
(၁)
အိမ်အပြင်ဘက်မှာ လရောင်တွေ ခြေတဖက်ချလိုက်ပြီ ထင်ပါရဲ့။
စားပွဲမှာ စာထိုင်ရေးနေခဲ့သလား။ သူ့ကိုယ်သူ ပြန်ငုံ့ကြည့်တယ်။ လက်ထဲမှာ စာရွက်တရွက်။ စာရွက်ပေါ်မှာ လက်ရေးသေးသေးလေးတွေ။ ကွေးကွေးကောက်ကောက် တွန့်လိမ်နေတဲ့ အက္ခရာ အမှတ်အသားတွေ။
သူကတော့ ကဗျာတပုဒ်အဖြစ် ချရေးလိုက်တာပဲ။ အဲဒါ ကဗျာတပုဒ်များလား။ သူက ကဗျာစာသားတွေကို သံသယနဲ့ အသံထွက်ပြီးဖတ်တယ်။ သူ့အသံကို သူ ပြန်ပြီး နားထောင်တယ်။ ဒဏ်ရာအနာတရဖြစ်နေတဲ့ သက်ရှိသတ္တဝါတကောင်ကောင်ရဲ့ ညည်းညူသံကို ကြားလိုက်ရသလိုပဲ။
သူ့အသံကို သူပြန်ပြီး နားထောင်ရင်းက တခြားအသံတခုကို ကြားလိုက်ရတယ်။ သေသေချာချာ အသံကို စစ်ထုတ်ပြီး နားစိုက်တော့ တကယ့်ကို ခွေးအတကောင်ရဲ့ ခြောက်သွေ့တွန့်လိမ်နေတဲ့ အူသံတခု။ သေသေချာချာ ထပ်ပြီး နားစွင့်တယ်။ သူ့စိတ်ထဲမှာ အသေအချာကြားလိုက်ရတဲ့ ခွေးအအူသံက ပျောက်သွားပြန်တယ်။
သူက အသက်ရှူမှုကို အောင့်ထားလိုက်တယ်။ အခန်းကလေးထဲ ဘာသံမှမကြားရတော့။ မဟုတ်ဘူး။ ဘာသံမှ မကြားရတော့ဘူးလို့ သူထင်တာ။ ဒါပေမဲ့ သစ်ရွက်ခြောက်တချို့အပေါ် သစ်ကိုင်းခြောက်တခုအပေါ် နင်းချလာနေတဲ့ ခြေသံတခု။ သူ့အိမ်ကလေးဆီ ဦးတည်လာနေတဲ့ အသံ။ သူ့အနားကို နီးကပ်လာနေတဲ့အသံ။ သူ့ဘေးနားလာပြီးမှ ရပ်တန့်လိုက်တဲ့အသံ။ တစုံတခုက အမှောင်ထုထဲကတဆင့် လရောင်တွေကို ကျိတ်ပြီး စုပ်ယူမျိုချနေတဲ့ အသံ။
သူက စားပွဲဘေးမှာ ထရပ်လိုက်တယ်။ ရေးလက်စ ကဗျာစာရွက်က စားပွဲပေါ်က လျှောကျသွားတယ်။ တံခါးမကြီးဆီ လျှောက်လာလိုက်တယ်။ တံခါးမကြီးကို ဖွင့်လိုက်တယ်။ အိမ်တံစက်မြိတ် အမှောင်ထဲမှာပဲ ရပ်နေလိုက်တယ်။ လရောင်တွေလား...။ သူ့အိမ်ကလေးပေါ်၊ အိမ်ကလေးနဲ့ တောအုပ်ကလေးကို အသက်ဆက်ပေးနေတဲ့ လမ်းကလေးပေါ်။ ပြီးတော့ ဘယ်တော့မှ ခြုံစောင်အမည်းကို ခွါမချတတ်တဲ့ တောအုပ်ကလေးပေါ် လရောင်တွေ နီရဲစီးမျော ကျနေလိုက်တာ။
လရောင်တွေက သူရပ်နေရာ အိမ်တံစက်မြိတ်အနားကိုရောက်တော့ ရပ်တန့်သွားပြန်တယ်။ သူ့ကို ချစ်ခင်စွာ ပူးကပ်ချော့မြှူလိုက်တယ်။ သူ့အနားမှာ ရစ်ဝဲပြီး ဝေ့ဝဲနေလိုက်တယ်။ အနီရောင် လရောင်တွေက သူ့အိမ်ကလေးတဝိုက် လေချွန်သံတွေ ခတ်တိုးတိုး တီးခတ်ရင်း ဝေးသွားလိုက် နီးလာလိုက်။
ညသည် ငြိမ်သက်နေ၏
ငါသည် ဇာတ်ခုံပေါ်၌ ရှိနေသည်
အဝေးမှ ပဲ့တင်သံတွေကြားရ၏
ရှေ့မှာ ငါ ဘာဖြစ်ဦးမလဲ...။
(ပတ်စတာညက်ရဲ့ “ရွာကလေးဇနပုဒ် သို့မဟုတ် လူ့လောကဇာတ်ခုံ” ကဗျာမှ)
