DVB Logo
Home
Lead Story
သတင်းနဲ့ စာပေမှာ လက်ခမောင်းခတ်နိုင်တဲ့ ရွှေဥဒေါင်း ၁၃၃ နှစ်ပြည့်ပြီ
DVB
·
November 1, 2022
သတင်းနဲ့ စာပေမှာ လက်ခမောင်းခတ်နိုင်တဲ့ ရွှေဥဒေါင်း ၁၃၃ နှစ်ပြည့်ပြီ
Donate to DVB

မြန်မာစာရေးဆရာတွေထဲမှာ စာရေးဆရာအချင်းချင်းကတောင် “ကြီး” ဆိုတဲ့ အထူးပြုပုဒ်ကို တပ်ဆို ခေါ်ဝေါ် အလေးထားရတဲ့သူကတော့ ဆရာကြီးရွှေဥဒေါင်းပါပဲ။ ဆရာကြီးရွှေဥဒေါင်းဟာ စာရေးဆရာသက်သက် မဟုတ်ပါဘူး။ သတင်းစာဆရာကြီးလည်း ဖြစ်ပါတယ်။ စာတအုပ် ရေးအပြီးမှာ သတင်းစာအယ်ဒီတာအဖြစ် ခန့်အပ်ခံရတဲ့ ရှားရှားပါးပါး ပါရမီရှင်ပါ။ 

နောင်တချိန်မှာ ‘ရွှေဥဒေါင်း’ ရယ်လို့ အမည်ထင်ရှားလာမယ့် မောင်ဖေသိန်းကို ၁၈၈၉ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက် ၊ မန္တလေးမြို့ ဝါးတန်းရပ်မှာ မွေးဖွားခဲ့ပြီး သူ့အသက် (၂၆) နှစ်အရွယ် ၁၉၁၅ ခုနှစ်မှာ “ရန်ကြီးအောင်” ဆိုတဲ့ လုံးချင်းဝတ္ထုကို စတင်ရေးသားပါတယ်။ သူ့စာမူကို အဲဒီ ခေတ်အခါက ကျော်ကြားလှတဲ့ သူရိယသတင်းစာက အခန်းဆက် ဖော်ပြပေးခဲ့ပါတယ်။ 

မောင်ဖေသိန်းရဲ့ ပထမဆုံးစာမူကို ရရှိလိုက်တဲ့ သူရိယသတင်းစာတိုက်က ဦးဘဘေရဲ့ တိုက်တွန်းချက်အရ မစ္စက် ဟင်နရီဝု (Mrs. Henry Wood) ရဲ့ ‘အိစလင်း’ (East Lynne) ဝတ္ထုကို မှီငြမ်းပြုကာ ‘ရတနာပုံ’ ဝတ္ထုကို ရေးသားပေးခဲ့ရပြန်ပါတယ်။ ဒီနောက်မှာတော့ သူရိယသတင်းစာတိုက်က မောင်ဖေသိန်းကို အယ်ဒီတာအဖြစ် ခန့်အပ် ခေါ်ယူလိုက်ပါတော့တယ်။ မောင်ဖေသိန်းဟာ သူရိယကတဆင့် စာပေစင်ပေါ် တက်လှမ်းလာတာဖြစ်လို့ သူရိယ(ခေါ်) "နေ" ကို မြန်မာလို သင်္ကေတပြုတဲ့ "ဒေါင်း" (ဝါ) ဥဒေါင်းကို ပမာပြုပြီး မိခင်ရဲ့ အမည် "ရွှေ"ကို ရှေ့က ထားကာ ရွှေဥဒေါင်းဆိုတဲ့ ကလောင်အမည်ကို ယူခဲ့တာဖြစ်ကြောင်း မှတ်သားရပါတယ်။ 

ရန်ကြီးအောင် ဝတ္ထုတစ်ပုဒ်နဲ့ သတင်းစာလောကထဲကို အယ်ဒီတာအဖြစ်နဲ့ ရောက်လာခဲ့တဲ့ ရွှေဥဒေါင်းဟာ သတင်းစာလောကမှာလည်း သူ့အမည်ကို မှတ်ကျောက်အတင်ခံနိုင်ခဲ့တယ်လို့ ခေတ်ပြိုင်သတင်းစာဆရာတွေက သုံးသပ်ကြပါတယ်။ ယခင်ခေတ်က သတင်းစာခေါင်းကြီးလို့ ခေါ်ဝေါ်သုံးနှုန်းကြပြီး ယခုခေတ်မှာ အယ်ဒီတာ့အာဘော်လို့ ခေါ်ဆိုကြတဲ့ မျက်မှောက်ကာလ နိုင်ငံရေးသုံးသပ်ချက်တွေ ရေးသားရာမှာ ရွှေဥဒေါင်းရဲ့ ကလောင်က ထက်လှတယ်လို့  ပြောစမှတ်ပြုကြပါတယ်။

