DVB Logo
Home
Lead Story
သာဝရဲ့ ရွေးကောက်ပွဲ ဝေဝါးနေဆဲ
DVB
·
September 28, 2022
သာဝရဲ့ ရွေးကောက်ပွဲ ဝေဝါးနေဆဲ
Donate to DVB

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတဲ့ ဒီအသုံးအနှုန်းကို မြန်မာပြည်သူတွေ ရင်းနှီး သိကျွမ်းလာတာ စစ်အုပ်စုအတွက် မရဏစိန်ခေါ်သံပါပဲ။

၂၀၁၀ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဒီလိုပဲ ခေါင်းစဉ်တပ်ခဲ့တယ်။ လွပ်လပ်ပြီး တရားမျှတလား၊ မမျှတလား ပြည်သူတွေထက် ကာယကံရှင်တွေက ပိုသိပါလိမ့်မယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (အဲမှားလို့) အသင်းမဟုတ်ဘူး၊ ပါတီ၊ အရပ်ခေါ်တော့ ကြံ့ဖွတ်ပါတီပေါ့ဗျာ၊ ၂၀၁၀ မှာ အနိုင်ရပြီး ဘဘစိန် (ဦးသိန်းစိန်) က သမ္မတဖြစ်ပြီး တိုင်းပြည်အုပ်ချုပ် မင်းလုပ်ခဲ့ပါတယ်။ တကယ်တော့ စစ်အုပ်စုက ဒီမိုကရေစီရဲ့ အနှစ်သာရကို အတွင်းကျကျ မသိဘူးဗျ။ မသိဆို ဒီမိုးကရေစီးတယ်လို့တောင် ပျက်ရယ်ပြုခဲ့ကြသေးတယ်။ အဲ့ဒီလို မသိနားမလည်လို့ သူ့သမ္မတ ၅ နှစ်သက်တမ်းမှာ အဓိကပြိုင်ဘက် NLD ကို မှေးမှိန်အောင် မလုပ်နိုင်ခဲ့ဘူး။ လွှတ်တော်ထဲမှာ မယှဉ်သာတဲ့ အင်အားနဲ့ NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တော်တွေက ရဲရဲဝံ့ဝံ့ အားပြိုင်ခဲ့ကြတယ်။ တပ်မတော်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးတွေဟာ ၂၅ ရာခိုင်နှုန်း အားသာထားတာတောင် လွှတ်တော်အတွင်း အဆိုတင်သွင်းတာတွေ၊ ကန့်ကွက်တာတွေ NLD ပါတီလောက် အားမကောင်းခဲ့ဘူး။ ၂၅ ရာခိုင်နှုန်းရထားတဲ့ အစိမ်းရောင် လွှတ်တော်ကိုယ်စားလှယ်တော်ကြီးတွေ လွှတ်တော် ၅ နှစ်သက်တမ်းမှာ အဆိုတင်သွင်းတာ အင်မတန်နည်းပါးခဲ့သလို အဆိုမတင်ဘူးတဲ့သူတောင် ရှိခဲ့တယ်လို့ သတင်းတွေမှာ တွေ့လိုက်မိပါတယ်။ အဲ့ဒါ ဒီမိုကရေစီကို သူတို့ နားမလည်တာပဲ။ နားလည်တဲ့ NLD ပါတီက တိုင်းပြည်ရဲ့ လိုအပ်ချက်တွေကို ဝေဝေဆာဆာ မြိုင်မြိုင်ဆိုင် ငြင်းခုံရင်း တွန်းတိုက်ရင်းနဲ့ ဒီမိုကရေစီရဲ့ အရသာကို ပြည်သူတွေ မြည်းစမ်း စားသုံးခွင့် ရသွားတယ်။ အဲ့ဒါ ဒီမိုကရေစီရဲ့ အနှစ်သာရဆိုတာကို နားလည်ခြင်း နားမလည်ခြင်းက ၂၀၂၁ မှာ စစ်အုပ်စုအတွက် အဖြေပေါ်တာပါပဲ။

ပြည်သူတွေက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ မြို့/ရွာတွေရဲ့ လိုအပ်ချက်၊ ပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကဏ္ဍစုံ ဘဏ္ဍာငွေခွဲဝေရေး၊ အခြေခံအဆောက်အဦ လိုအပ်ချက်တွေ အများကြီး လွှတ်တော်ထဲမှာ တင်ပြတောင်းဆိုကြတယ်။ ကိုယ့်နယ် ကိုယ့်ဒေသအတွင်း ကွင်းဆင်းတယ်။ ပြည်သူ့အသံ နားထောင်တယ်။ အရေးကြီး လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်အောင် ကြိုးပမ်းကြတယ်။ ဒါတွေကို ပြည်သူတွေက မျက်ဝါးထင်ထင် တွေ့မြင် ကြားသိနေတော့ ဘယ်သူကဖြင့် နံ့သာဆီ ဘယ်သူကဖြင့်အီး၊ နံ့သာဆီနဲ့ အီး ခွဲခြားတတ်နေကြပြီ။ အဲ့ဒါ ပြည်သူသာအဓိကဆိုတဲ့ မောင်းနှင်အားပါပဲ။