သူက အိမ်တံစက်မြိတ် အမှောင်ရိပ်ထဲမှာပဲ တုတ်တုတ်မျှမလှုပ်ဘဲ ရပ်နေတယ်။ သူ့အသံကို သူ ပြန်ပြီးနားထောင်တော့ တိတ်ဆိတ်လွန်းတဲ့ ဆူညံသံတွေကို ကြားနေရတယ်။ လရောင်များကမူ သူ့ကို မတွေ့။ သူ့အနားအထိ ရောက်လာနေသည့်တိုင် လရောင်တွေက သူ့ကို မတွေ့။ ဒါမှမဟုတ် မတွေ့ချင်ယောင်ဆောင်လိုက်ကြတာလား။ သူကမူ လရောင်များကို တွေ့နေရတယ်။ အနီရောင် လရောင်များ။
တောအုပ်တောတန်းစပ်ဆီက သက်ရှိသတ္တဝါတခုခုရဲ့ လှုပ်ရှားမှုကို သူ တွေ့လိုက်ရတယ်။ သူ မျှော်လင့်ထားတဲ့ အရာတခုပေပဲ။ အဲဒီအရာက တောအုပ်အစပ်မှ ထွက်လာကာ လရောင်အောက်မှာ ရပ်လိုက်တယ်။ ပြီးတော့ သူ့နောက်က နောက်ထပ်တခြားသက်ရှိသတ္တဝါ သုံးလေးခု။ ထိုအရာအားလုံး လရောင်အောက်ထွက်ပြီး ရပ်နေကြတယ်။ လမင်းကြီးကို မော့ကြည့်နေကြတယ်။ ပြီးတော့ လည်တိုင်တွေကို ယိမ်းကသလို ဆန့်ထားကြတယ်။
အပြာရောင် ခွေးအအူသံများ တောအုပ်အစပ်မှ ဟူးဟူးရားရား ထပြီး တောက်လောင်လိုက်ကြတယ်။ တောအုပ်ကလေးကလည်း အပြာရောင်ခွေးအအူသံများ နောက်မှ ထက်ကြပ်မကွာလိုက်ပြီး အပြာရောင်သန်းတယ်။ သစ်ရွက်တွေပေါ်က အနီရောင် လရောင်တွေ ကွာကျကုန်ကြတယ်။ သစ်ကိုင်းတွေပေါ်မှာ လရောင်တွေ အပြာရောင် သန်းကုန်တယ်။
တောအုပ်နဲ့ သူ့အိမ်ကလေး အသက်ဆက်ပေးရာ လူသွားလမ်းကလေးပေါ်မှာတော့ လရောင်တွေ ယိမ်းကနေကြဆဲ။ အပြာရောင်နဲ့ အနီရောင်တွေ တခုနဲ့တခု တွန်းကန်ဖက်တွယ်ထားနေကြတဲ့ အခိုက်…။
ည၏ အမှောင်သည် ငါ့ကို ဖုံးလွှမ်းထား၏
အော်ပရာ မှန်ပြောင်းများကဲ့သို့
အမှောင်ထုအားလုံးသည် ငါ့ကို ချိန်ရွယ်ထား၏
အို ...အဖ ဘုရားသခင်
တတ်နိုင်လျှင် ဒီတခါတော့ အကျွန်ုပ်အား သနားတော်မူပါ။
(ပတ်စတာညက်ရဲ့ “ရွာကလေးဇနပုဒ် သို့မဟုတ် လူ့လောကဇာတ်ခုံ” ကဗျာမှ... )
သူက သူ့ရဲ့ “ဒေါက်တာဇီးဗားဂိုး” ဝတ္ထုကြီးထဲက ဇာတ်ဝင်ခန်းတခန်းကို ပြန်တွေးနေမိပြန်တာပါ။ ဒီတုန်းက တော်လှန်ရေးကြီးရဲ့ နှလုံးသားမှာ ဒီလိုပဲ လရောင်တွေ အနီရောင်နဲ့ အပြာရောင် သွန်းခတ်ထားခဲ့တာပဲ။
အဲဒီလရောင်တွေအောက်မှာ သူ့ကဗျာစာရွက်တွေ စားပွဲပေါ်က လွင့်ကျသွားကုန်တာပဲ။ ခွေးအ အူသံတွေကို သူ့အမွေခံအိမ်ကြီးထဲကထွက်ပြီး နားထောင်ခဲ့တာပဲ။ နှင်းတွေက ကမ္ဘာလောကကြီးတခုလုံးကို အဖြူနဲ့အမဲ နှစ်ရောင်ထဲပဲ လိမ်းကျံလိုက်တာပဲ။ သူက တောအုပ်ကလေးရဲ့အစပ် လမင်းကြီးကို မော့ကြည့်ရင်း အူသံတွေပေးနေတဲ့ ခွေးအတွေကို သည်လိုပဲ ရပ်ကြည့်ခဲ့တာပဲ။ ပြီးတော့ ခွေးအတွေကို လေသံတိုးတိုးနဲ့ လက်တဖက်မြှောက် အသံပြုပြီး တောအုပ်ထဲကို ပြန်မောင်းခဲ့တာပဲ။ ခွေးအတွေကလည်း တောအုပ်ထဲကို အသာအယာ ပြန်ဝင်သွားကြတာပဲ။
