Home
ဆောင်းပါး
NUG အစိုးရ၏ခေါင်းဆောင်မှု အရှိန်မြှင့်တင်ချိန်ရောက်ပြီ (သူ့အတွေး သူ့အမြင် – Op-Ed)
DVB
·
February 28, 2023

အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုလည်း ကြိုဆိုရမှာဖြစ်သလို မြန်မာ့ အတိုက်အခံ အဖွဲ့အစည်းကလည်း ပိုမိုဆောင်ရွက်ဖို့ လိုပါတယ်။

အနောက်နိုင်ငံတွေက စစ်ခရာသံပေးပြီး ရုရှားရဲ့ ကျူးကျော်စစ်ကို တန်ပြန်ခုခံနိုင်စေမယ့် လက်နက်တွေယူကရိန်းကို ဝိုင်းဝန်းထောက်ပံ့ခဲ့ကြပြီးနောက်ပိုင်း မြန်မာနိုင်ငံက ဖယ်ရှားခံအစိုးရကို ထောက်ပံ့အားပေးသူတွေကလည်း “ငါတို့ကိုရော မကူညီကြဘူးလား” လို့ မေးလာကြပါတယ်။ ဒါဟာ နားလည်လက်ခံနိုင်စရာ မေးခွန်းလည်း ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ သူ့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ဟာ သူတို့ကို ရုရှားထုတ်စစ်လက်နက်တွေ၊ ဖိုက်တာဂျက်တွေနဲ့ ပြန်လည်တိုက်ခိုက်နေတဲ့ မြန်မာစစ်အာဏာရှင်တွေကို တောထဲကနေ စစ်တပ်စိုးမိုးထားတဲ့ နယ်မြေတွေကို သိမ်းနိုင်တဲ့အထိ တိုက်ခိုက်နေကြတာဖြစ်တာကြောင့် လက်နက်အထောက်အပံ့ လိုအပ်မှု မြင့်မားလျက်ရှိနေပါတယ်။

ဒါပေမဲ့လည်း အနောက်နိုင်ငံတွေရဲ့ ထောက်ပံ့ကူညီမှုဟာ ဒဏ်ခတ်ပိတ်ဆို့မှုတွေထက် ပိုမလာခဲ့သေးပါဘူး။

ဥရောပသမဂ္ဂက နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေမှာ မြန်မာစစ်အာဏာရှင်တွေရဲ့ အဆင်မြင့်အရာရှိတွေ၊ စွမ်းအင်ဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ စစ်တပ်ကို လောင်စာဆီနဲ့ လက်နက်တင်ပို့၊ ရန်ပုံငွေရှာဖွေပေးနေတယ်လို့ ယူဆရတဲ့ ကုမ္ပဏီတွေ အပါအဝင် ဝန်ကြီးတွေနဲ့ လုပ်ငန်းအဖွဲ့အစည်း ၁၆ ခုကို ခရီးသွားလာခွင့် ပိတ်ပင်မှုလည်း ပါဝင်ခဲ့ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို နည်းဗျူဟာပိုင်းတွေ အကြံပေးကူညီနေကြတဲ့ အဖွဲ့အစည်းတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို မူဝါဒရေးရာမှာ အကြံပေးကူညီနေတဲ့ အဖွဲ့အစည်းတွေက အမျိုးသားညီညွတ်ရေးအစိုးရအတွက် အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေရဲ့ စစ်ဘက်ရေးရာ အကူအညီ ရယူနိုင်ရေးမှာ ကာလရှည်ကြာ မဖြေရှင်းနိုင်သေးတဲ့ ပြဿနာတွေ ရှိနေတယ်လို့ ပြောပါတယ်။