တိုင်းပြည်အုပ်ချုပ်သူတွေကို ပြည်သူတွေ ဘယ်လိုထိန်း‌‌ကျောင်းရမလဲဆိုတာ ဒေါ်အောင်ဆန်းစုကြည်က “ပြည်သူသာ အဓိက” ဆိုတဲ့စကားနဲ့ ပြည်သူတွေနားလည်လာအောင် နိုင်ငံ့အရေးမှာ ပါဝင်လို့ရလာအောင် စိတ်ဝင်စားလာအောင် ဆွဲခေါ်လိုက်တာပါပဲ။ ကြိုးစားရင် ၁၀ နှစ်အတွင်း စင်ကာပူနိုင်ငံလို ဖွံ့ဖြိုးလာအောင် လုပ်လို့ရတယ်ဆိုတာ မီးမောင်းထိုးပြခဲ့ပါတယ်။ အရပ်သားအစိုးရရဲ့ ပထမ ၅ နှစ်သက်တမ်းမှာ ပြည်သူတွေ နိုးကြား တက်ကြွခဲ့တယ်။ အတန်အသင့် နိုင်ငံရေးအသိ စီးပွားရေးအသိတွေနဲ့ လွတ်လပ်ခွင့်တွေ အထိုက်အလျောက် ရရှိလာကြတယ်။ ဒုတိယ ၅ နှစ်သက်တမ်းသာ ဒီမိုကရေစီ လမ်းကြောင်းအတိုင်း ဆက်သွားရမယ်ဆိုရင် ဒီနိုင်ငံကြီး ဘယ်လောက် ဖွံ့ဖြိုးတိုးတက်လာမလဲ ဆိုတာ ပြည်သူတွေ ကောင်းကောင်း နားလည်သဘောပေါက်ခဲ့ကြတယ်။ ဒီမိုကရေစီရဲ့ အုတ်မြစ်က အဂတိတရားပဲ၊ အဂတိကင်းတဲ့ နိုင်ငံဖြစ်ရင် စစ်အုပ်စု ခွက်ပျောက်ပြီ။ သာဝတို့အုပ်စု ခွက်ပျောက်မယ့်အရေး အခုမှ ဘွားကနဲ ထင်းကနဲ မြင်တွေ့သွားကြဝောာ့ ကြောက်ပြီလေ။ သူတို့အုပ်စုက တိုင်းပြည်သယံဇာတနဲ့ တိုင်းပြည်ဘဏ္ဍာတွေ ကိုယ်ကျိုးအဂတိတွေ အမြောက်အမြား ကျူးလွန်နေကြသူတွေလေ။ ဒါကြောင့် ဒီ အရပ်သားအစိုးရပါဆိုတဲ့ ဒီမိုကရေစီအုပ်စုကို ကြောက်ကြတယ်။ သူတို့ ဘယ်လိုပြန်ချေမှုန်းရမလဲ၊ အနိုင်ယူရမလဲဆိုတာ မျက်ကလူးဆန်ပျာနဲ့ ဘယ်လိုလုပ်ကြမလဲ။ လုပ်ရမယ့်နည်းလမ်းကမရှိ၊ မသိတော့ နောက်ဆုံး မဲစာရင်းတွေမှားတယ်၊ မဲမသမာဘူးဆိုတဲ့ မခိုင်လုံတဲ့ အကြောင်းပြချက်နဲ့ အာဏာထသိမ်းလိုက်တယ်။

သူတို့အတွေးက ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ သူတို့အုပ်စုတွေ အသာစီးရလိမ့်မယ်လို့ သာဝတို့အုပ်စု ထင်ထားပုံရပါတယ်။ ထင်မယ်ဆိုလည်း ထင်စရာပါပဲ။ အောက်ခြေအဆင့်ဆင့်က အထက်ကို ကိုယ်ကျိုးပဲကြည့်ကာ လိမ်လည်လီဆယ်ပြီး မဟုတ်မဟပ်တွေ တင်ပြထားကြတာကိုး။ ဒါကြောင့် သာဝက ရွေးကောက်ပွဲရလဒ်ကို လက်ခံကြရမယ်ဆိုပြီး လူကြီးစကားဆန်ဆန် မီဒီယာတွေမှာ ထုတ်ဖော်ပြောဆိုပြီး သူကိုယ်တိုင် ဆန္ဒမဲပေးခဲ့တာပါ။ မည်သို့ပင်ဆိုစေကာမူ သူတို့လည်း ခွက်ခွက်လန်အောင် မဲလည်းရှုံးရော ကလေးဆန်ဆန် မဲမသမာဘူးဆိုကာ ရွေး/ကော်ရော NLD ကိုရော ရန်ရှာတော့တာပဲ။ ဟိုဘက်က ပညာသားပါပါ အစိုးရဖွဲ့မယ်လည်း လုပ်ရော ကမန်းကတန်းနဲ့ ၈၈ ကာလတုန်းကလို ရမယ်အထင်နဲ့ မတရား အာဏာကောက်သိမ်းလိုက်တာ သာဝတို့အုပ်စု အခုတော့ ဘာမှမရဘဲ မြောင်းထဲ ဇောက်ထိုးဆင်းနေရပြီ။

