DVB Logo
Home
Lead Story
စစ်မိစ္ဆာကို အမြစ်ဖြတ်ဖို့ ဇွဲနဲ့သတ္တိရှိကြစို့
DVB
·
November 18, 2022
စစ်မိစ္ဆာကို အမြစ်ဖြတ်ဖို့ ဇွဲနဲ့သတ္တိရှိကြစို့
Donate to DVB

ဟိုးယခင် ဘုရားပွဲဈေးတွေမှာ လူငယ်တွေ အစည်ကားဆုံးနေရာနဲ့ အကြိုက်ဆုံးနေရာတနေရာ ရှိခဲ့တယ်။ နေ့ရောညရော ဘယ်အချိန်သွားကြည့်ကြည့် ကလေးလူကြီးလူလတ် ဝိုင်းအုံကြည့်နေကြတာ အခုခေတ်လို ခေတ်မီကိရိယာတွေ မပေါ်သေးချိန် ဘက်ထရီအိုးနဲ့ တဂျီဂျီမြည်ပြီး လူတယောက်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတနေရာကို ရုပ်ပုံတွေ စာသားတွေ ရေးထိုးပေးနေတာ အရုပ်ပုံမျိုးစုံပါပဲ။ နဂါးပုံ၊ ဘီလူးပုံ၊ အသည်းပုံ၊ ပန်းပုံ စာသားဆိုရင်လည်း ကိုယ့်ချစ်သူနာမည်၊ မိဘကျေးဇူးတို့ ဘာညာ ရေးကြထိုးကြတာ။ အဲ့ဒီအချိန်က ဂျီ ထိုးတာလို့လည်း ခေါ်တယ်။ (ထိုးရင် ဂျီ ဂျီ နဲ့မည်လို့ ခေါ်ကြတာထင်ပါရဲ့)။ လူကြီးတွေကတော့ ဆေးမင်ကြောင်ထိုးတာလို့ ခေါ်ကြတယ်။ အခုခေတ်အခေါ်ကတော့ တက်တူးပေါ့။ တချို့ နိုင်ငံခြား ပြည်ပထိသွား သိန်းဆယ်ချီ ရာချီ အကုန်ကျခံပြီး ထိုးကြတယ်။ ထားပါ၊ ပြောချင်တာက အဲ့ဒီ ဂျီ ဆေးမင်ကြောင်ထိုးတဲ့ခေတ်က ဘုရားပွဲဈေးမှာ အရွယ်စုံထိုးကြတဲ့ စာသားက “ဇွဲ” တို့ “သတ္တိ” တို့ဆိုတဲ့ စာသားကို အများဆုံးထိုးကြတယ်။ အဲ့ဒီစာသားကို အဲ့ဒီခေတ်က လူငယ်အတော်များများ ထိုးကြတယ်။ စာလုံးနည်းတော့ ဂျီထိုးခသက်သာသလို အသားနာလည်း သက်သာတယ်လေ။ စာသားက အဓိပ္ပာယ်ကောင်းသလို လူအထင်ကြီးဖို့လည်း ကောင်းတယ်။ ဒါပေမဲ့ အဲ့ဒီစာသားရဲ့ အဓိပ္ပာယ်အတိုင်း အခုအချိန်ထိ လိုက်နာကျင့်သုံးမှု အားနည်းနေတုန်းဆိုရင် မှားလိမ့်မယ်မထင်ပါဘူး။

ဘာကြောင့်လဲဆိုရင် နွေဦးတော်လှန်ရေးဖြစ်စဉ်ကနေ မြင်တွေ့ရတာ ဘုရားပွဲဈေးက ဆေးမင်ကြောင်ထိုးခဲ့တဲ့ “ဇွဲ”၊ “သတ္တိ” စာသားလေးကို သတိရလိုက်မိတယ်။ အစပိုင်းမှာ လူပေါင်း သိန်းချီ သောင်းချီ လမ်းပေါ်မှာ လက်သီးလက်မောင်းတန်းပြီး တို့အရေး တို့အရေး အော်ခဲ့ကြတယ်။ အချိန်နည်းနည်းကြာလာတာနဲ့အမျှ လျော့လျော့သွားလိုက်တာ တက်ကြွလှုပ်ရှားသူ လူနည်းစုရဲ့ အလုပ်တခုလို့ သတ်မှတ်လိုက်သလား ထင်ရတယ်။ အစဆိုတော့ စားစရာသောက်စရာ အလျှံအပယ် ကျွေးကြမွေးကြ၊ မိဘတွေကလည်း အားပေးခဲ့ကြ၊ လူငယ်တွေကလည်း တက်ကြွလိုက်ကြတာ တကယ့်လူပင်လယ်ကြီးအလား၊ မသွားနိုင် မလာနိုင် မလိုက်နိုင်ရင်တောင် ကိုယ့်ရပ်ကွက်ထဲ ကိုယ့်အိမ်ရှေ့ ကိုယ့်ဆိုင်ရှေ့ သပိတ်စစ်ကြောင်း ရောက်လာရင် အနည်းဆုံး လက်သုံးချောင်းတော့ ထောင်ပြလိုက်ကြတယ်။ တချို့ နေ့စဉ်လိုက်အော်ကြတာ အသံတွေကိုဝင်လို့၊ သပိတ်စစ်ကြောင်း ဦးဆောင်သူတွေဟာ အဲ့ဒီအချိန်က လူတွေရဲ့ လေးစားမှုအခံရဆုံး အချိန်ပါပဲ။ အချိန် ၁ နှစ်ကျော် ကြာပြီးတဲ့နောက်မှာ သပိတ်ဦးဆောင်သူတချို့က ဖမ်းဆီးခံရ၊ သတ်ဖြတ်ခံရ၊ တောထဲရောက်ကြ၊ ပြည်ပရောက်ကြနဲ့ ဘက်ပြောင်းတာရှိသလို ခွက်ဆွဲကာ တောင်းယူ အလှူခံ လုပ်စားသူတွေလည်း ရှိလာခဲ့တယ်။

