DVB Logo
Home
Lead Story
တရုတ် အခက်၊ ဗီယက်နမ် အချက် (အခွင့်ရေးကို အသုံးချနိုင်သူများ)
DVB
·
January 4, 2023
တရုတ် အခက်၊ ဗီယက်နမ် အချက် (အခွင့်ရေးကို အသုံးချနိုင်သူများ)
Donate to DVB

( ၁ )

၂၀၂၃ နှစ်မကုန်ခင် ရက်ပိုင်းလေးအလိုမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပထမဦးဆုံး မြေအောက်ရထားလမ်းကို စတင်ဖွင့်လှစ်လိုက်ပါတယ်။ ဒါဟာ လူဦးရေထူထပ်ပြီး ဆင်းရဲတဲ့ တောင်အာရှနိုင်ငံတနိုင်ငံအတွက် ဂုဏ်ယူရမယ့် တိုးတက်မှုတခုလို့ ဆိုရမယ်။ မြေအောက်ရထားလမ်းသစ်ကို ဝန်ကြီးချုပ် ဟာဆီနာ ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အကူအညီပေးတဲ့ ဂျပန်နိုင်ငံ သံအမတ်သစ်နဲ့ JICA က ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့တယ်။

ဝန်ကြီးချုပ် ဟာဆီနာဟာ ပြီးခဲ့တဲ့ ဇွန်လကလည်း ၄ မိုင်ကျော်ရှည်တဲ့ ပါဒမာ မြစ်ကူးတံတားသစ်ကြီးကို ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်တယ်။ အဲဒီတံတားသစ်ကြီးကိုတော့ တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ တည်ဆောက်ခဲ့တာဖြစ်တယ်။

ဟာဆီနာလက်ထက်မှာ ဘင်္ဂလားဒေ့ရှ်မှာ တံတားသစ် ၁၀၀ ကျော် ဖွင့်လှစ်ပြီးဖြစ်ပေမဲ့ အတိုက်အခံပါတီတွေကတော့ ဟာဆီနာအစိုးရဟာ အကျင့်ပျက်ခြစားမှု၊ လာဘ်ပေးလာဘ်ယူမှု အများကြီး ကျူးလွန်ထားတယ်လို့ စွပ်စွဲနေကြတယ်။ ဒီမိုကရေစီနိုင်ငံတနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်မှာ နိုင်ငံရေးပြဿနာတွေ ပါတီအချင်းချင်းကြား ပွတ်တိုက်မှုတွေ ရှိနေပေမဲ့ ဒါဟာ နိုင်ငံရေးသမားတွေရဲ့ကိစ္စဖြစ်ပြီး နိုင်ငံရဲ့ အုပ်ချုပ်ရေးယန္တရားဟာ ပုံမှန်လည်ပတ်နေခဲ့တယ်။

( ၂ )

ဗီယက်နမ်နိုင်ငံဟာ ၂၀၂၂ ခုနှစ်၊ အာရှရဲ့ စီးပွားရေးစွမ်းဆောင်ရည် အကောင်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံရပါတယ်။ ကိုဗစ်ကပ်ဘေးလွန်ကာလမှာ ဗီယက်နမ်နိုင်ငံရဲ့ စီးပွားရေးမူဝါဒနဲ့ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ အကျပ်အတည်းက ဗီယက်နမ်နိုင်ငံကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တဟုန်ထိုး စီးဝင်လာစေတဲ့ အကြောင်းတွေဖြစ်တယ်။

အထူးသဖြင့် တရုတ်ပါ။ တရုတ်နိုင်ငံရဲ့ ဇီရိုးကိုဗစ်မူဝါဒ (Zero COVID policy) နဲ့ အမေရိကန်ရဲ့ သွင်းကုန်အခွန်တိုးမြှင့်လိုက်မှုဟာ တရုတ်နိုင်ငံထဲက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ နေရာသစ်တွေဆီ ရွှေ့သွားကြတဲ့ အဓိကအကြောင်းတွေပဲ ဖြစ်တယ်။ ဗီယက်နမ်ဟာ ပြည်ပရင်းနှီးမြှုပ်နှံသူတွေ လိုအပ်တဲ့ ရေခံမြေခံကောင်းတွေနဲ့ ပြည့်စုံတဲ့အတွက် ပြီးခဲ့တဲ့နှစ်တွေအတွင်း ပြည်ပရင်းနှီးမြှုပ်နှံသူတွေဟာ ဗီယက်နမ်ကို အလုံးအရင်း ဝင်ရောက်လာကြပါတော့တယ်။