ပြည်သူတွေက ၂၀၁၀ မှာ ဒီမိုကရေစီရဲ့ အရသာကို မြည်းစမ်းခွင့်ရပြီး ၂၀၁၅ မှာ ဒီမိုကရေစီဆိုတာ ဒီအရသာပါလားလို့ သိလာကြပြီ။ ၂၀၂၀ ကနေ ၂၀၂၅ ဆိုရင် အသီးအပွင့် စိုက်ပျိုးကြရတော့မယ်ဆိုပြီး တခဲနက် ဆန္ဒမဲပေးခဲ့ကြတာ တိုင်းသိပြည်သိ ကမ္ဘာသိ အပြတ်အသတ်ပါပဲ။ ဒါကို သာဝတို့အုပ်စုက မဲမသမာမှုရှိခဲ့တယ်ဆိုပြီး မတရားသဖြင့် အာဏာသိမ်းလိုက်ကြတော့ ပြည်သူတွေရဲ့ ရွှေရောင်မျှော်လင့်ချက်တွေ ပျက်သုဉ်းရပါပြီ ဆိုတဲ့အသိက သာဝတို့အုပ်စုကို ကဏ္ဍစုံ တော်လှန်နေကြတာ ဒီနေ့ထိ အသက်ကိုရင်းပြီး အရာရာ စွန့်လွှတ် တိုက်ပွဲဝင်ခဲ့ကြတယ်။

မကြာတော့တဲ့ကာလမှာ သူ့စကားအတိုင်း ၂၀၂၃ ခုနှစ် ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးရတော့မယ်။ ရွေးကောက်ပွဲအတွက် သာဝတို့အုပ်စု ပြင်ဆင်တယ်၊ လုံးပန်းတယ်။ လက်ရှိအခြေအနေရ ရှေ့တိုးမရ နောက်ဆုတ်မရနဲ့ အခက်တွေ့နေပြီလို့ ဆိုရမယ်။ ပြီးခဲ့တဲ့ ရုရှားခရီးစဉ်အတွင်း နိုင်ငံခြားမီဒီယာတွေက ရွေးကောက်ပွဲနဲ့ပတ်သက်လို့ မေးမြန်းချိန် မအလသာဝ မရေမရာ ဖြေခဲ့တယ်။ အတိအလင်း သူမပြောရဲဘူး။ ပြောလည်း ပြောနိုင်မှာ မဟုတ်ဘူး။ ဘာ့ကြောင့်လဲဆိုရင် ၂၀၀၈ နာဂစ်အခြေခံဥပဒေ ရေးဆွဲတုန်းကလို ပြည်သူတွေ ဂဃနဏ မသိလိုက်ရဘဲ ကိုယ့်ဖဲကိုယ်ချိုးပြီးလုပ်ဖို့ စိတ်ကူးပုံရပါတယ်။ ပြည်သူတွေရဲ့ နိုင်ငံအသိရေချိန်က အဲ့ဒီလို လုပ်လို့မရနိုင်တော့ဘူးဆိုတာ သူတို့ရိပ်မိနေကြပြီ။ သိနေတဲ့အတွက် ဘာမှမရနိုင်တဲ့ မအလသာဝ ရှေ့လည်းတိုးမရ နောက်လည်းဆုတ်မရနဲ့ ၂၀၂၃ မှာ သူပြောထားတဲ့ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတာ ဒီနေ့အထိ ဝေဝါးနေဆဲပါပဲ။ ကျင်းပမယ်လို့ တိုင်းသိပြည်သိ ကြေညာလိုက်တာနဲ့ ပြည်သူလူထုရဲ့ ပြင်းထန်တဲ့ တော်လှန်ရေးကြီးက အရှိန်အဟုန်နဲ့ ရောက်ရှိလာနိုင်တယ်ဆိုတာ ဘာမှမရတဲ့ မအလသာဝ လက်ရှိအခြေအနေအရ သူသိနေတယ်။ ကျင်းပမယ့်ရက်က ဒီဒေးကြေညာတဲ့ရက် ဖြစ်သွားနိုင်တယ်လို့ ယူဆရင်း ...။

ပေကြီး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013