Home
ဆောင်းပါး
မဲနယ်အိုးထဲ ပြုတ်ကျတဲ့ တောခွေးလို
DVB
·
October 20, 2022

တိရစ္ဆာန်ပေါင်းစုံနဲ့နေတဲ့၊ တောအုပ်နဲ့သိပ်မဝေးတဲ့ ရွာတရွာရှိသတဲ့။ အဲ့ဒီရွာကို တညတော့ တောခွေးတကောင် ဝင်လာပြီး တအိမ်ဝင်တအိမ်ထွက် အစာရှာသတဲ့။ အဲဒီလိုရှာရင်းနဲ့ အိမ်တအိမ်ရဲ့နောက်ဘက်က မဲနယ်အိုးထဲကျသွားသတဲ့။ အဲ့ဒီမဲနယ်အိုးထဲမှာ တောခွေးတကောင်ဟာ ဟိုလှိမ့်ဒီလှိမ့်နဲ့ပေါ့။ အိမ်ရှင်တွေသိသွားပြီး အသတ်ခံရမှာစိုးတာနဲ့ အသာလေး မှေးနေလိုက်ရသတဲ့။ ဒီလိုနဲ့ မနက်ရောက်လာတော့မှ မဲနယ်အိုးထဲက တောခွေးကို အိမ်ရှင်တွေမြင်သတဲ့။ တောခွေးက သူအသတ်ခံရမှာစိုးတော့ သေချင်ယောင်ဆောင်နေလိုက်တဲ့အတွက် ခွေးသေကြီးဆိုပြီး အိမ်ရှင်တွေက ခြေနှစ်ချောင်းကကိုင်ပြီး ခပ်ဝေးဝေးနေရာ လွှင့်ပစ်လိုက်ကြသတဲ့။ အဲ့ဒီလိုနဲ့ တောခွေးတကောင် လွတ်မြောက်လာခဲ့သတဲ့။

မနက်ခင်း တောက်ပတဲ့ နေရောင်ခြည်အောက်မှာ မဲနယ်လူးလာတဲ့ တောခွေးအရောင်ဟာ တလက်လက် တဖျပ်ဖျပ်ဖြစ်လို့နေတာပေါ့။ အသွေးအရောင်ပြောင်းနေတဲ့ သူ့ကိုယ်သူကြည့်ပြီး “အင်း… ငါဟာ တယ်လှပါလား၊ ငါ့အသားအရောင်ဟာ တခြားကောင်တွေနဲ့ မတူဘူး၊ ဒီတော့ တခြားကောင်တွေကို ငါ့ရဲ့အဖြစ်မှန်ကို မပြောဘဲထားလိုက်မယ်။ ဒီအစား ငါ့ကို တောစောင့်နတ်မင်းကြီးက တန်ခိုးနဲ့လုပ်ပေးလိုက်ပြီး တိရစ္ဆာန်တွေရဲ့ဘုရင်အဖြစ် တင်မြှောက်ပေးလိုက်တယ်လို့ ပြောရမယ်” စသဖြင့် တောခွေးဟာ အိုင်ဒီယာထုတ်ရင်း သူ့အရပ်ကို ပြန်လာခဲ့သတဲ့။