အဲဒီအချိန်တုန်းကများ လရောင်တွေက အနီရောင်ကို ချွတ်ချလိုက်ကြဖို့ ကြိုးစားနေကြတာ။ အပြာရောင်နဲ့ အစိမ်းရောင်။ ပြီးတော့ လစိမ်း။ နှင်းစိမ်း။ လမ်းသွယ်အစိမ်း။
(၂)
ငြိမ်သက်တိတ်ဆိတ်နေတဲ့ ဒွန်မြစ်ကတော့
ငြိမ်သက်တိတ်ဆိတ်စွာပဲ စီးဆင်းနေတယ်။
သူက ဦးထုပ်ကို တစောင်းတရွဲ့ဆောင်းလျက် သွားနေခဲ့တယ်
အဝါရောင်လရောင်တွေက အရိပ်တွေကို ကြည့်လျက်။
ဒီမိန်းမ ဖျားနာလျက်
ဒီမိန်းမ အထီးကျန်လျက်။
ခင်ပွန်းဖြစ်သူက အုတ်ဂူထဲမှာ
သားက အကျဉ်းထောင်ထဲမှာ
ကျမအတွက် ကောင်းချီးပေးတော်မူပါ။
(အက်ခ်မာတော်ဗာရဲ့ “နိဒါန်း” ကဗျာမှ...)
သူက “အက်ခ်မာတော်ဗာ” ရဲ့ ကဗျာတပိုဒ်ကို စိတ်ထဲက ရွတ်ဆိုနေမိတယ်။ အခုလို သားရဲတိရစ္ဆာန်တွေ ခြောင်းမြောင်းစောင့်ကြည့်တာ ခံရတဲ့အခိုက် အက်ခ်မာတော်ဗာရဲ့ အထီးကျန်ခြင်းကို ကိုင်းကူးကြည့်တယ်။ ဒါပေမဲ့ မတူပါဘူး။ အက်ခ်မာတော်ဗာက လူတွေအများကြီးကြားထဲမှာ ထိုင်နေရင်းက အထီးကျန်ဖြစ်ခဲ့တာ။ သူကတော့ မော်စကိုမြို့နဲ့ မနီးမဝေး ရွာကလေးတရွာရဲ့ထိပ် တောအုပ်ကလေးတခုဘေးက ထင်းရှူးအိမ်ကလေးထဲမှာ တယောက်တည်း။
အထီးကျန်ခြင်းကို ရေးဖွဲ့တဲ့အခါ တချိန်တုန်းကတော့ သူက သင်္ကေတဝါဒီတွေကို သိပ်သဘောကျတာပေါ့။ သင်္ကေတတွေထဲကတဆင့် အထီးကျန်မှုကို တူးယူရတာ တကယ့်ကို ရသမြောက်တယ်လို့ ထင်ခဲ့တာ။ တခါတလေ သင်္ကေတဝါဒနဲ့ အနာဂတ်ဝါဒကြား ဗျာများနေတတ်တဲ့ “မာယာကော်စကီး”ရဲ့ ကဗျာတွေထဲမှာ အထီးကျန်မှုကို သင်္ကေတတွေနဲ့ ဖော်ပြထားတာ သူဖတ်ဖူးတယ်။ ဒါပေမဲ့ “မာယာကော်စကီး” က အထီးကျန်ခြင်းကို အလံတော်တခုအောက်မှာ ရပ်ပြီးမှ ရေးဖွဲ့ခဲ့တာပဲ။ ဒါလည်း သူ့ရဲ့ အထီးကျန်ခြင်းတမျိုးပဲ ဖြစ်ပေမပေါ့လို့ သူတွေးခဲ့ဖူးတယ်။ မာယာကော်စကီးဆိုတာက အထီးကျန် ရဲဘော်ကြီးပေါ့။ ပစ္စည်းမဲ့ အထီးကျန်ရဲဘော်ကြီးပေါ့။
ကဗျာဆရာမ “အက်ခ်မာတော်ဗာ” ကတော့ ဘဝနဲ့ရင်းပြီးမှ ရလိုက်တဲ့ အထီးကျန်ခြင်းကို သင်္ကေတတွေ နိမိတ်ပုံတွေနဲ့ အားမယူဘဲ ရိုးရိုးရှင်းရှင်းပဲ ရေးပြလိုက်တယ်လေ။ ဒီတော့မှပဲ နိမိတ်ပုံနဲ့ အထီးကျန်ခြင်းကိုဖွဲ့ရင် တခါတလေ ရိုးဂုဏ်ပျောက်သလိုဖြစ်တာကို သူ ဒက်ကနဲ သိလိုက်ရတယ်။ ဒါကြောင့် အခုလို အထီးကျန်ဖြစ်နေတဲ့အခိုက် အက်ခ်မာတော်ဗာရဲ့ ကဗျာတပိုဒ်ကို သူ ပိုပြီး ခံစားလို့ရနေတာများလား။ အေးလေ..။ အက်ခ်မာတော်ဗာရဲ့ ခင်ပွန်းက အုတ်နံရံတခုကို ကြောပေးပြီးရပ်နေတဲ့ အလုပ်သမား ၁၆ ယောက်ထဲက လူတယောက်ပေပဲ။ ရင်ဝကို သေနတ်ကျည်ဆန်တွေ ဖောက်ဝင်သွားခံရတဲ့ လူတယောက်ပေပဲ။ သားဖြစ်သူကတော့ မိဘမဲ့ကလေးဂေဟာတခုမှာ အငတ်ဘေးဆိုက်ပြီး သေဆုံးခဲ့ရတာပဲ။