“စစ်ဘက်ရေးရာ အကူအညီ ပေးချင်နေတဲ့ လွှတ်တော်အမတ်တွေနဲ့ ကျနော် စကားပြောခဲ့ရတယ်။ NUG နဲ့ PDF ကို ထောက်ပံ့ရေးမှာ ဘယ်သူနဲ့ ညှိနှိုင်းဆောင်ရွက်ရမလဲ ဆိုတာ သူတို့မသိကြဘူး။ ထောက်ပံ့ကူညီရေးအတွက် ခေါင်းဆောင်မယ့်သူ၊ ဗဟိုပင်မဌာန မရှိဘူးဖြစ်နေတယ်”လို့ အမေရိကန်ကနေ ပြန်ရောက်လာတာ မကြာသေးတဲ့ အာဆီယံ နိုင်ငံရေးသမားတဦးက ပြောပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးနဲ့ မတူတဲ့အချက်က ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အစိုးရကို ဖမ်းဆီးပြီး စစ်တပ်က အာဏာသိမ်းခဲ့တာ ၂ နှစ်ကျော်လာတဲ့ အချိန်ထိ အမျိုးသားညီညွတ်ရေးအစိုးရကို ဦးဆောင်နေတဲ့ ယာယီသမ္မတ ဒူဝါလရှီးလကို သိရှိရင်းနှီး လက်ခံတဲ့သူ အနည်းငယ်သာ ရှိနေတာပါပဲ။

ယာယီသမ္မတ ဒူဝါလရှီးလကို အနီးကပ်စောင့်ကြည့်သူတွေက သူဟာ ဆွဲဆောင်စည်းရုံးနိုင်မှု မရှိသလို သူ့ရဲ့ သစ္စာစောင့်သိတဲ့စိတ်နဲ့ အထက်အောက်ရာထူးကို အလေးထားတဲ့စိတ်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေရာကို ဝင်ယူဖို့လည်း စိတ်ကူးမရှိသူ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာစစ်တပ်က ၂၀၁၇ ခုနှစ်မှာ ရိုဟင်ဂျာတွေအပေါ် စစ်ဆင်ရေးဆောင်ရွက်ခဲ့တာကို ကာကွယ်ပြောဆိုခဲ့တာကြောင့် လူကြိုက်နည်းသွားခဲ့ရပေမဲ့ သူဟာ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်အဖြစ် ကုလသမဂ္ဂရဲ့ အသိအမှတ်ပြုမှုကို ထိုက်ထိုက်တန်တန် ရရှိထားသူ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူတွေအပေါ် ဆွဲဆောင်နိုင်မှုနဲ့ ခေါင်းဆောင်တယောက်ရဲ့ ပုံရိပ်ဟာ လွှမ်းမိုးမှုဩဇာအလွန်ကြီးပေမဲ့ မြန်မာ့ကယ်တင်ရှင်အဖြစ် ဆက်လက်တည်ရှိနေဖို့ကတော့ မလွယ်တော့ပါဘူး။ မြန်မာ့နိုင်ငံရေးမှာ သူလုပ်နိုင်တာ သိပ်မရှိတော့ဘူးလို့ ယူဆနေကြပါတယ်။

တချိန်တည်းမှာ ယာယီသမ္မတ ဒူဝါလရှီးလနဲ့ အဖွဲ့ဟာလည်း သူတို့နဲ့ ရင်းနှီးပြီးသားမဟုတ်တဲ့ သတင်းထောက်တွေနဲ့ တွေ့ဆုံဆက်ဆံရေးမှာ အရည်အသွေးကောင်းကောင်း မပြနိုင်ခဲ့သေးပါဘူး။ မြန်မာ့အတိုက်အခံအင်အားစုကို အားဖြည့်ကူညီနေတဲ့ တိုင်းရင်သား ပြည်နယ်တွေနဲ့ လူမျိုးစု ၁၃၅ စု ကြားမှာလည်း စည်းလုံးညီညွတ်ရေးဟာ ပြဿနာတခုအဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါတယ်။

နောက်ဆုံးခန့်မှန်းတွက်ချက်မှုတွေအရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပေါင်း ၂၅၀ ကျော်နဲ့ အင်အား ၆ သောင်းခွဲကျော် ရှိနေပေမဲ့ အဲဒီအဖွဲ့တွေအားလုံးပါဝင်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံစနစ် မရှိသေးသလို ဘယ်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကမှလည်း အမေရိကန်လိုနိုင်ငံတွေကနေ စစ်ဘက်ဆိုင်ရာ အကူအညီရရှိရေးအတွက် သူတို့ဘာသာ ညှိနှိုင်းဆောင်ရွက်ဖို့ မဖြစ်နိုင်သေးပါဘူး။