သူ့တောကိုရောက်တော့ နေရောင်အောက် မဲနယ်ရောင်တဝင်းဝင်းတလက်လက် တောက်နေတဲ့သူ့ကို တောခွေးတွေက တအံ့တသြနဲ့ ကြည့်ကြသတဲ့။ “ဒီအကောင်ဟာ တို့လိုပဲ၊ ဒါပေမဲ့ သိပ်လှပြီး အရောင်တလက်လက်နဲ့ ထူးခြားတယ်” ဆိုပြီး တွေးမိကြသတဲ့။ အဲ့ဒီတောခွေးအနား သွားဖို့ကြလည်း မဝံ့မရဲဖြစ်နေကြသတဲ့။ အဲ့ဒီတောခွေးတွေက သူ့ကို ခပ်ရို့ရို့နဲ့ အကဲခတ်နေကြတုန်းမှာ မဲနယ်အိုးထဲကျလာတဲ့ တောခွေးဟာ တောစပ်တနေရာက မြေကမူတခုပေါ် တက်ထိုင် နေရာယူလိုက်တယ်တဲ့။ ပြီးတော့ “ဟေ့ကောင်တွေ မင်းတို့ ဘာစိုက်ကြည့်နေကြတာတုန်း။ ငါဟာ မင်းတို့နဲ့ ပုံပန်းသဏ္ဌာန် တူသလိုရှိပေမဲ့ မင်းတို့လို တောခွေးမဟုတ်ဘူး။ ငါဟာ မင်းတို့ရဲ့ရှင်ဘုရင် လုပ်ပေးရမယ်ဆိုပြီး တောစောင့်နတ်မင်းကြီးက ဖန်ဆင်းပေးလိုက်သူဖြစ်တယ်။ ဒီတော့ မင်းတို့ဟာ အခုချိန်ကစပြီး ငါ့ကိုဖူး​မြော်ရမယ်။ ဝိုင်းဝန်းခစားကြရမယ်။ ဒီအကြောင်းကို တခြားသတ္တဝါတွေကိုလည်း ပြောပြကြရမယ်။”

အဲ့ဒီလိုနဲ့ မဲနယ်အိုးထဲကျသွားတဲ့ တောခွေးဟာ တောမြိုင်တခွင်မှာ ကျား၊ ခြင်္သေ့ကအစ ရိုကျိုးခစားရတဲ့ တောဘုရင်ဖြစ်လာပါသတဲ့။ နေ့စဥ်နံနက်တိုင်း အဲ့ကမူ​လေးပေါ် သူရောက်လာရင် တိရစ္ဆာန်အားလုံးက ပျပ်ဝပ်ခစားကြရသူ ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ တခုရှိတာက အဲ့ဒီတောခွေးဟာ သူတို့တောခွေးအချင်းချင်းကျ နှိမ်တယ်၊ ခွဲခြားတယ်၊ မတူမတန် ဆက်ဆံသတဲ့။ ခြင်္သေ့တို့၊  ကျားတို့ကျ မျက်နှာသာပေးချင်သတဲ့။ အဲ့ဒါကို တောခွေးတွေက မကျေနပ်ကြပါဘူး။ သူတို့ခမျာ တရက်လည်းမက အဲ့ဒီလို ခွဲ​ခြားဆက်ဆံခံနေရတော့ တောခွေးတွေက မခံမရပ်နိုင်ဖြစ်ပြီး တိုင်ပင်ကြသတဲ့။ ဘယ်လိုတိုင်ပင်လဲဆိုတော့ အဲ့ဒီလို မတူမတန်ဆက်ဆံတဲ့ တောခွေးဟာ တကယ်ပဲ တိရစ္ဆာန်တွေရဲ့ ရှင်ဘုရင်လား။ ဒါမှမဟုတ် တို့လို သာမန် သူလိုကိုယ်လို ခွေးထဲကလား သိအောင်လုပ်ကြမယ်။ ခွေးအချင်းချင်းအပေါ် သစ္စာမဲ့တဲ့ အဲ့ဒီတောခွေးကို ဇာတိရုပ်အမှန်ပေါ်လာအောင် လုပ်ရမယ်ဆိုပြီး ဆုံးဖြတ်ကြသတဲ့။