သူ့ကြတော့ အက်ခ်မာတော်ဗာနဲ့ မတူတဲ့အချက်က တိုင်းပြည်လည်းဆုံး ဘဝလည်းဆုံးတဲ့ သဘောများလား။ သူ့ကို တိုင်းပြည်က လက်မခံတော့ဘူးလို့ ပြောနေတာတွေဟာ တကယ်ပဲလား။ ဒီလိုဖြစ်နိုင်ပါရဲ့လား။ ဖြစ်ကော ဖြစ်သင့်ရဲ့လား။
ငါကား တောသတ္တဝါတကောင်လို
ထောင်ချောက်ထဲ ကျခဲ့ပြီ
တခြားနေရာမှာတော့ အလင်းရောင်တွေ လူတွေ
လွတ်လပ်မှုတွေ ရှိလေရဲ့။
ငါမှာတော့ နောက်ကလိုက်နေတဲ့အသံတွေ ကြားရ
ဘယ်လိုမှ လွတ်လမ်းမမြင်ပါလား...။
(ပတ်စတာညက်ရဲ့ “နိုဗယ်ဆု” ကဗျာမှ...။)
အစ်စဗက်ရှားသတင်းစာထဲမှာ သူနဲ့ပတ်သက်တဲ့သတင်း။ လူ ၁၅,၀၀၀ ကျော်တက်တဲ့ လူထုအခမ်းအနားမှာ သူ့ကို လူတွေ တယောက်ပြီးတယောက် စင်ပေါ်တက် ရှုတ်ချခဲ့ကြတယ်ဆိုပဲ။ ကွန်မြူနစ်လူငယ်အဖွဲ့ဝင် လူငယ်တယောက်က သူ့ကို ပြည်နှင်ဒဏ်ပေးဖို့ တောင်းဆိုခဲ့ဆိုပဲ။ ဆိုဗီယက်စာရေးဆရာများသမဂ္ဂ အတွင်းရေးမှူး အလက်ဇီ စာခေါ့ကဆိုရင် သူ့ကို “ပတ်စတာညက်ဟာ ကျနော့်ရဲ့ အတွေးအခေါ်ဆိုင်ရာ ရန်သူဖြစ်တယ်” ဆိုတဲ့ အသုံးအနှုန်းမျိုးကို သုံးပြီးမှ ရန်လုပ်ခဲ့တာပဲ။ သတင်းစာတွေထဲမှာ သူ့ကို “ကိုယ်အစာစားတဲ့နေရာကို ညစ်ပတ်စေတဲ့ ဝက်မျိုး” ဆိုတဲ့ စကားလုံး အသုံးအနှုန်း တွေနဲ့ ဆောင်းပါးတွေ ဆက်တိုက်ပါနေခဲ့တာပဲ။
ဆိုဗီယက်ကမ္ဘာမှာ လူထုအခမ်းအနားတွေလုပ်တာ မဆန်းပါဘူး။ နယ်ချဲ့သမား အရင်းရှင်ကမ္ဘာကို မရေမတွက်နိုင်တဲ့ လူထုအခမ်းအနားတွေနဲ့ ဟောပြောရှုတ်ချကြတဲ့ကိစ္စက သတင်းမှမဟုတ်တာပဲ။ အခုလည်းပဲ အရင်းရှင်ကမ္ဘာရဲ့ ပဉ္စမံတဦးအဖြစ် သူ့ကို ဆန့်ကျင်ရှုတ်ချတဲ့ပွဲတွေကို ဆိုဗီယက်စာရေးဆရာများသမဂ္ဂက ဒါမှမဟုတ် ဒေသဆိုင်ရာ ပါတီအာဏာပိုင်တွေက ကမကထလုပ်ပြီး ကျင်းပတာဖြစ်တယ်ဆိုတာ သိနေလေတော့ သူက မချိပြုံး ပြုံးမိတော့တာပေါ့။ ပြီးတော့ အစ်စဗက်ရှားသတင်းစာထဲမှာ နေ့စဉ်ရက်ဆက်ပါနေတဲ့ ဆောင်းပါးတွေက ကေဂျီဘီ စိတ်ဓာတ်စစ်ဆင်ရေးဌာနက ထောက်လှမ်းရေးတွေ နာမည် တမျိုးတည်းသုံးပြီး အလှည့်ကျရေးနေကြတာပဲဆိုတာ သူသိနေတာပဲ။
