DVB Logo
Home
Lead Story
သတင်းများက ဝတ္ထုဖြစ် ဝတ္ထုများက သတင်းဖြစ်
DVB
·
December 29, 2022
သတင်းများက ဝတ္ထုဖြစ် ဝတ္ထုများက သတင်းဖြစ်
Donate to DVB

( က )

တခါတရံ ဆက်သွယ်ရေးနည်းပညာရပ်များ ပေါက်ကွဲဖြစ်ထွန်းမှုအကြောင်း မိတ်ဆွေတချို့နှင့် စကားစပ်မိသည်။ ထိုအခါ ကမ္ဘာ့ရွာရောက်သည်အထိ စကားခရီးဆက်မိကြ၏။ သမိုင်းနိဂုံးချုပ်ပြီလောဟု ပြောဆိုလာခဲ့သည်မှာပင် နှစ် ၃၀ နီးပါး ကြာခဲ့ပြီ။ ထိုအခါကြပြန်တော့လည်း လမ်းဆုံးလျင် ရွာတွေ့မည်ဟူသော မြန်မာစကားပုံကို မဆီမဆိုင် တွေးမိကာ ပြုံးမိသေးသည်။

မည်သို့ပင်ဖြစ်စေ... ကမ္ဘာကြီးမှာ ရွာကြီးတရွာအသွင် ဆောင်လာသည်ကိုတော့ လူအများ လက်ခံလာကြရ၏။ သို့သော် ဤကိစ္စသည်ပင် ခြွင်းချက်များရှိနေသည်။ သတင်းအချက်အလက်၊ ဆက်သွယ်ရေးကိစ္စများတွင်သာ ရွာကြီးတရွာအဖြစ် ရည်ညွှန်းပြောဆိုလို့ ရကောင်းသော်ငြားလည်း အမျိုးသားရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုကိစ္စရပ်များမှာမူ ၂၀ ရာစုထက်ပင် ပိုမိုထင်းပြက်လာနေသလောဟု ယူဆရဟန် ရှိ၏။ ကမ္ဘာ့ရွာပြုမှုကြောင့် မိမိတို့၏ အမျိုးသား၊ ဘာသာ၊ သာသနာကို ပိုမိုကျစ်လျစ်အောင် ဆုပ်ကိုင်နိုင်ရေး ကြိုးပမ်းမှုများမှာ ၂၀ ရာစုထက်ပင် ပိုပြီး ပြင်းထန်လာနေသလားဟု သံသယဖြစ်မိသည်။

သည်လိုအခြေအနေများအောက်၌ သတင်းအချက်အလက်များကို သည်အတိုင်း မထုပ်မပိုးဘဲ တင်ပို့လို့ မဖြစ်နိုင်တော့။ အထူးသဖြင့် ပုံနှိပ်သတင်းတင်ပို့မှုလုပ်ငန်းများမှာ အသံဖြင့် အင်တာနက်ဖြင့် သတင်းပို့မှုလုပ်ငန်းလောက် မမြန်ဆန်နိုင် မကျယ်ပြန့်နိုင်တော့။ ထိုအခါ ယင်းပုံနှိပ်သတင်း ဖော်ပြမှုနယ်ပယ်တွင် သတင်းအချက်အလက်များကို လူတွေသည်းခံပြီး စောင့်ဖတ်ချင်စိတ်ဖြစ်အောင် သတင်းပို့မှု ပုံသဏ္ဌာန်သစ်ကို တီထွင်လာကြရ၏။ သတင်းကို သတင်းသက်သက်အနေနှင့် မတင်ပို့တော့ဘဲ ရသနှောသည့် သတင်းပို့မှုစနစ်ကို သုံးစွဲလာကြရ၏။ ထိုအခါ သတင်းနည်းပညာနယ်ပယ်၌ သတင်းတင်ပြမှု နည်းပညာသစ်ဟူ၍ ပေါ်ပေါက်လာရ၏။