ဒေသခံလူ့အခွင့်အရေးအဖွဲ့အစည်းတခုဖြစ်တဲ့ မွန်လူ့အခွင့်အရေးဖောင်ဒေးရှင်းရဲ့ အဆိုအရ နောက်ပိုင်းတိုက်ပွဲတွေ အတော်များများဟာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်း ဒေသတွေထဲမှာ ဖြစ်ပွားနေတာဖြစ်ပြီး အဲဒီဒေသတွေဟာ စစ်တပ်ရဲ့ ဖြူဖြူမဲမဲ ရမ်းသန်း ပစ်ခတ်တိုက်ခိုက်မှုတွေကို ခံစားနေရတယ်လို့ သိရပါတယ်။ အများပြည်သူတွေရဲ့ အိုးအိမ်ဥစ္စာတွေ ဖျက်ဆီးခံနေရဆဲဖြစ်သလို ရွာတွေလည်း မီးရှို့ခံနေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်ပြစ်မှုတွေအပေါ် နိုင်ငံတကာက အရေးယူမှု မရှိသေးတာကြောင့် မြန်မာစစ်တပ်ဟာ ပိုပိုပြီး ရက်စက်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်လာပါတယ်။ အဲဒါကြောင့် ထောင်ပေါင်းများစွာသော ပြည်သူတွေဟာ နေ့စဉ်နဲ့အမျှ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရဆဲ ဖြစ်တယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။

အဲဒါတွေကြောင့် အင်ဒိုနီးရှားက အာဆီယံရဲ့ဥက္ကဋ္ဌ ဖြစ်နေတဲ့ ၂၀၂၃ ခုနှစ်ထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ သူတို့ရဲ့ဦးဆောင်မှုကို ပိုမိုအရှိန်တိုးမြှင့် ဆောင်ရွက်နိုင်ဖို့ အရေးကြီးပါတယ်။ အင်ဒိုနီးရှားဟာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုက်ရိုက် ထိတွေ့ညှိနှိုင်း ဆောင်ရွက်နိုင်ရေးကို လမ်းဖွင့်ထားသလို ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ နိုင်ငံရေး မရေရာမှုတွေနဲ့ မတည်မငြိမ် ပြဿနာတွေကို  အဆုံးသတ်ပေးနိုင်ဖို့ကိုလည်း မျှော်လင့်ထားတာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဦးတည်ချက် ပြောင်းလဲနိုင်ရေးဟာ မြန်မာစစ်တပ်က သူတို့ရဲ့ တရားဝင်မှု ရရှိရေးအတွက် လိမ်လည်ပြင်ဆင်ကာ စိတ်ကြိုက်ထိန်းချုပ်ဖန်တီးပြီး လုပ်ကြံပြုလုပ်သွားမယ့် ရွေးကောက်ပွဲအပေါ် သက်ရောက်မှုရှိစေမှာ ဖြစ်ပါတယ်။ ဖြစ်ပျက်နေတဲ့ အခြေအနေတွေအရ အဲဒီရွေးကောက်ပွဲဟာ ဘယ်လိုနည်းနဲ့မှ လွတ်လပ်ပြီး တရားမျှတမှု မရှိနိုင်ဘူး ဆိုတာကိုလည်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး တွမ်အန်ဒရူးစ်က ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

“မြန်မာနိုင်ငံသားတွေအပေါ်မှာ ညှဉ်းပန်းနှိပ်စက်၊ အနိုင်ကျင့်မှုတွေ ကျူးလွန်ဖို့အတွက် ဒီအခြေအနေတွေကို လုပ်ကြံဖန်တီးထားတာ ဖြစ်ပါတယ်” လို့ တွမ်အန်ဒရူးစ်က မှန်မှန်ကန်ကန် ထောက်ပြခဲ့ပါတယ်။ အဲဒါကြောင့် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အခါအခွင့်သင့်ချိန်မှာ နိုင်ငံရေးစွမ်းဆောင်ချက်တွေကို အရှိန်တိုးမြှင့်သွားနိုင်ဖို့ လိုပါတယ်။

(ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး ဒီဗွီဘီ၏ အာဘော်မဟုတ်ပါ။)

(The Diplomat  မဂ္ဂဇင်းမှာရေးသားဖော်ပြထားတဲ့ သတင်းထောက် Luke Hunt ရဲ့ It’s Time for the Leadership of Myanmar’s NUG to Step Up ဆောင်းပါးအား ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။)

ဘာသာပြန်သူ- ဥဿာဆန်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024