၂၀၂၂ ခုနှစ်အတွင်းမှာ ထိုင်ဝမ်မှာရှိတဲ့ Apple ရဲ့ supply chain ကုမ္ပဏီ ၁၁ ခု ဗီယက်နမ်ကို ပြောင်းရွှေ့လာကြပြီး tablets နဲ့ smartphones တွေ ထုတ်လုပ်မှုတိုးမြှင့်ဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ သိရတယ်။ Lego က Binh Duong ပြည်နယ်မှာ အမေရိကန်ဒေါ်လာ ၁ ဘီလျံတန်ဖိုးရှိ စက်ရုံတခု တည်ဆောက်ခဲ့တယ်။

လက်ရှိလည်ပတ်နေတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဖြစ်တဲ့ Samsung နဲ့ Intel တို့ကလည်း လုပ်ငန်းတွေချဲ့ထွင်ဖို့ လုပ်ဆောင်နေကြတယ်။ ဗီယက်နမ်ရဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ဟာ နှစ်စဉ် ၁၅ ရာခိုင်နှုန်း တိုးတက်နေပြီး စီမံကိန်းပေါင်း ၁,၅၇၀ အတွက် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏက အမေရိကန်ဒေါ်လာ ၉ ဒသမ ၉ ဘီလျံရှိတယ်လို့ သိရတယ်။ စုစုပေါင်း ပို့ကုန် သွင်းကုန် တန်ဖိုးက ၅ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်လာပြီး တန်ဖိုး ၈ ဒသမ ၃ ဘီလျံ ရှိတယ်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တို့က ဗီယက်နမ်နိုင်ငံရဲ့ ၂၀၂၂ ဂျီဒီပီဟာ ၇ ရာခိုင်နှုန်းအထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းတယ်။

ဗီယက်နမ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု တိုးပွားလာစေတဲ့ အဓိကအချက်တခုက ၂၀၁၈ ခုနှစ်မှာ အမေရိကန်က တရုတ်သွင်းကုန်တွေအပေါ် အခွန်တိုးမြှင့်ကောက်ခံခဲ့ရာက စခဲ့တယ်။ တရုတ်နိုင်ငံထဲမှာ ကုမ္ပဏီအများအပြား ကုန်ပစ္စည်းထုတ်လုပ်မှုတွေ ဆက်လုပ်နေဆဲ ဖြစ်ပေမဲ့ မရေရာ မသေချာတဲ့ အနာဂတ်တွေကြောင့် ကုမ္ပဏီတချို့ဟာ ဗီယက်နမ်ကို ပြောင်းရွှေ့ အစပျိုး ကုန်ပစ္စည်းထုတ်လုပ်မှုတွေ ပြုလုပ်လာခဲ့ကြတယ်။

၂၀၁၉ ပထမလေးလအတွင်း ဗီယက်နမ်ရဲ့ အမေရိကန်ပို့ကုန်ပမာဏ ၄၀ ရာခိုင်နှုန်း တိုးပွားလာပြီး ဒီပမာဏရဲ့ထက်ဝက်ဟာ အခွန်စည်းကြပ်မှု မြှင့်တင်ထားတဲ့ နည်းပညာဆိုင်ရာ ကုန်ပစ္စည်းတွေ ဖြစ်တယ်။ ဗီယက်နမ်ရဲ့ နောက်ထပ်ဆွဲဆောင်မှုတခုက ဈေးချိုတဲ့ လုပ်အားခ ဖြစ်တယ်။ ဗီယက်နမ်မှာ တရုတ်ထက် လုပ်အားခ ထက်ဝက်သက်သာတယ်လို့ ဆိုတယ်။