ဇွဲ၊ သတ္တိတွေနဲ့ တော်လှန်နေတဲ့သူတွေ ရှိနေသေးသမျှ ပြည်သူလူထုကလည်း ဇွဲ၊ သတ္တိတွေနဲ့ နွေဦးတော်လှန်ရေး ကနဦးကလို ပါဝင်ပေးကြရင်ဖြင့် ဒီတော်လှန်ရေး နိုင်မှာအသေအချာပါပဲ။ မောနေကြတာလည်း သိတယ်၊ ပန်းနေကြတာလည်း ပြည်သူတွေသိတယ်၊ ရုန်းကန်ကြမလား၊ ကုန်းခံကြမလား ရွေးကြရပါမယ်။ သေချာတာတခုကတော့ မအလနောက်လိုက် မိစ္ဆာတသိုက်ကတော့ နောက်ဆုတ်ရပ်တန့်မှာ မဟုတ်ဘူး။ ပြည်သူတွေ လက်ရှိ နိုင်ငံတွင်း စစ်မီးတောက်လောင်နေတာ သိမြင်ကြမယ် ထင်ပါတယ်။

သတ္တိရှိသူတွေကတော့ အခုထိ စွန့်လွှတ်စွန့်စားမှုတွေနဲ့ အဏာသိမ်းစစ်အုပ်စုနဲ့ မအလနောက်လိုက် လက်ပါးစေတွေကို ကြောက်ရွံ့ခြင်းကင်းစွာ အောင်စိတ်နဲ့ တော်လှန် တိုက်ပွဲဝင်နေကြတယ်။ မအလ စစ်အုပ်စုနဲ့ ထိပ်တိုက်တွေ့ပြီး သူပစ် ကိုယ်ပစ် တိုက်ကြတယ်။ စစ်အုပ်စုက လူအားမသာပေမဲ့ လက်နက်အင်အင်အား၊ ကျည်ဖြုန်းအား သာလွန်နေတော့ ဒီအတိုင်း လက်ပိုက်ကြည့်နေကြရ၊ လည်စင်းခံနေကြရတာ ရင်နာလို့မဆုံးဘူး။ ကောက်ရိုးမီး စိတ်ဓာတ်တွေနဲ့ အဖျားရှူးနေရင်ဖြင့် ဒီတော်လှန်ရေး ဝေးနေလိမ့်မယ်။ တတ်နိုင်တဲ့ တ‌ထောင့်တနေရာကနေ ကူပါ လှူပါ ပြောရတာလည်း အားနာလှပါပြီ။ ပွဲသက်ရှည်လေ ပြည်သူနာလေပါပဲ။ ဘယ်နေရာမှ အလုံးစုံ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ လိုအပ်ချက် အမှားယွင်းလေးတွေကတော့ ရှိနေမှာပါပဲ။ ဒါကို ခွင့်လွှတ်နားလည်ပေးပြီး မတူတာကို ဘေးဖယ်၊ တူတာကို လက်တွဲလုပ်ဆောင်ကြရမှာပါ။

ဒီတော်လှန်ရေးက မြန်မာနိုင်ငံအရေးမို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။ ကိုယ်နဲ့ မဆိုင်သလိုနေရင် ဆိုင်လာတဲ့နေ့ရက်တွေ မြေကြီးလက်ခတ်မလွဲ တနေ့ကြုံလာရလိမ့်မယ်။ အဲ့ဒီအချိန်ကြမှ တောက်ခေါက် အံကြိတ်ရုံအပြင် ဘာမှတုံ့ပြန်နိုင်မှာ မဟုတ်တော့ပါဘူး။ နွေဦးတော်လှန်ရေးကာလ အစပိုင်းကလိုမျိုး ဇွဲရှိရှိနဲ့ မြန်မာ့သတ္တိကို ကမ္ဘာမြေကြီး တုန်ဟီးသွားအောင် နောက်တခေါက်လောက် ပြလိုက်ကြစမ်းပါ။ ဒါဆို အရေးတော်ပုံ အောင်ရမည် မဟုတ်တော့ဘူး၊ အရေးတော်ပုံ အောင်ပါပြီ။

ပေကြီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013