မှန်တယ်။ စာပေနိုဘယ်ဆု သူ့ကိုချီးမြှင့်တဲ့အကြောင်း ဆွီဒင် နိုဘယ်ကော်မတီက ကမ္ဘာကြီးကို ကြေညာလိုက်စဉ်တုန်းက သူက “အလွန်အကျူးကျေးဇူးတင်၊ ဂုဏ်ယူအံ့သြဝမ်းမြောက်၊ တွေဝေစိတ်ရှုပ်ထွေး” ဆိုတဲ့စကားကို ကြေးနန်းနဲ့ အကြောင်းပြန်ခဲ့တာ မှန်တယ်။ အဲဒီအကြောင်းပြန်စာထဲမှာ “ဂုဏ်ယူ ဝမ်းမြောက်” ဆိုတဲ့ စကားအပြင် “တွေဝေ စိတ်ရှုပ်ထွေး” ဆိုတဲ့စကား သူ အစောကြီးကတည်းက ထည့်ပြောခဲ့တာပဲ။ သူ့ရင်ထဲမှာရှိတဲ့အသိက သူမမှားဘူး ဆိုတဲ့အချက်။ ပြီးတော့ ဒီကိစ္စကြောင့် ဖြစ်လာရတဲ့ ဂယက်ကို သူ ခံစားနိုင်စွမ်းမရှိဘူး ဆိုတဲ့အချက်။ ဒီအချက်နှစ်ချက်ဟာ သူသေဆုံးသွားတဲ့အချိန်အထိ သယ်ဆောင်သွားရတော့မယ့် ရင်ထဲက အသိတွေပဲလေ။
သူ့နားထဲ ခွေးအတွေရဲ့ခြေသံ ကြားလာရပြန်ပြီ။ အခန်းထဲမှာ တယောက်တည်း လမ်းလျှောက်ရင်း စားပွဲမှာထိုင်ရင်း အထီးကျန်ငှက်တကောင်ရဲ့ ဒဏ်ရာရပုံပြင်ကို သူ ပြန်လည်ခံစား နာကျင်နေခဲ့တာ အချိန်တွေ ဘယ်လောက်ကြာသွားခဲ့ပြီလဲ။ နားထဲမှာ ကြားလာရတဲ့ ခွေးအတွေရဲ့ခြေသံကြောင့် သူ့အတွေးတွေ ရပ်တန့်သွားရပြန်တယ်။ သစ်ရွက်ခြောက်တွေ သစ်ကိုင်းခြောက်တွေပေါ် ဖိနင်းလျှောက်လာနေတဲ့ ခွေးအတွေရဲ့ ခြေသံတွေကို သူ ကောင်းကောင်းကြားနေရပြန်ပြီ။
(၃)
အိမ်ကလေးရဲ့ အပြင်ဘက်မှာ လရောင်တွေ ကခုန်နေကြလောက်ရောပေါ့။ ဝက်သစ်ချ တောအုပ်ကလေးထဲမှာ ခွေးအတွေ စုဝေးနေကြလောက်ရောပေါ့။ အခုရက်ပိုင်းအတွင်း ခွေးအတွေရဲ့ အသက်ရှူသံတွေ၊ သွားအချင်းချင်း ကြိတ်ချေတဲ့အသံတွေ၊ လက်သည်းသွေးတဲ့ အသံနဲ့ အမွေးခါတဲ့ အသံတွေကို သူ ဘယ်နေရာရောက်ရောက် နားထဲမှာ ကြားနေခဲ့ရတယ်။ သူ့နောက်က သစ်ပင်တပင်ရဲ့ နောက်ကွယ်မှာ၊ သူလမ်းလျှောက်လာရာ လမ်းဘေးက အိမ်တအိမ်ရဲ့ မှန်ကာပြတင်းတခုရဲ့နောက်မှာ အရိပ်တွေ ရွေ့လျားနေတာကိုလည်း သူ သတိမပြုဘဲ နေလို့မရလောက်အောင် ထင်ရှားသိသာလာနေခဲ့တယ်။
အခုလို လသာတဲ့ရက်တွေမှာ ခွေးအတွေရဲ့ခြေသံက အဝေးကြီးကတည်းက ကြားနိုင်တာပဲ။ အခုပဲ သစ်ကိုင်းခြောက်တခု ကျိုးသွားတဲ့အသံ၊ သစ်ရွက်ခြောက်တခု ကြေမွသွားတဲ့အသံကို သူကောင်းကောင်းကြားလိုက်ရတာပဲ။ ဒါဆိုရင် သူ့အဖို့ အိမ်ကလေးရဲ့ အပြင်ဘက်ကို ထွက်ရလိမ့်ဦးမယ်။ အိမ်ကလေးရဲ့ တံစက်မြိတ်အောက် အမှောင်ရိပ်မှာ ရပ်နေရဦးမယ်။ ဝက်သစ်ချတောအုပ်ထဲက ထွက်လာကြတဲ့ ခွေးအတွေကို စောင့်ကြည့်ရဦးမယ်။ ခွေးအတွေက လမင်းကြီးကို မော့ကြည့်ပြီး ဆွဲဆွဲငင်ငင် အူလိုက်တဲ့အသံတွေကို စောင့်ကြည့် နားထောင်ရလိမ့်ဦးမယ်။ ပြီးတော့ သူက ခွေးအတွေကို မောင်းထုတ်ရပါလိမ့်ဦးမယ်။
မကောင်းမှု တခုခုကို ငါ ပြစ်မှု ကျူးလွန်ခဲ့ပါသလား
ငါဟာ လူသတ်သမားလား လူဆိုးလား
ဘာ့ကြောင့်လဲဆို ငါဟာ ကမ္ဘာကြီးတခုလုံးကို ငိုစေခဲ့ပြီ
ငါ့တိုင်းပြည်မှာ လှပတဲ့အကြောင်း ရေသားတင်ပြခဲ့လို့ပဲပေါ့။
(ပတ်စတာညက် ရဲ့ “နိုဘယ်ဆု” ကဗျာမှ...)