သတင်းကို ရသနှင့် တွဲဖက်အသုံးပြုသောအခါ ဆောင်းပါး၊ ဝတ္ထု အစရှိသည့် စာပေပုံသဏ္ဌာန်နှင့် ဒွေးရောယှက်တင် ဖြစ်လာနိုင်၏။ ဖြစ်လာသည်လည်းရှိ၏။ ဤအမြင် ဤအယူအဆအတွက် ကျနော့်မှာ သက်သေပြစရာ မြန်မာဝတ္ထုတပုဒ်ရှိပါသည်။ ယင်းဝတ္ထုမှာ ‘ခင်ခင်ထူး’ ၏ ‘ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်’ ဝတ္ထုဖြစ်လေသည်။

( ခ )

သည်ဝတ္ထုတွင် အဓိကဇာတ်ကောင်များမှာ ‘ဖြုံဘူး’ ရွာသူ ‘ခင်နှောင်း’၊ တရွာတည်းသူ ‘မဖူးငုံ’၊ ခင်နှောင်း၏အစ်ကို ‘ချစ်ခင်’၊ ခင်နှောင်းနှင့်ချစ်ကြိုက်သူ ထန်းတောရွာသား ‘ကျီးညို’၊ တိရစ္ဆာန်ဆေးကု ဆရာဝန်လေး ‘ကိုသိန်းဒန်’ တို့ဖြစ်ကြ၏။ ဝတ္ထု၏အစပိုင်းတွင် ခင်နှောင်းတို့ မောင်နှမနှစ်ယောက်၏ စရိုက်ကို စာမျက်နှာအတော်များများအထိ ဖွဲ့ပြီးမှ ကျန်ဇာတ်ကောင်များကို တဖြည်းဖြည်း စရိုက်ပေါ်အောင် ဖွဲ့သွား၏။ ‘ခင်နှောင်း’ နှင့် ‘ကျီးညို’ တို့၏ ကိုကြီးကျော်နတ်ပွဲတွင် ဆုံခဲ့သည့် ဇာတ်လမ်းကို ‘ခင်နှောင်း’ တို့အိမ်၌ ‘ကျီးညို’ တယောက် စာရင်းငှားဝင်လုပ်သည့်နည်းဖြင့် ဇာတ်လမ်းကို ဆက်လို့ရသွား၏။ ခင်နှောင်းမိခင်က ‘ကြီးညို’ နှင့် သဘောမတူ တနေရာစီ ခွဲထားလိုက်၏။ ‘ခင်နှောင်း’ ရွာကိုပြန်လာခွင့်ရတော့ ‘ကျီးညို’ က စာရင်းငှားအလုပ်မှထွက်ခါ ထန်းတောထဲတွင် ဆင်းဆင်းရဲရဲနှင့် ခေါင်းချသွားနှင့်ပြီ။ ‘ခင်နှောင်း’ အဖို့ ချစ်သူနှင့် ပေါင်းဖက်ခွင့်မရနိုင်တော့။ ဝတ္ထု၏နိဂုံးမှာ ယူကျုံးမရဖွယ်ဖြင့် အဆုံးသတ်၏။

‘ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်’ ဝတ္ထုမှာ ဇာတ်လမ်းအဓိကထားသည့် ဝတ္ထုမဟုတ်ပါ။ သာမန်မျှသာဖြစ်၏။ မည်သည့်လှည့်ကွက်၊ မြှုပ်ကွက်၊ ဆင်ကွက်၊ တကွက်မျှမပါ။ သို့နှင့်တိုင် ‘ခင်ခင်ထူး’ သည် မည်သည့်အတွက်ကြောင့် ဤသာမန်ဇာတ်လမ်းတပုဒ်ကို ဝတ္ထုတပုဒ်အဖြစ် ဖန်တီးလာခဲ့သနည်း။ ဤ ဆီသည်မလက်သုပ်လို ဖြစ်နေသည့် ‘တွေ့၊ ချစ်၊ ကွဲ’ ဇာတ်လမ်းမျိုးကို ‘ခင်ခင်ထူး’ ဘာ့ကြောင့်ရေးခဲ့သနည်း။ ဘာကြောင့် ဇာတ်လမ်းသစ်တခုခုကို မရွေးချယ်ခဲ့သနည်း။