အထူးသဖြင့် လူထုသတင်းစာတိုက်မှာ အယ်ဒီတာချုပ်အဖြစ် သူ လုပ်ကိုင်နေစဉ်က ရေးသားခဲ့တဲ့ ခေါင်းကြီးတွေဟာ အတွေ့အကြုံနဲ့ ဘဝဖြတ်သန်းမှု ပြည့်စုံပြီးတဲ့အချိန် ဖြစ်တာကြောင့် ပိုပြီးစူးရှ ထိရောက်တယ်လို့ ‌လူထုဒေါ်အမာက ဆောင်းပါးတချို့မှာ ထည့်သွင်းရေးသားခဲ့ဖူးပါတယ်။ 

စာရေးဆရာနဲ့ သတင်းစာဆရာ နှစ်ဖက်လှ မျက်နှာကို ပိုင်သတဲ့ ‌ဆရာကြီးရွှေဥဒေါင်းဟာ လူထုသတင်းစာကို ဦးဆောင်နေစဉ် ဖဆပလလက်ထက်မှာ ပုဒ်မ (၅) နဲ့ (၅) လခန့်အကြာ ဖမ်းဆီး အရေးယူခြင်း ခံခဲ့ရပါသေးတယ်။ 

ရွှေဥဒေါင်း ရေးခဲ့တဲ့ စာတွေအကြောင်း ပြန်ပြောင်းပြောကြရင် မပါမဖြစ် ပါရမယ့်အချက်က မြန်မာစာ နိုင်နင်းခြင်းဆိုတဲ့ အချက်ပါပဲ။ ဆရာကြီးဟာ ဝါကျရှည်တွေကို ကြိယာ၊ ကံ၊ကတ္တား၊ ဝိဘတ်နဲ့ သမ္ဗန္ဓတွေကို အထားအသို မှန်မှန်နဲ့ တည်ဆောက်နိုင်စွမ်းရှိသူပါ။ ဝါကျရှည်ပေမယ့် ငြီးငွေ့သွားရတယ် ဆိုတာမျိုး မရှိအောင် ဖွဲ့သီနိုင်စွမ်း ရှိသူပါ။ အင်္ဂလိပ်စာ ကျွမ်းကျင်လှသလို အနောက်တိုင်းဝတ္ထုတွေကို ဘာသာပြန်ရာမှာ မြန်မာမှုပြုတတ်လွန်းလို့ မြန်မာပြည်မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေလို့ စာဖတ်သူတွေကို ခံစားရစေပါတယ်။ အင်္ဂလိပ်စာကနေ မြန်မာဘာသာကို ပြန်ဆိုရာမှာ နှစ်ဘာသာစလုံးကို ကျွမ်းကျင်လိမ္မာပါမှ စာဖတ်သူကို ဆွဲခေါ်သွားနိုင်တာပါ။ ဒီလို သိမ့်မွေ့ညင်သာမှုရှိတဲ့ ဘာသာပြန်ဆိုမှုဟာ ဆရာကြီးရွှေဥဒေါင်းနဲ့ ဆရာမြသန်းတင့်တို့ဆီမှာပဲ တွေ့ရတယ်လို့ မြန်မာစာဖတ်ပရိသတ်တွေက လက်ခံထားကြပါတယ်။ 

