DVB Logo
Home
မြန်မာသတင်း
မြန်မာ့အရေးဖြေရှင်းရန် အချိန်ယူရဦးမည်ဟု အင်ဒိုနီးရှားသမ္မတပြော
DVB
·
March 16, 2023
မြန်မာ့အရေးဖြေရှင်းရန် အချိန်ယူရဦးမည်ဟု အင်ဒိုနီးရှားသမ္မတပြော
Donate to DVB

အင်ဒိုနီးရှားဟာ မြန်မာနိုင်ငံကပဋိပက္ခတွေဖြေရှင်းပေးနိုင်ရေးအတွက် သက်ဆိုင်တဲ့ အဖွဲ့အစည်းပေါင်းစုံနဲ့ ဆွေးနွေးနေပြီး  မြန်မာ့အရေးဖြေရှင်းဖို့‌တော့ အချိန်အတော်ကြာ ဆောင်ရွက်ရမှာဖြစ်တယ်လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောပါတယ်။

စင်ကာပူသတင်းစာ The Straits Times နဲ့ အင်တာဗျူးမှာ အင်ဒိုနီးရှားသမ္မတက ပြောကြားလို်ကတာဖြစ်ပြီး အာဆီယံဟာ ငြိမ်းချမ်းတဲ့ဒေသဖြစ်ရေးအတွက် ဆက်လက် ကြိုးပမ်းနေမှာဖြစ်သလို ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ကြားမှာ ပထဝီဝင်နိုင်ငံရေးတင်းမာမှုတွေ မြင့်တက်နေတဲ့ ဒီလိုအချိန်မျိုးမှာ အင်အားကြီးနိုင်ငံတွေရဲ့ ဩဇာခံဖြစ်မယ့် အရေးကနေလည်း ရှောင်ကျဉ်သွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

အင်ဒိုနီးရှားဟာ အခုနှစ်မှာ အာဆီယံ ဥက္ကဋ္ဌဖြစ်တာနဲ့အညီ မြန်မာနိုင်ငံက အခြေအနေတွေတိုးတက်ကောင်းမွန်လာရေးကို အကောင်းဆုံးလုပ်ဆောင်သွားမှာဖြစ်ပေမဲ့ အချိန်တော့ ယူဖို့လိုလိမ့်မယ်လို့ မစ္စတာ ဝီဒိုဒိုက ပြောပါတယ်။ 

အာဏာသိမ်းပြီး နှစ်လအကြာ ၂၀၂၁ ခုနှစ် ဧပြီလက  မြန်မာစစ်ခေါင်းဆောင် ပါဝင်ဆွေးနွေးပြီး သဘောတူလက်ခံထားတဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ပါ မြန်မာပြည်ငြိမ်းချမ်းရေး စီမံကိန်းကိုပဲ အင်ဒိုနီးရှားနဲ့ အာဆီယံတို့က ဦးစားပေးအကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအစီအစဉ်ကို သဘောတူခဲ့တဲ့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ဟာ အခုချိန်ထိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို လိုက်နာခြင်းမရှိသေးဘဲ နိုင်ငံတွင်းမှာ အကြမ်းဖက်မှုတွေကိုပဲ ဆက်ကာဆက်ကာ ကျူးလွန်နေတာဖြစ်ပါတယ်။ 

အခုချိန်မှာ မြန်မာ့အရေးအတွက် ဆွေးနွေးမှုတွေကို လူသိထင်ရှားမဟုတ်တဲ့ နည်းလမ်းတွေနဲ့ ဆောင်ရွက်နေပြီး လူထုကြားရင်ကြားစေ့ရေးကို အခုလိုတိတ်တဆိတ်လုပ်ဆောင်မှုတွေဟာ ရှုပ်ထွေးတဲ့ ပြဿနာတွေဖြေရှင်းရေးအတွက် အရေးပါတဲ့လုပ်ငန်းစဉ်ဖြစ်တယ်လို့  သမ္မတက ပြောပါတယ်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်ကနေ စတင်ကာ တစ်နှစ်ကြာအောင် G20 ဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှားက တာဝန်ယူခဲ့ရတဲ့ ကာလအတွင်းမှာ ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ပြုတာအပြင် အမေရိကန်နဲ့ တရုတ်ကြားက ပြိုင်ဆိုင်မှုတွေဟာလည်း အရှိန်မြင့်လာခဲ့ပါတယ်။ 

အဲဒီလိုအခြေအနေမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတ ရှီကျင်းဖျင့်တို့ရဲ့ သမိုင်းဝင်တွေ့ဆုံမှုနဲ့ အဖွဲ့ဝင်နိုင်ငံတွေ သဘောတူပူးတွဲ ကြေညာချက် ထုတ်ပြန်နိုင်ခဲ့တာတွေကြောင့် ၂၀၂၂ ခုနှစ် နိုင်ဝင်ဘာလအတွင်းက အင်ဒိုနီးရှားမှာကျင်းပခဲ့တဲ့ G20 အစည်းအဝေးဟာ အင်ဒိုနီးရှားအတွက် အောင်မြင်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ 

အဲဒီလိုဆောင်ရွက်နိုင်တာဟာ နောက်ကွယ်ကနေ ဆောင်ရွက်ခဲ့တာတွေကြောင့်ဖြစ်ပြီး အစည်းအဝေးမတိုင်မီမှာ ရုရှားသမ္မတ ပူတင်၊ ယူကရိန်းသမ္မတ ဇလန်းစကီး၊ တရုတ်သမ္မတရှီကျင့် ဖျင်တို့နဲ့ အကြိမ်ပေါင်းဘယ်လောက်မှန်းမမှတ်မိအောင်ကို ဖုန်းနဲ့ ဆက်သွယ်ညှိနှိုင်းခဲ့ရတယ်လို့ မစ္စတာ ဝီဒိုဒိုက ပြောပါတယ်။ 

အင်ဒိုနီးရှားက အာဆီယံဥက္ကဋ္ဌ အဖြစ်တာဝန်ယူထားရတဲ့ကာလ အတွင်းမှာလည်း အာဆီယံဒေသအတွက် အဲဒီလိုအကျိုးများမယ့် ဆွေးနွေးညှိနှိုင်းမှုတွေ ဖြစ်ထွန်းလာနိုင်ဖို့ မျှော်လင့်တယ်လို့ သမ္မတ ဝီဒိုဒိုကပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် အခု ၂၀၂၃ ခုနှစ်စကစတင် တာဝန်ယူနေတာ အချိန် ၃ လနီးပါးရှိလာပြီဖြစ်ပေမဲ့ မြန်မာ့အရေးနဲ့ ပတ်သက်လို့ တော့ သိသာထင်ရှားတဲ့ ဆောင်ရွက်ချက် တခုမှ လုပ်ဆောင်တာ မတွေ့ရသေးပါဘူး။ 

၂၀၀၂ ခုနှစ်မှာ တရုတ်နဲ့ အာဆီယံကြား လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းတွေ ချမှတ်ဖို့ သဘောတူညီခဲ့ကြပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ပြီးဆုံးအောင် မဆွေးနွေးနိုင်ခဲ့ဘဲ ရပ်တန့်နေခဲ့တာကို ၂၀၂၃ ခုနှစ်မှာ ပြန်လည်ဆွေးနွေးနိုင်ရေးအတွက် ဆောင်ရွက်လိုကြောင်းသူ့ရဲ့သဘောထားကို အင်ဒိုနီးရှားက ဖော်ပြထားပါတယ်။ 

အာဆီယံဟာ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးမယ့် အင်ဂျင်အဖြစ် ဆက်လက်ရပ်တည်သွားရမှာဖြစ်တယ်လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောခဲ့ကြောင်း The Strait Times သတင်းမှာ  ဖော်ပြပါတယ်။ 

Ref: The Strait Times

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013