ့အပြင် ကေအန်ယူအုပ်ချုပ်တဲ့ဒေသတွေမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ ကိစ္စရပ်တွေကို အဓိက မှတ်တမ်းပြုစုတဲ့ ကရင်အမျိုးသမီးအစည်းအရုံး (KWO) ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီးတော့လည်း ၁ ရက်နေ့မှစတင်ကာ ကော်သူးလေဒေသအတွင်းရှိ အသတ်ခံရတဲ့ အမျိုးသမီး ၃၀ ရှိပြီး ဒဏ်ရာရတဲ့ အမျိုးသမီး ၁၁၇ ဦးရှိခဲ့ကြောင်းလည်း ဖော်ပြပါတယ်။

ကော်သူးလေ အုပ်ချုပ်ရေးနယ်မြေအတွင်း တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေတဲ့အတွက် ပြည်သူလုထု ၃၆၅,၁၈၇ ဦးမှာ စစ်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး အရေးပေါ် လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေကြောင်းလည်း ထောက်ပြထားပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂအနေနဲ့ အရပ်သားပြည်သူတွေ တိုက်ခိုက်ခံရခြင်းမှ ကာကွယ်နိုင်ရေးနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပံ့ပိုးနိုင်ဖို့အတွက် မြန်မာနိုင်ငံမှာ  စစ်ရေးအရ လေယာဉ်မပျံသန်းရဇုန်ကို ကြေညာပြီး လိုက်နာမှုရှိစေဖို့နဲ့ နိုင်ငံတကာမှ တာဝန်ယူ စောင့်ကြပ်ပေးဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် အရပ်သားပြည်သူတွေကို အကာအကွယ်ပေးနိုင်တဲ့ လုံခြုံတဲ့နေရာတွေ (safe zones) ထောက်ပံ့ပေးဖို့၊ ပြည်တွင်းနေရပ်စွန့်ခွာသူ စစ်ဘေးရှောင် (IDPs) စခန်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ စာသင်ကျောင်းတွေလို နေရာတွေ တိတိကျကျ သတ်မှတ်ကြေညာဖို့ ကေအန်ယူက တောင်းဆိုထားပါတယ်။

နိုင်ငံတကာအစိုးရတွေအနေနဲ့ နိုင်ငံတကာတရားစီရင်ရေး ယန္တရားအနေနဲ့ကလည်း ဒီလို နိုင်ငံတကာ လူသားချင်းစာနာထောက်ထားတဲ့ ဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်သူ၊ အမိန့်ပေးစေခိုင်းတဲ့ အာဏာသိမ်းစစ်ကောင်စီကို တာဝန်သိစွာ ပြစ်ဒဏ်ပေး အရေးယူပေးဖို့လည်း တောင်းဆိုထားပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံအစိုးရအနေနဲ့လည်း တိုက်ပွဲကနေ ထွက်ပြေးတိမ်းရှောင်နေသူတွေကို  နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဝင်ရောက်တွေ့ဆုံခွင့်နဲ့ လိုအပ်တဲ့ အကူအညီတွေ ပေးအပ်နိုင်ရေး ကူညီပံ့ပိုးမှုတွေ ဆောင်ရွက်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013