အဲ့ဒီလိုနဲ့ ထုံးစံအတိုင်း နံနက်ခင်း နေပူဆာလှုံတဲ့အချိန် ရောက်လာတာပေါ့။ သူ့ကိုယ်သူ တိရစ္ဆာန်တွေရဲ့ ရှင်ဘုရင်ဆိုတဲ့ တောခွေးကို တိရစ္ဆာန်တွေက ခစားနေကြတဲ့အချိန်ပေါ့။ အဲ့ဒီအချိန်မှာ ခုနက တိုင်ပင်ထားတဲ့ တောခွေးတွေဟာ ဆောင့်ကြောင့်ထိုင်လိုက်ကြတယ်။ ပြီးတဲ့နောက် ဦးခေါင်းတွေကို ကောင်းကင်မော့ကာ ဝု.. အုလို့ အသံရှည်ဆွဲပြီး အူလိုက်ကြသတဲ့။ ခွေးတို့ထုံးစံအတိုင်း တကောင်အူတော့ ကျန်တဲ့အကောင်တွေက လိုက်အူကြတာပေါ့။ တိရစ္ဆာန်တွေရဲ့ ရှင်ဘုရင်ဆိုတဲ့ တောခွေးဟာလည်း တကယ့်ဇာတိသရုပ်က တောခွေးပဲဆိုတော့ အူချင်စိတ်တွေ တဖွားဖွားပေါ်လာသတဲ့လေ။ စိတ်ကို မနည်းထိန်းချုပ်ထားရသတဲ့။ နောက်တော့ ဘယ်လိုမှ မနေနိုင်တော့တဲ့အဆုံး အဲ့ဒီတောခွေးတကောင်လည်း လိုက်အူပါလေရော။ ဒီတော့မှ အဲ့ဒီကောင်ဟာ ဘယ်နတ်ဘုရားကမှ မ,စလို့မဟုတ်ဘဲ သူ့ဘာသူ မဲနယ်အိုးထဲကျတဲ့ တောခွေးစစ်စစ်သာဖြစ်ကြောင်း သိလိုက်ရသတဲ့။

မြန်မာပြည်မှာလည်း မဲနယ်အိုးထဲပြုတ်ကျတဲ့ တောခွေးရှိပါတယ်။ ဒါပေမဲ့ ပုံပြင်ထဲကလိုတော့ တကောင်တည်းမဟုတ်ပါ။ အုံနဲ့ကျင်းနဲ့ အုပ်စုလိုက်ရှိပါတယ်။ ဘယ်သူတွေလဲဆိုရင် စစ်မိစ္ဆာတွေလို့ခေါ်ကြတဲ့ စစ်ခွေးတွေပဲဖြစ်ပါတယ်။ ဗိုလ်နေဝင်း အစပြုလို့ မြန်မာပြည်မှာ အဲ့ဒီစစ်ခွေး‌တွေ ပေါ်လာတာပဲဖြစ်ပါတယ်။ စပေါ်လာကတည်းက အဲ့ဒီစစ်ခွေးတွေဟာ တိုင်းပြည်ကို ဖျက်ဆီးတယ်။ ပြည်သူကို ယုတ်ကန်းတယ်။ သူတို့ကောင်းစားဖို့အတွက်သာ ကြည့်ကြတယ်။ သူတို့ကိုယ်သူတို့ တိုင်းပြည်ကျေးဇူးရှင်အဖြစ် သတ်မှတ်ထားကြတယ်။ အဲ့ဒီလို ဉာဉ်ဆိုး သန္ဓေဆိုး ရှိတဲ့ စစ်ခွေးတွေပဲဖြစ်ပါတယ်။

ဒါပေမဲ့ သူတို့ဟာ အဲ့ဒီ သူတို့ရဲ့ စရိုက်အမှန်ကို အမြဲလိုလိုပြသနေတာတော့ မဟုတ်ပါဘူး။ ပြည်သူနဲ့ နိုင်ငံတကာကို လှည့်စားဖို့ ကြိုးစားလိုတဲ့အခါမှာ‌တော့ မင်းသားရုပ်အဖြစ် ပြောင်းလေ့ရှိတတ်ပါတယ်။ အထူးသဖြင့် အဲ့ဒီစစ်ခွေးတသိုက်ဟာ ပြည်သူ့အစိုးရလက်ထက်မှာ သူတို့ရဲ့ စရိုက်အမှန်ကို အထိုက်အသင့်ဖုံးကွယ်ခွင့်၊ လိမ်ညာခွင့်ရခဲ့ပါတယ်။ ညင်သာပျော့ပျောင်းပြီး လူကို လူလိုဆက်ဆံဖို့ ကြိုးစားခဲ့တဲ့ ပြည်သူ့အစိုးရလက်ထက်မှာ စစ်ခွေးတွေဟာ ဟန်ဆောင်ကောင်းခဲ့ပါတယ်။ အရပ်သားအစိုးရကို ကြည်ကြည်ဖြူဖြူနဲ့ အနာဂတ် မြန်မာပြည်အရေး အလုံးစုံစီမံခွင့် ပေးတော့မယောင် လှည့်ဖျားနိုင်ခဲ့ပါတယ်။ အထူးသဖြင့် ပြည်မက ပြည်သူတွေအနေနဲ့ ရက်စက်ယုတ်မာတဲ့ စစ်ခွေးတွေရဲ့ သရုပ်အမှန်ကို အဲ့ဒီတုန်းက အပြည့်အဝ သဘောပေါက်နားလည်ခြင်း မရှိခဲ့ပါဘူး။