ဆရာကြီးရွှေဥဒေါင်းဟာ အနောက်တိုင်း ဝတ္ထုကြီးတွေကို တိုက်ရိုက်ဘာသာပြန်ဆိုခြင်းထက် ဝတ္ထုထဲမှာပါတဲ့ နေရာအခင်းအကျင်းတွေကို မြန်မာ့တောတောင် ရေမြေသဘာဝနဲ့ ဟပ်စပ်မှု ရှိအောင် ပြန်လည်တည်ဆောက်ယူတတ်တာကြောင့် ဝတ္ထုပါအဖြစ်အပျက်တွေဟာ ပြည်တွင်းမှာပဲ ဖြစ်ပျက်ခဲ့တာလို့တောင် စာဖတ်သူတွေကို ယုံမှတ်စေခဲ့ပါတယ်။ အင်္ဂလိပ်စာရေးဆရာ ဆာအာသာ ကိုနင်ဒွိုင်းရဲ့ ရှားလော့ဟုမ်းဝတ္ထုကို စုံထောက်ကြီး မောင်စံရှားအဖြစ် မြန်မာမှုပြု အသက်သွင်းရာမှာ ပီပြင်လွန်းလို့ မောင်စံရှားကို အမှုအပ်ချင်လို့ ရန်ကုန်မှာ လာရှာသူတွေတောင် ရှိခဲ့ဖူးတယ်လို့ သိမှတ်ရဖူးပါတယ်။ ‌ရွှေဥဒေါင်းရဲ့ စုံထောက်ကြီးမောင်စံရှားဟာ မြန်မာလူငယ်တွေကို စူးစမ်းလေ့လာမှုနဲ့ ဆင်ခြင်သုံးသပ်နိုင်စွမ်းကို မြှင့်တင်ပေးခဲ့ပါတယ်။ 

သူ့ရဲ့ မြန်မာမှုပြု ဝတ္ထုတွေဟာ သူကိုယ်တိုင် သစ်တောဝန်ထမ်းဘဝနဲ့ ဖြတ်သန်းကျင်လည်ခဲ့တဲ့ မန္တလေး၊ ရွှေဘို ၊ ထီးချိုင့်၊ မြတောင်၊ ကသာ စတဲ့ နေရာတွေကို အခြေပြုလေ့ရှိတာကြောင့်လည်း ပိုမိုပီပြင်တာ ဖြစ်ပါလိမ့်မယ်။ ဆရာကြီးရွှေဥဒေါင်းရဲ့ မိဘနှစ်ပါးဟာ ရွှေဘိုနယ်သားတွေ ဖြစ်ကြပြီး ဖခင်ဦးဧရာက သီပေါမင်းလက်ထက်မှာ လွှတ်တော်စာရေး လုပ်ကိုင်ခဲ့ဖူးပြီး မိခင် ဒေါ်ရွှေကတော့ သီပေါမင်းရဲ့ စာတော်ဖတ်တဦး ဖြစ်ခဲ့တယ်လို့ မှတ်သားရပါတယ်။ ဆရာကြီးကိုယ်တိုင်က မန္တလေးမှာ မွေးခဲ့ပေမယ့် အလောင်းမင်းတရားဦးအောင်ဇေယျရဲ့ နန်းစိုက်ရာ ရွှေဘိုနွယ် ဖြစ်ရတာကို ဂုဏ်ယူပုံပါပဲ။ သူ့ရဲ့ ပထမဆုံးလုံးချင်းဝတ္ထု ရန်ကြီးအောင်ကိုလည်း ရွှေဘိုနယ်မှာပဲ အခြေပြုပါတယ်။ ရန်ကြီးအောင် ဝတ္ထုဟာ ပင်ကိုရေးဖြစ်ပြီး ဇာတ်လိုက် မနှင်းမြိုင်ကို  ကာလသား လေးယောက်က အလောင်းအစားပြုပြီး လူပျိုလှည့်တဲ့ အခန်းကိုတော့ အင်္ဂလိပ်စာရေးဆရာ  ရေးနိုး (Raynolds)ရေးတဲ့ ‘လန်ဒန်မြို့ အရှုပ်တော်ပုံ’ (The Mysteries of London) ဝတ္ထုကနေ မှီးခဲ့တယ်လို့ သူ့ရဲ့ တသက်တာမှတ်တမ်းနဲ့ အတွေးအခေါ်များ စာအုပ်မှာ အတိအလင်း ရေးသားခဲ့ပါတယ်။ 

