
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် မစ္စတာရှောင်တာနယ်လ်တို့ကို နေပြည်တော်အချုပ်ထောင်တွင်း စစ်ကောင်စီတရားရုံးက စက်တင်ဘာ ၂၉ ရက် ဒီနေ့ရုံးချိန်းမှာ ထောင်ဒဏ် ၃ နှစ်စီချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေကအတည်ပြုပါတယ်။
ဒါအပြင် အမှုတွဲအဖြစ်တရားစွဲဆိုခံထားရတဲ့ ဦးစိုးဝင်း(စီမံ/ဘဏ္ဍာ ဝန်ကြီးဟောင်း)၊ ဦးဆက်အောင်(စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီးဟောင်း)နဲ့ ဦးကျော်ဝင်း(စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း) တို့အားလုံးကိုလည်း ထောင်ဒဏ် ၃ နှစ်စီချမှတ်လိုက်ပါတယ်။
"၅ယောက်စလုံးကို ၃နှစ်စီချမှတ်လိုက်တာပါ" လို့တရားရုံးနဲ့နီးစပ်သူတစ်ယောက်ကပြောပါတယ်။
စစ်တပ် အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီက မစ္စတာရှောင်တာနယ်လ်ကို စစ်ကောင်စီက လ.ဝ.က အက်ဥပဒေ၊ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃-၁(ဂ)တို့နဲ့တရားစွဲခဲ့ပြီး ဒီနေ့ရုံးချိန်းမှာ လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မအတွက် အပြီးသတ်အမိန့်အဖြစ် ထောင်ဒဏ် ၃နှစ်စီ ချမှတ်ခဲ့တာဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံအစိုးရက မစ္စတာရှောင်တာနယ်လ်ကိုပြန်လွှတ်ပေးဖို့ အကြိမ်ကြိမ်တိုက်တွန်းတောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီက အခုလိုပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။
မစ္စတာ ရှောင်တာနယ်လ်ကို ၂၀၂၁ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ စစ်ကောင်စီက ထိန်းသိမ်းခဲ့ပြီး ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပါ ပုဒ်မ ၃ (၁) နဲ့ စတင်တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ မစ္စတာရှောင်တာနယ်လ်ကို ရန်ကုန် အင်းစိန်ထောင်ကနေ နေပြည်တော်အချုပ်ထောင်ကိုပြောင်းရွှေ့ချုပ်နှောင်ခဲ့ပြီး နေပြည်တော်အကျဉ်းထောင်အရောက်မှာ ထောင်ဒဏ် ၅နှစ်အထိချမှတ်နိုင်တဲ့ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေနဲ့ စစ်ကောင်စီက ထပ်မံတရားစွဲဆိုခဲ့ပါတယ်။
၂၀၂၂ ဇွန်လအထိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုခဲ့တဲ့အမှုစုစုပေါင်း ၁၉မှုရှိခဲ့ပြီး အဲ့ဒီအထဲက ၁၁မှုအတွက် စစ်ကောင်စီတရားရုံးက ကနဦး ထောင်ဒဏ် အနှစ်၂၀ ချမှတ်ထားပါတယ်။
အခုမစ္စတာရှောင်တာနယ်အမှုနဲ့ဆိုရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ချမှတ်ခံရတဲ့ထောင်ဒဏ်ဟာ ၂၃ နှစ်အထိရှိလာပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ရဟတ်ယာဉ်ဝယ်ယူမှုနဲ့ပတ်သက်တဲ့အဂတိအမှု ၅မှု၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်တဲ့အဂတိအမှု ၂မှု၊ စုစုပေါင်း ၇မှုကို ရင်ဆိုင်ဖို့ကျန်နေပါသေးတယ်။