အခန်းထဲမှာ စန္ဒရားသံသဲ့သဲ့ ကြားနေရတယ်။ ဒါဟာ မိခင်ဖြစ်သူရဲ့ ရင်ခုန်သံပဲ။ မိခင်ရဲ့ စန္ဒယားလက်သံဟာ တကယ်တော့ သူ့ရဲ့ ကမ္ဘာဦးဂီတပဲ။ ဒီကမ္ဘာဦးဂီတနဲ့ သူ ကခုန်ခွင့်မရတော့တာ ကြာခဲ့ပြီလေ။ နောင်မှာကော ကခုန်ခွင့် ရနိုင်ပါဦးမလား။
မိခင်ကတော့ စန္ဒရားကို လက်နဲ့တီးခတ်နေတာ မဟုတ်ဘူး။ စိတ်နဲ့တီးခတ်နေတာ။ စိတ်နဲ့ လက်ကွက်တွေစမ်းနေတာ။ မျက်ရည်တွေကို စန္ဒယားသံနဲ့ ရောဖျော်နေတာ။ ပေါက်ကွဲမှုတွေကို စန္ဒယားသံနဲ့ ထုပ်ပိုးနေတာ။ မိခင်ရဲ့နောက်က တကောက်ကောက်လိုက်ပါရင်း အော်ပရာကဇာတ်ရုံကြီးတခုရဲ့ ထိုင်ခုံတခုပေါ်မှာထိုင်ရင်း သူ့အမေက သူ့ကို စန္ဒယားလက်သံ နားထောင်နေစေခဲ့တာ။ ဒီလို အနုပညာ ဝတ်မှုန်ကူးမှုမျိုးကို သူက ငယ်စဉ်ကတည်းက ယဉ်ပါးခဲ့တာပဲ။ သူ့လက်ထက်ကြမှ သူ့မိခင်ထက်ပိုတဲ့ အားထုတ်ချက်က သူက ကဗျာတွေထဲမှာ ခေတ်ကြီးတခုလုံးထည့်ပြီး ဒွန်မြစ်ကြီးကို ပြောင်းပြန် လှော်ခတ် စုန်ဆင်းလိုက်တဲ့ အချက်ပါပဲ။ အခုလို အချိန်မျိုးမှာ သူ့အပေါ် သူ့အားထုတ်ချက်အပေါ် ကွက်တိ နားလည်နိုင်သူ မိခင်ကို သူ တမ်းတနေမိတယ်လေ။ သူ့မိခင်ကို သူ့ကဗျာတွေဖတ်ပြပြီး ကမ္ဘာကြီးရဲ့ အကြင်နာခန်းခြောက်မှုကို သူက နာနာကြည်းကြည်း ရင်ဖွင့်ပြလိုက်ချင်တာပေါ့။
ငါဟာ သဘာဝတရားရဲ့ သနားဖွယ့်ပုဂ္ဂိုလ်
ငါဟာ ကောင်းကင်တော်ရဲ့ ဗလာကိုယ်တီး
ပြီးတော့
ငါ့ရဲ့လွတ်မြောက်မှုက
သန်းခေါင်ငှက်ရဲ့မြည်သံနဲ့တူတဲ့ သံစဉ်လှိုင်း...။
(အိုစစ်မင်ဒယ်လ်စတန်း ရဲ့ “တိတ်ဆိတ်ခြင်း” ကဗျာစုမှ...)