အာဖရိကနောက်ခံပြု အလန်ကွာတာမိန်း ဝတ္ထုကိုတော့ ဗုဒ္ဓပွင့်တော်မမူခင်က အိန္ဒိယနိုင်ငံကို ကျောထောက်နောက်ခံပြု အခြေတည်လာပြီး ရွှေဘို၊ ကသာ အထက်အညာတကြောက သူ ကျင်လည်ခဲ့ဖူးတဲ့ တောတောင် ရေမြေ အနေအထားတွေနဲ့ ထုံမွှမ်းပြီး ရူပနန္ဒီ၊ ရူပကလျာဏီ၊ စန္ဒာဒေဝီ စတဲ့ ဝတ္ထုတွေအဖြစ် မြန်မာမှု ပြုခဲ့ပါတယ်။ ဆရာကြီးရွှေဥဒေါင်းဟာ စာစုံရေးသူပါ။ စာစုံသမှ ဝိပဿနာရှုမှတ်နည်းကနေ ကာမကျမ်းအထိ ရေးသားခဲ့သူလို့ ပြောရမှာပါပဲ။ မန္တလေးမှာ သတင်းစာဆရာအဖြစ် သူ ရှိနေချိန်မှာ ရွှေဥဒေါင်း ကလောင်အမည်မခံဘဲ “ကာလီဒါသ ၂ ရဲ့ ကြာခြည်သဘာဝအစစ်” ဆိုတဲ့ ကာမကျမ်းကို သူ့ဆန္ဒအရ မန္တလေးကြီးပွားရေးတိုက်က ပုံနှိပ်ထုတ်ဝေပေးခဲ့ရပါတယ်။ ဒီကျမ်းဟာလည်း အကြိမ်ကြိမ် ရိုက်နှိပ်ခဲ့ရတဲ့ ကျမ်းဖြစ်ပြန်ပါတယ်။ 

ကျန်းမာရေး ပညာပေးအဖြစ်  ခေတ်နဲ့လျော်ညီတဲ့ အနောက်တိုင်းအာဟာရနဲ့ ကျန်းမာရေး စာအုပ်ကိုလည်း ဘာသာပြန်ခဲ့ဖူးပါတယ်။ သူ့ပင်ကိုရေး ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ကျင့်စဉ်နဲ့  အကြံဉာဏ်ဖြင့် ကြီးပွားရေး တက်ကျမ်းစာအုပ်တွေကလည်း စာဖတ်သူတွေအကြား ထင်ရှားပါတယ်။ ကိုယ်ကာယကြံ့ခိုင်မှုတည်ဆောက်ရေးနဲ့ မဟုတ်မခံစိတ် ထားရှိရေး စံပြဇာတ်ကောင် “ဇော်ဟိတ်” ကလည်း စာဖတ်သူတွေကို စွဲဆောင်နိုင်ခဲ့တာပါ။  ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) ကိုယ်စားလှယ်အဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆိုဗီယက်ဆိုရှယ်လစ် ပြည်ထောင်စုသမ္မတနိုင်ငံတို့သို့ သွားရောက်ခဲ့ဖူးပြီး “ကိုယ်တွေ့တရုတ်ပြည်သစ်” အမည်ရ ခရီးသွားဆောင်းပါးရှည်ကြီးကိုလည်း ရေးသားခဲ့ပါတယ်။

ကျောင်းဆရာ၊ ရွှေဘိုအရေးပိုင်ရုံးစာရေး၊ သစ်တောရုံးစာရေး၊ လယ်ယာစိုက်ပျိုးရေးနဲ့ သမဝါယမမင်းကြီးရုံးမှာ တောလိုက်စာရေး စတဲ့ ဘဝဇာတ်ခုံ အဖုံဖုံမှာ အတွေ့အကြုံများခဲ့တဲ့ ဆရာကြီးရွှေဥဒေါင်းဟာ သူကိုယ်တိုင် စာရေးကောင်းသူ မဟုတ်ဘဲ တပည့်မွေးလည်း ကောင်းသူဖြစ်ပြန်ပါတယ်။ သော်တာဆွေ၊ ငွေဥဒေါင်းတို့ဟာ သူ့ရဲ့ အထင်ကရ တပည့်စာရေးဆရာတွေ ဖြစ်ကြပြီး သတင်းစာဆရာအဖြစ် ထင်ရှားတဲ့ တပည့်တစ်ဦးကတော့ ဟံသာဝတီဦးဝင်းတင်ပဲ ဖြစ်ပါတယ်။ အရက်၊ ဆေးလိပ်ကို ကိုယ်တိုင်လည်း မသုံးစွဲသလို မြန်မာလူငယ်တွေ မသုံးစွဲကြစေဖို့ အစဉ်တစိုက် ဆော်ဩရေးသားခဲ့တဲ့ ဆရာလူထုဦးလှက အရက်သောက်တတ်သလို ဆေးတံခဲနေတတ်တဲ့ ဆရာကြီးရွှေဥဒေါင်းကိုတော့ လူထုသတင်းစာရဲ့ အယ်ဒီတာချုပ် ရာထူးပေးထားပုံထောက်ရင် ဆရာကြီးရွှေဥဒေါင်းရဲ့ စာပေဩဇာကြောင့် ဖြစ်မယ်လို့ မှန်းဆရပါတယ်။  သူ့ဘဝသက်တမ်းတလျှောက် လုံးချင်းဝတ္ထုရှည် ၅၀ ကျော်နဲ့ ဝတ္တုတို ၃၀၀ ကျော် ရေးသားခဲ့တယ်လို့ မှတ်သားရပါတယ်။ သတင်းစာခေါင်းကြီးတွေပါ ထည့်တွက်ရင်တော့ သူ့စာအရေအတွက်ဟာ ယခုထက် ပိုပါလိမ့်မယ်။ 