ဝတ္ထု၏ အဖွင့်စာမျက်နှာမှစတင်ကာ ဝတ္ထု၏ သုံးချိုးနှစ်ချိုးကျော်သည်အထိ ကိုကြီးကျော်နတ်ပွဲနှင့် ပတ်သက်သည့် သတင်းအချက်အလက်များမှာ လိုအပ်လျှင် လိုအပ်သလို အဓိကထားပြီး ရေး၏။ ဥပမာ စာမျက်နှာ ၂၃ မှစတင်ကာ ကိုကြီးကျော်နတ်ပွဲထုံးစံ၊ နတ်ပွဲ ပွဲစဉ်၊ နတ်ပွဲအတွေ့အကြုံ အသေးစိတ်ကို စာမျက်နှာ ၂၈ အထိလည်းကောင်း၊ တဖန် စာမျက်နှာ ၉၀ မှ ၉၉ အထိ နတ်ပွဲခင်းကျင်းပုံ၊ နတ်ပွဲလာပရိသတ်က နတ်ပူဇော်ပုံများကိုလည်းကောင်း၊ ကိုကြီးကျော်နတ်ပွဲသို့ လာရောက်ရောင်းချကြသည့် ဈေးဆိုင်များ၊ ပစ္စည်းများကို ဖော်ပြရာ၌ ဇာတ်လမ်းဖြစ်စဉ်နှင့် ရောမွှေသမကာ စာမျက်နှာ ၁၀၂ မှ ၁၂၀ အထိလည်းကောင်း။ ဥပမာ ‘ကျောက်မြောင်းနွယ်ငြိမ်းဘက်မှ စဉ့်ထည်များ၊ မြင်းခြံနယ်ဘက်မှ တောင်သာအိုး၊ မိတ္ထီလာအိုးမြေထည်များ၊ ဧရာဝတီမြစ်ရိုးဆီက စစ်ကိုင်းအိုး၊ မြောင်နယ်ထဲက နဘက်အိုး၊ ဆီမီးခုံနယ်က ရန္တပိုအိုး၊ ကတောအိုးများ၊ ချင်းတွင်း အနောက်ဘက်ကမ်း ပခန်းနယ်မှ အိုးဆိုင်များ’ စာ (၁၁၄)။

ကိုကြီးကျော်နတ်သမိုင်း အသေးစိတ်အချက်အလက်များကို ၁၃၄ မှ စာ ၁၄၀ အထိ။ တဖန် ယုတ်စွအဆုံး ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြားတွင်ရှိသည့် ‘ကျွန်းဆယ့်နှစ်ရွာ’ ဒေသနေ ကျေးလက်လူထု၏ မည်သည့် စားဝတ်နေရေးပင်ဖြစ်ပစေ နတ်ကိုးကွယ်ယုံကြည်မှုနှင့် မကင်းနိုင်သည်ကို မီးမောင်းထိုးပြ၏။ နတ်ကိုးကွယ်ယုံကြည်မှုအောက်က ကျေးလက်လူထု၏ ဘဝရှင်သန်ရေး၊ ယဉ်ကျေးမှုစရိုက်ကို ဖော်ပြ၏။ ဥပမာ ‘ကိုကြီးကျော်နှစ်သက်သော ဆေးပင်များကို ‘ရာတခင်း ဆေးသုံးပင်’ စတိထည့်စိုက်ကြမြဲသာ။ မြေပဲစိုက်စိုက်၊ ပဲစိုက်စိုက်၊ ငရုတ်စိုက်စိုက်၊ နေကြာစိုက်စိုက် ဆေးသုံးပင်ထည့်စိုက်ခြင်းအားဖြင့် အလေးအမြတ် ပြုကြသည်။ (စာ-၄၅)