ဒါ​ပေမဲ့.... စစ်ခွေးတွေဟာ သူတို့ဘက်က အသာစီးနဲ့ယှဥ်ပြိုင်ရတဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ သူတို့မှန်းသလို ဖြစ်မလာခဲ့တဲ့အခါ စစ်ခွေးဇာတိ ပြလာပါတော့တယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ဘယ်လိုရလဒ်ပဲ ထွက်ပါစေ၊ ကျနော်တို့က လေးစားလိုက်နာရမှာပါလို့ ရွေးကောက်ပွဲမတိုင်ခင်က စစ်ခွေးခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင် ပြောခဲ့ပေမဲ့  ၂၀၂၀ ရွေးကောင်ပွဲမှာ သူ သမ္မတလုပ်လို့ မရတော့တဲ့အခါ မင်းသားရုပ်ကွာကျ ဘီလူးအစွယ်ပေါ်လာကာ အာဏာထသိမ်းပါတော့တယ်။ ပုံပြင်ထဲကလိုဆို ဘယ်လောက်ပဲ အပေါ်ယံက ဘာတွေ ခြယ်ထားခြယ်ထား အချိန်တန်တော့ ခွေးသဘာဝ အူရတာပဲဖြစ်ပါတယ်။

တိုင်းပြည်အုပ်ချုပ်ခွင့်ကို ၂၀၀၈ ခြေဥအရ မရနိုင်တဲ့အခါ ကြမ်းပေ့၊ ရမ်းပေ့၊ ယုတ်မာပေ့ဆိုတဲ့ စစ်ခွေးအဆက်ဆက် ကျင့်သုံးခဲ့တဲ့ သူတို့ရဲ့‌ အောက်တန်းကျတဲ့နည်းတွေကို ပြန်သုံးကာ စစ်ခွေးတို့ရဲ့ ဇာတိရုပ်ကို ပြသလိုက်ပါတယ်။ နောင်တော့် နောင်တော် စစ်ခွေးအိုကြီးတွေလို တိုင်းပြည်ရဲ့အာဏာကို အကြမ်းပတမ်းနည်းနဲ့ သိမ်းယူခဲ့ပါတယ်။ ပြည်သူ့ခေါင်းဆောင်တွေကို တရားလက်လွတ် ဖမ်းဆီးချုပ်နှောင်လိုက်ပါတယ်။ အဲ့ဒီနည်းနဲ့ စစ်ခွေးဟာ အချိန်ဘယ်လောက်ကြာကြာ ဇာတိရုပ်ကို မပြင်နိုင်ကြောင်း ပြသလိုက်တာပဲဖြစ်ပါတယ်။ အဲ့ဒီလို မတရားသဖြင့် အကြမ်းပတမ်းလုပ်တာကို ပြည်သူတွေက လုံးဝလက်မခံကြပါဘူး။ အဲ့ဒီလို ပြည်သူ့ထောက်ခံမှုလည်း မရတော့တဲ့အခါမှာတော့ အကြမ်းပတမ်းနည်းတွေကို အသုံးပြုပြီး စစ်ခွေးဖြစ်ကြောင်း ဖော်ပြလိုက်ကြပါတယ်။