ဒီလိုအချိန်မျိုးမှာ ကဗျာဆရာတွေဖြစ်ကြတဲ့ “အိုစစ် မင်ဒယ်လ်စတန်း” နဲ့ “မာရီနာ စဗက်ထရေဗါ” တို့ကိုလည်း အားကိုးတကြီး တမ်းတမိပြန်တယ်။
ဆိုက်ဗေးရီးယား မဲဇာတောကြီးကို ဖြတ်သန်းမောင်းနှင်လာတဲ့ ရထားတစင်းပေါ်မှာ လူတယောက် အသက်ငင်နေတယ်။ သူ့ဘေးမှာ အလုပ်ကြမ်းစခန်းကို အပို့ခံရတဲ့ အလုပ်သမားတွေ စက်ရုပ်တွေလို ဝိုင်းစုထိုင်ရင်း သူ့ကို ငုံ့ကြည့်နေကြတယ်။ အမိုးမပါတဲ့ ရထားတွဲပေါ်မှာ လေနဲ့နှင်းက မြားအစင်းပေါင်းများစွာနဲ့ ပစ်ခွင်းနေခဲ့တယ်။ လူတွေ တယောက်နဲ့တယောက် တိုးကပ်ထားရင်း အစာငတ်ရေငတ်ဒဏ်ကို တောင့်ခံထားကြရတယ်။ မကြာခင်မှာပဲ လူတယောက် သေဆုံးသွားခဲ့တယ်။ လူတယောက်ရဲ့အလောင်းကို ရထားတွဲပေါ်က တွန်းချလိုက်ကြတယ်။ အရှိန်နဲ့ပြေးနေတဲ့ ရထားတွဲတွေက နောက်ထပ် မသေမရှင် အသက်ငင်နေတဲ့လူတွေကို သယ်ဆောင်ရင်း ထင်းရှူးတောတခုကို ဖြတ်မောင်းသွားနေခဲ့တယ်။
“မင်ဒယ်လ်စတန်းရေ ကျနော်က ခင်ဗျားထက် ကံကောင်းတယ်လို့ ဆိုရမလား၊ ဘာပြုလို့လည်း ဆိုတော့ ခင်ဗျားက ရထားတွဲပေါ်မှာ အစာငတ်ရေငတ်ပြီး သေခဲ့ရတယ်။ ကျနော်ကတော့ ကျနော့်ရဲ့အိမ်ကလေးထဲမှာ ခွေးအတွေ စောင့်ကြည့်တာခံရင်း ကျနော့်ရဲ့ နောက်ဆုံးအချိန်ကို စိတ်မရှည်နိုင်စွာ စောင့်နေခဲ့ရတာ”
ငါ
ကောင်းကင်တော်ရဲ့ ဧည့်သည်တစ်ဦးအဖြစ်နဲ့
သင့်နိုင်ငံကို အလည်ရောက်လာခဲ့
အိပ်စက်ခြင်းမရှိတဲ့ တောအုပ်များကို ငါတွေ့ခဲ့
ပြီးတော့
ကွင်းပြင်တွေထဲ ငါ အိပ်စက်ခဲ့။
(မာရီနာ စဗက်ထရေဗာ ရဲ့ “အင်ဆိုမီနာ” ကဗျာစုမှ...)
“မာရီနာ စဗက်ထရေဗာ” ကတော့ ကျနော့်ကို နောင်ဘဝကနေ စောင့်နေလောက်ရောပေါ့။
အဲဒီမနက်က ထုတ်တန်းပေါ် ကြိုးစကို ပစ်မတင်ခင်၊ ခင်ဗျားလည်း ကဗျာတွေ ရွတ်သွားခဲ့သေးတာပဲမို့လား။ ခင်ဗျားရဲ့ အချစ်ဆုံးရန်သူဖြစ်တဲ့ မာယာကော်စကီးရဲ့ ကဗျာတွေကို ခင်ဗျားတွေးနေခဲ့တာပဲမို့လား။ ခင်ဗျားရယ် ကျနော်ရယ် အိုစစ်မင်ဒယ်လ်စတန်းရယ် ပြီးတော့ အက်ခ်မာတော်ဗာရယ် ကျနော်တို့ ဘယ်အတိုင်းအတာအထိ နီးကပ်ခဲ့ကြသလဲ။ အက်ခ်မာတော်ဗာက “ကျမတို့လေးယောက်” ဆိုတဲ့ အသုံးအနှုန်းမျိုးနဲ့ ဆိုဗီယက်ကမ္ဘာကြီးထဲက “ကြီးလေးကြီး” ကို ဟစ်ကြွေးဂုဏ်ပြုခဲ့တာ။ အခုတော့ စဗက်ထရေဗာရေ ကျနော်နဲ့ခင်ဗျား ပြန်ဆုံကြအုံးစို့...။
ဘယ်အချိန်က စန္ဒယားသံတွေပျောက်ပြီး ခြေသံတချို့ သူ့အနားကို ရောက်လာခဲ့တာလဲဆိုတာ သူ သတိမပြုလိုက်နိုင်ဘူး။ သူ့ညာဘက်ရင်အုံထဲက စူးစူးဝါးဝါးနာကျင်မှုက သူ့ကို တန်ပေါင်းများစွာ လေးလံတဲ့ဖိအားနဲ့ နင်းဖိထားသလို ခံစားနေရပြန်တယ်။ သူက ညာဘက်လက်ကို ဆကြည့်တယ်။ လက်က ဆကြည့်လို့ မရတော့ဘူး။ သူက နှစ်မြို့စွာ ပြုံးလိုက်မိပါတယ်။
