
ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလလောက်ကစလို့ ဧည့်စာရင်းစစ်ဆေးတာတွေ ပိုမိုတင်းကျပ်လာခဲ့ပြီး စစ်ကောင်စီဘက်က မြို့နယ်တချို့မှာ မကြာခဏဆိုသလို ဧည့်စာရင်း ဝင်ရောက်စစ်ဆေးနေသလို အထူးသဖြင့် စစ်ကိုင်းတိုင်းမှတ်ပုံတင် ကိုင်ဆောင်ထားသူတွေ ဧည့်စာရင်းတိုင်ဖို့ခက်နေတယ်လို့ ကိုယ်တွေ့ကြုံရသူတွေထံက သိရပါတယ်။
မြို့နယ်တချို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ စစ်ကိုင်းတိုင်းမှတ်ပုံတင် ၅ မျဉ်းစောင်း ကိုင်ဆောင်ထားသူတွေ ဧည့်စာရင်းတိုင်ကြားတဲ့အခါ ဧည့်စာရင်း လက်မခံတာမျိုးတွေ၊ မိမိတို့အရပ်ဒေသမှာ နေထိုင်ကြောင်း ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ စတဲ့ စာရွက်စာတမ်းတွေ ပါမှသာ ဧည့်စာရင်းတိုင်လို့ရမှာဖြစ်ကြောင်း ကိုယ်တိုင် ကြုံတွေ့ရသူတွေက ပြောပါတယ်။
ကိုယ်တိုင်ကြုံခဲ့ရတဲ့ အမျိုးသမီးတဦးက “ဧည့်စာရင်းသွားတိုင်တာ၊ သွားတိုင်တော့ကျတော့ မှတ်ပုံတင်ကို ကြည့်လိုက်တော့ ၅ မျဉ်းစောင်း ဖြစ်နေတာ။ ၅ မျဉ်းစောင်းကို လက်မခံချင်ဘူးတဲ့။ အဲ့လိုမျိုးပြောတယ်။ ယင်းမာပင်ဘက်က ၅ မျဉ်းစောင်းမို့လို့ရှင့်။ အခုက ဘုန်းကြီးကျောင်းမှာ နေရတယ်။ ၅ မျဉ်းစောင်းမို့လို့ အာမ မခံပေးနိုင်တာတဲ့။ အဲဒီ အဆောင်မှူးက ပြောတာတော့ ယင်းမာပင်က ၅ မျဉ်းစောင်း နှစ်ယောက်ရှိတာ မောင်းထုတ်လိုက်တာတဲ့” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ လတွေမှာလည်း မှတ်ပုံတင်မှာ စစ်ကိုင်းတိုင်း ၅ မျဉ်းစောင်း၊ မကွေးတိုင်း ၈ မျဉ်းစောင်း၊ ကယားပြည်နယ် ၂ မျဉ်းစောင်း၊ ချင်းပြည်နယ် ၄ မျဉ်းစောင်းနဲ့ ရခိုင်ပြည်နယ် ၁၁ မျဉ်းစောင်း မှတ်ပုံတင် ကိုင်ဆောင်ထားတဲ့ ပြည်သူတွေကို လမ်းခရီးမှာ စစ်ကောင်စီက ပိုက်စိတ်တိုက် စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
တော်လှန်ရေးမှာ အားကောင်းနေတဲ့ စစ်ကိုင်းတိုင်းဘက်က ၅ မျဉ်းစောင်းမှတ်ပုံတင် ကိုင်ဆောင်ထားသူတွေကို တင်းကျပ်တဲ့ စစ်ဆေးမှုတွေနဲ့အတူ ရန်ကုန်မှာ ဧည့်စာရင်း လက်မခံတာတွေ ကြုံနေရတာပါ။