ဤသို့ဖြင့် ‘ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်’ ဝတ္ထုမှာ သတင်းအချက်အလက်များ ပြည့်နှက်ကြွယ်ဝလွန်းသလောက် ဝတ္ထုဇာတ်လမ်းအရမူ စာတပိုဒ်မျှချုံ့ပြီး ပြန်ရေးပြလို့ ရလောက်အောင် တို၏။ ရှင်း၏။

ဤဝတ္ထုတွင် စာရေးသူက ဇာတ်လမ်းကို အဓိကမထားခဲ့ဟု ယူဆလို့ရပါသည်။  သတင်းအချက်အလက်များကို သိစေလိုသည့် ရည်ရွယ်ချက်ကိုသာ အဓိကထားခဲ့သည်မှာ သိသာလွန်းလှသည်။ ထို့ကြောင့်ပင်ဖြစ်မည်။ ‘ခင်ခင်ထူး’ သည် ဇာတ်လမ်းကို ဦးစားမပေးဘဲ သတင်းအချက်အလက်များကိုသာ အဓိကထားခဲ့လေသည်။

( ဂ )

‘ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်’ ဝတ္ထုမှာ ဇာတ်လမ်းအဓိက အားပြုသည့်ဝတ္ထု မဟုတ်ပါ။ သတင်းအချက်အလက် အားပြုဝတ္ထုဖြစ်၏။ ‘ခင်ခင်ထူး’သည် အဘယ့်ကြောင့် သတင်းအချက်အလက်များကို ဝတ္ထုပုံသဏ္ဌာန်ဖြင့် ဖော်ပြဖို့ ကြိုးစားခဲ့သနည်း။

ကျနော် အထက်ကဆိုခဲ့၏။ တခါတရံ သတင်းအချက်အလက်ကို သတင်းသက်သက်အနေနှင့် တင်ပြသည်ထက် ရသနှင့်ထုပ်ပိုးပြီးမှ တင်ပြသည့် ‘သတင်းပို့မှုပုံသဏ္ဌာန်သစ်’ နှင့် ဖော်ပြခြင်းဖြင့် ပိုမိုထိရောက်သည်ဟု ယူဆခဲ့ဟန်တူပါသည်၊။ ဤသို့ဖြင့် ဤဝတ္ထုမှာ သတင်းအချက်အလက်ကို အဓိက အခြေခံသည့် ဝတ္ထုတပုဒ် ဖြစ်လာခဲ့ရ၏။

ယခုအခါ ကျနော်တို့သည် သတင်းနှင့်ဝတ္ထု၊ ဝတ္ထုနှင့်ကဗျာ၊ ကဗျာနှင့်စကားပြေ ဒွေးရောယှက်တင်ဖြစ်လွန်းသည့် ခေတ်တခေတ်ကို ဖြတ်သန်းနေကြရ၏။ ယင်းဘာသာရပ်များ တခုနှင့်တခုအကြားတွင် ရှိနေ၊ ကာနေသည့် ကန့်လန့်ကာစမှာ ပါးလျားသည်ထက် ပါးလျားလာနေ၏။

သို့သော် အထူးသတိပြုရမည့်အချက်တော့ ရှိပါသည်။ သတင်းများသည် ဝတ္ထုချောက်ထဲ မဆင်းမိဖို့နှင့် ဝတ္ထုများသည်လည်း သတင်းချောက်ထဲ ဆင်းမသွားမိဖို့တော့ အရေးကြီးသည်ဟု ယူဆမိပေသည်။

ငြိမ်း​ဝေ(ကဗျာ့အိုး​ဝေ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013