ပြည်တွင်းက ပြည်သူတွေတင်မက နိုင်ငံတကာရောက် ပြည်သူတွေကရော၊ နိုင်ငံတကာကပါ သူတို့ဘက်မရှိတော့တဲ့အခါ စစ်ခွေးတွေဟာ သူတို့သဘာဝအမှန်ကို ဖော်ထုတ်လိုက်ပါတော့တယ်။ သေဒဏ်ပေးတယ်။ သူတို့ အမြဲတမ်း လိမ်ညာပြောတဲ့ အမျိုး၊ ဘာသာ၊ သာသနာဆိုတာကိုတောင် ပစ်ပယ်ပြီး စစ်ကိုင်းတိုင်းလို၊ မကွေးတိုင်းလို အညာဒေသက လူတွေကိုလည်း သတ်တယ်။ ရက်ရက်စက်စက် အကြမ်းဖက်ပြတဲ့နည်းတွေနဲ့ စစ်ခွေးဟာ စစ်ခွေးသာဖြစ်ကြောင်း ပြသလိုက်ပါတယ်။ ကျောင်းတွေကို အကြမ်းဖက်တာ PDF ပါဆိုပြီး အမြဲတမ်း ပုံဖျက် လိမ်လည်ခဲ့တဲ့ စစ်ခွေးတွေဟာ ပြည်သူတွေရဲ့ ဆန့်ကျင်တော်လှန်မှုကို ပြင်းပြင်းထန်ထန် ခံရပြီးတဲ့နောက်မှာတော့ အပေါ်ယံလိမ်ဆင်တွေကို အကုန်ခွာချကာ လက်ယက်ကုန်းကလို ကလေးသူငယ်တွေပါမချန် ရက်ရက်စက်စက် တုံ့ပြန်သတ်ဖြတ်လိုက်ပါတယ်။ နိုင်ငံတော်ကြီး အေးချမ်းသာယာဖို့၊ ပြည်သူတွေ လုံခြုံဖို့ဆိုတဲ့ အလိမ်အညာ မုသားတွေဟာ တတိုင်းပြည်လုံးက ပြည်သူတွေရဲ့ ဆန့်ကျင်တော်လှန်မှုကို ခံရပြီးတဲ့နောက် ကြက်ပျောက်ငှက်ပျောက် ပျောက်ခဲ့ပါတော့တယ်။

နိဂုံးချုပ်ရရင် အချိန်တွေ ဘယ်လောက်ပဲကြာကြာ စစ်ခွေးဟာ သူ့ရဲ့ဇာတိရုပ်ကို ဖျောက်ဖျက်လို့မရခဲ့ပါဘူး။ ယာယီအားဖြင့်သာ ဖုံးကွယ်လို့ရခဲ့တယ်။ ယာယီအားဖြင့်သာ တခြားသူတွေကို လိမ်လည်လှည့်ဖျားလို့ ရခဲ့ပါတယ်။ ကြောင်ကြာကြာ ရေမငုပ်နိုင်ဆိုသလို စစ်ခွေးတွေဟာလည်း သူတော်ကောင်းယောင် ကြာကြာဆောင်လို့ မရခဲ့ပါဘူး။ တောခွေးဟာ တောခွေးအဖြစ်မှန်ကို မဖုံးကွယ်နိုင်ခဲ့သလို စစ်ခွေးတွေဟာလည်း အချိန်တန်တော့ စစ်ခွေးဟာ စစ်ခွေးဖြစ်ကြောင်း၊ ဒါဟာ ခေတ်အဆက်ဆက် တည်ရှိခဲ့တဲ့ အမှန်တရားဖြစ်ကြောင်းပါ။

တင်ဦး

ကိုးကား-ဆရာကြီးသခင်ကိုယ်တော်မှိုင်း တင်စားပြောပြခဲ့သည့် နိုင်ငံရေး ပုံပြင်များ၊ သခင် ဘမောင်

နှစ်ကာလများစာပေ၊၂၀၁၂၊ဇွန်လ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024