ထိုစဉ်မှာပဲ သစ်ရွက်ခြောက်တချို့ ကြေမွသွားတဲ့အသံကို သူကြားရတယ်။ သစ်ကိုင်းခြောက်တခု ဖျောက်ကနဲ ကျိုးပဲ့သွားတဲ့အသံ သူကြားရတယ်။ ခွေးအတွေ သူ့အိမ်ကလေးဆီ လာနေကြပြီလား။ ခြေသံတွေက နှေးကွေးလွန်းစွ။ လာကြလေ..။ ငါ မင်းတို့ကို စောင့်နေခဲ့တာပဲ။ ဒီတခါတော့ ငါ မင်းတို့ကို မောင်းမထုတ်တော့ဘူးလို့ ဆုံးဖြတ်ထားတယ်....။
သူက အိပ်ယာပေါ်မှာ လဲလျောင်းရင်း မနိုးတဝက် နိုးတဝက် ဖြစ်နေတဲ့အချိန် အိမ်ကလေးရဲ့ အပြင်ဘက် မလှမ်းမကမ်း ဝက်သစ်ချတောအုပ်ကလေးထဲကတဆင့် ခွေးအတွေက တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့ကြပါတယ်။
နှင်းတွေက တောအုပ်ကလေးပေါ် တဖွဲဖွဲ။ လရောင်တွေက အိမ်ကလေးရဲ့ ခေါင်မိုးပေါ် အိမ်ကလေးရဲ့ တံစက်မြိတ်ပေါ် အိမ်ကလေးရဲ့ ပြတင်းပေါက် ဘောင်တွေပေါ် ခြေသံဖွပြီး လမ်းလျှောက်လာနေကြပါတယ်။
(၄)
၁၉၆၀ ခု၊ မေလ ၃၀ ရက်...။
မြို့တော် မော်စကိုနဲ့မနီးမဝေး “ပါရီ ဒယ်ခီနို” ဆိုတဲ့ ရွာကလေးမှာ လူတွေ လှုပ်လှုပ်ရွရွ ဖြစ်နေကြပါတယ်။
တကမ္ဘာလုံးက ရောက်လာတဲ့ ဝမ်းနည်းကြေကွဲခြင်း ကြေးနန်းစာတွေကို ကြေးနန်းစာရေးတယောက်က ပါရီ ဒယ်ခီနိုရွာကလေးဆီ အပြေးအလွှား လာပို့နေပါတယ်။
ဆိုဗီယက်ယူနီယံကြီးရဲ့ စာပေနိုဘယ်ဆုရှင် ကဗျာဆရာ စာရေးဆရာ “ဘောရစ်စ် ပတ်စတာညက်” ဟာ ဒီကနေ့မနက်ပိုင်းမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ တိတ်ဆိတ်ငြိမ်သက်နေတဲ့ ရွာထိပ်က ဝက်သစ်ချအိမ်ကလေးဆီ ရွာသားတွေ လေးလံတဲ့ ခြေလှမ်းတွေနဲ့ နှင်းတွေထဲ ဒရွတ်ဆွဲပြီး လျှောက်လာနေကြပါတယ်။ အိမ်နဲ့မနီးမဝေး တောအုပ်ကလေးထဲက ခွေးအတွေက အစွယ်တဖွေးဖွေးနဲ့ မာန်ဖီပြီး လူတွေကို စောင့်ကြည့်နေကြပါတယ်။
အိမ်ကလေးပေါ်နဲ့ တောအုပ်ကလေး ဆက်သွယ်ထားတဲ့ လူသွားလမ်းကလေးပေါ် နှင်းတွေကတော့ ဖွဲဖွဲနွဲ့နွဲ့ ကျနေဆဲပါပဲ။ ။
ငြိမ်းဝေ(ကဗျာ့အိုးဝေ)
မှီငြမ်း
(၁) ရနံ့သစ်၊ အမှတ် ၄၉၉ စာမျက်နှာ ၈၉၊ ဒေါက်တာမောင်မောင်ညို ရဲ့ ရုရှားစာရေးဆရာကြီး “ဘောရစ်ပတ်စတာနတ်၏ ကဗျာများ” ဆောင်းပါး
(၂) ၂၀၁၀ ဖေဖော်ဝါရီလထုတ် ရနံ့သစ်မဂ္ဂဇင်း၊ မင်းကျော်သက်ရဲ့ “ဒေါက်တာဇီးဗားဂိုးနှင့် ခရူးရှက် မှတ်မိသမျှ” ဆောင်းပါး
(၃) Selected Poems : Anna Akhmatova
(၄) Selected Poems : Marina Tsvetayeva
(၅) The Eyesight of Wasps : Osip Mandelstan