ဆရာကြီးဟာ ချားလ်ဒစ်ကင်း (Charles Dicken) ရဲ့ Great Expectation ကို  မျှော်တလင့်လင့် ဝတ္ထုအဖြစ်လည်းကောင်း၊  အပ္ပတန် ဆင်ကလဲယား (Upton Sinclair) ရဲ့  The Jungle ဝတ္ထုကို  သွေးစုပ်မြေ ဝတ္ထုအဖြစ်လည်းကောင်း ဘာသာပြန်ခဲ့ရာ ၁၉၅၂ နဲ့ ၁၉၅၅ ခုနှစ်တွေမှာ  စာပေဗိမာန် ဘာသာပြန်ဆုတွေကို ရရှိခဲ့ပါတယ်။ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်ဖြစ်တဲ့  “တသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ” စာအုပ်ဖြင့်လည်း ၁၉၆၁ ခုနှစ်မှာ စာပေဗိမာန် သုတပဒေသာဆုကို ရရှိခဲ့ပြန်ပါတယ်။ ဆရာကြီးရဲ့ စာမူတွေကို တတိယမြောက် ဇနီးသည် ဒေါ်စိုးက မူပိုင်ခွင့်ရရှိခဲ့ပြီး သားသမီးမရှိတဲ့ ‌ဇနီးသည်က သူ ကွယ်လွန်ပါက စာမူခများကို သင့်တော်သောစာပေဆုများအဖြစ် ပေးအပ်ချီးမြှင့်ဖို့ ဒါရိုက်တာဦးသုခ၊ လူထုဦးလှ‌၊ စာရေးဆရာ သော်တာဆွေနဲ့ ဟံသာဝတီဦးဝင်းတင်တို့ကို လွှဲအပ်ခဲ့တယ်လို့ ဖတ်မှတ်ရပါတယ်။ 

ခရစ်သက္ကရာဇ် ၁၈၈၉ ခုနှစ်မှာ မွေးဖွားသန့်စင်ခဲ့တဲ့ ဆရာကြီးရွှေဥဒေါင်းဟာ ပြီးခဲ့တဲ့ရက်သတ္တပတ် အောက်တိုဘာ ၂၄ ရက်နေ့က ၁၃၃ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ နိုင်ငံရေးခေတ်အခါကောင်းရင် ဆရာကြီးရွှေဥဒေါင်းရဲ့ နှစ်ပတ်လည်အခမ်းအနား အထမြောက်ဖွယ် ရှိပေမယ့် အာဏာသိမ်းကာလမှာတော့ သတင်းစာဆရာတွေ၊ စာရေးဆရာတွေလည်း ဆရာကြီးရွှေဥဒေါင်းကို ဂုဏ်ပြုခွင့်မသာကြရှာပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဆရာကြီးရဲ့ အရေးအသားနဲ့ တွေးတောရှုမြင် သုံးသပ်ချက်တွေကတော့ မြန်မာစာပေလောကကို ဆက်လက်အကျိုးပြုနေဦးမယ်ဆိုတာ သေချာလှပါတယ်။

စိုင်းမင်းအောင်

ကိုးကား၊ တသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ၊

အမေ့ရှေးစကား - ‌လူထုဒေါ်အမာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013