၅/ မှတ်ပုံတင် ကိုင်ဆောင်ထားသူတဦးက “ရန်ကုန်မှာ တည်းခိုခန်းတွေ တည်းမယ်ဆိုရင် ကျနော့်တူမလေး လက်တွေ့ပဲ။ ရန်ကုန်မှာ အလုပ်လာလုပ်တာ။ ရပ်ကွက်က ၅ မျဉ်းစောင်းဆိုပြီး မိန်းကလေးတောင် လက်မခံလို့ ပိုက်ဆံတွေသုံးပြီးမှ တခြားရပ်ကွက် ကိုယ့်အသိ ဘုန်းကြီးကျောင်းဆီ ပြောင်းပြီး နေနေရတာတွေ ရှိတယ်။ အဆောင်ခ၊ အခန်းခတွေက ပေးပြီးသွားပြီ။ ၆၀,၀၀၀ လေ။ ဧည့်စာရင်းတိုင်လို့ မရတဲ့အတွက် ဘုန်းကြီးကျောင်းကို ပြောင်းပြီး ပိုက်ဆံအဆုံးခံလိုက်ရတယ်”--“၁၈ ယောက်အဖွဲ့တုန်းက ကိုယ့်ဟာနဲ့ကိုယ် အခန်းငှားထားတာကို ၅ မျဉ်းစောင်းတွေမို့လို့ဆိုပြီး အိမ်ရှင်ကလည်း လိုက်မပြောပေးဘူး။ လူအရမ်းများတယ်ဆိုပြီး။ မိန်းကလေးတွေချည်းပဲ။ အဲဒါနဲ့ အုပ်ချုပ်ရေးမှူးအိမ်ကို ကိုယ်တိုင်သွားတော့လည်း ၅ မျဉ်းစောင်းတွေဆို လက်မခံဘူးဆိုလို့ တည်းခိုခန်းကို ညတွင်းချင်း ပြောင်းတည်းရတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်က ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ကနေ ရန်ကုန်မြို့မှာရှိတဲ့ ဘုန်းကြီးကျောင်းတချို့မှာ ညအိပ်ညနေဧည့်သည်တွေကို လက်ခံတာ မပြုဖို့နဲ့ လက်ခံရင်လည်း စိစစ်လက်ခံဖို့၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ဆီ အသိပေး အကြောင်းကြားဖို့ ထုတ်ပြန်ခဲ့ပါတယ်။
အခုလိုမျိုး စစ်ကိုင်းတိုင်းမှတ်ပုံတင် ကိုင်ဆောင်သူတွေကို စစ်ကောင်စီဘက်က နည်းလမ်းမျိုးစုံနဲ့ တင်းကျပ်စွာ စစ်ဆေးမှုတွေ ပြုလုပ်တာဟာ ပြည်သူချင်း ခွဲခြားဆက်ဆံခံရနေတာဖြစ်ပြီး ဘယ်ကိုသွားသွား ဒီမှတ်ပုံတင်ကြောင့် စိတ်မလုံခြုံရဘူးလို့ ၅ မျဉ်းစောင်း မှတ်ပုံတင် ကိုင်ထားသူတွေက ပြောပါတယ်။
“တကယ်တမ်းတော့ ကိုယ်တွေလည်း အပြစ်မဲ့တဲ့သူတွေပဲလေ။ လူလူချင်း အတူတူပဲ။ ပြောရရင်တောင် ကိုယ့်မှတ်ပုံတင် ထုတ်ပြရင်တောင် ၅ မျဉ်းစောင်းမို့လို့ မလုံမလဲတွေ ဖြစ်နေရတယ်။ ဘယ်လိုရစ်မှာတုန်း၊ ဘယ်လိုပြောမှာတုန်း၊ ပိုက်ဆံတွေ ဘယ်လိုတောင်းမှာတုန်း၊ လမ်းခရီးသွားရင်တောင် စိတ်မလုံခြုံဘူးပေါ့” လို့ ၅/ မှတ်ပုံတင် ကိုင်ဆောင်ထားသူတဦးက ဖွင့်ဟပြောပါတယ်။
ခုခံတော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်တွေဟာ နေ့တိုင်း ရွာတွေ လှည့်လည်မီးရှို့တာနဲ့ ဖမ်းဆီး ပစ်ခတ်သတ်ဖြတ်တာတွေ လုပ်ဆောင်ပါတယ်။
Data for Myanmar အဖွဲ့ရဲ့ ဒီဇင်ဘာ ၁၀ ရက်က ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးတာကြောင့် ဒီနှစ် နိုဝင်ဘာ ၃၀ ရက်နေ့ထိ နေအိမ်ပေါင်း ၂၇,၄၉၆ လုံး ဖျက်ဆီးခံခဲ့ရပါတယ်။