၂၀၂၀ ကစပြီး တရုတ်နိုင်ငံရဲ့ FDI ရွှေ့ပြောင်းမှုဟာ သမ္မတ ရှီကျင့်ဖျင်ရဲ့ Zero COVID policy ဇီးရိုးကိုဗစ်မူဝါဒကြောင့် ပိုအရှိန်ရလာခဲ့တယ်။ ဒီမူဝါဒကြောင့် တရုတ်နိုင်ငံမှာ ဆက်လက်ရင်းနှီးမြှုပ်နှံနေမယ်ဆိုရင် ကိုဗစ်ကပ်ဘေးမတိုင်မီ ထုတ်လုပ်မှုပမာဏကို ပြန်ရောက်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ဆိုတယ်။

ဗီယက်နမ်နိုင်ငံအနေနဲ့ ကိုဗစ်ထိန်းချုပ်မှုကို စနစ်တကျ လုပ်ဆောင်နိုင်ခဲ့ပြီး နီကေး အေးရှားရဲ့ သတ်မှတ်ချက်အရ ဗီယက်နမ်ဟာ ကိုဗစ်ထိန်းချုပ်ရေး စီမံခန့်ခွဲမှု အကောင်းဆုံး ကမ္ဘာ့ ထိပ်တန်း ၁၀ နိုင်ငံအနက် တနိုင်ငံအဖြစ် ပါဝင်ခဲ့တယ်။

အခြေခံအဆောက်အအုံနဲ့ လူသားအရင်းအမြစ် အဆင်သင့်မဖြစ်သေးဘူးလို့ ယူဆရတဲ့အတွက် ၂၀၁၉ ခုနှစ်တုန်းက ဗီယက်နမ်ကို စီးဝင်လာတဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို လက်ခံနိုင်စွမ်း မရေမရာ ရှိခဲ့ပေမဲ့ တကယ်တမ်းကျတော့ ဗီယက်နမ်ဟာ အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်တွေကြောင့် အကောင်းဆုံး လက်ခံနိုင်ခဲ့တာ တွေ့ရတယ်။

Blazing furnace လို့ အမည်ပေးထားတဲ့ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး လှုပ်ရှားမှုမှာ နိုင်ငံရေးသမားနဲ့ စီးပွားရေးလုပ်ငန်းရှင် ၁,၂၀၀ (လက်ရှိ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်တွေ အပါအဝင်) ကို ပစ်မှတ်ထားတဲ့အကြောင်းကိုပဲ နိုင်ငံတကာမီဒီယာတွေက အလေးပေးပြောဆိုခဲ့ကြပြီး လူအများ သတိမထားမိတာက အောက်ခြေမှာ လူမသိသူမသိ အကျင့်ပျက်နေတဲ့သူတွေကို အစိုးရက နှိမ်နင်းပေးခဲ့တာပဲဖြစ်တယ်။

ဗီယက်နမ် မူဝါဒချမှတ်သူတွေဟာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အဓိက အာရုံစိုက်ခဲ့ကြတယ်။ ၂၀၁၈ ခုနှစ် အဆင့်မြင့်ပညာရေးဥပဒေကို ပြန်လည်ပြင်ဆင်ခဲ့သလို ၂၀၁၉ အလုပ်သမားစည်းမျဉ်းကိုလည်း ပြင်ဆင်ခဲ့တယ်။

၂၀၂၁ (Provincial Competitiveness Index) လေ့လာတွေ့ရှိချက်တွေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေဟာ ဗီယက်နမ်ရဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအပေါ် အကောင်းဘက်က ရှုမြင်နေကြသလို နိုင်ငံရဲ့ အခြေခံအဆောက်အအုံတွေဖြစ်တဲ့ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အား စတဲ့ လိုအပ်ချက်တွေအားလုံး ကျေနပ်စရာ အနေအထားမှာ ရှိနေတယ်လို့ ဆိုတယ်။

ဗီယက်နမ်ဟာ ၂၀၂၂ ခုနှစ် အာရှ စွမ်းဆောင်ရည်အကောင်းဆုံး စီးပွားရေးနိုင်ငံ ဖြစ်ခဲ့သလို ဖြစ်ပေါ်လာတဲ့ ပတ်ဝန်းကျင်နဲ့ ရရှိလာတဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချနိုင်တဲ့ ခေါင်းဆောင်ကောင်းတွေ ပိုင်ဆိုင်တဲ့ နိုင်ငံတနိုင်ငံဆိုရင် မှားမယ်မထင်ပါဘူး...။

CWM

Ref: Vietnam makes a model recovery from COVID-19.

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013