Home
ဆောင်းပါး
နိုင်ငံအနာဂတ်ကို သတ်သူများ
DVB
·
September 19, 2022

ဒီပဲယင်း စာသင်ကျောင်းမှာ ဖူးငုံခွင့်တောင်မရလိုက်ဘဲ ကြွေလွင့်သွားရှာတဲ့ ကလေးငယ်တွေအကြောင်း ဖတ်လိုက်ရတော့ ရင်နဲ့အမျှ နာကျင်ရတယ်။ မိဘတိုင်း ခံစားကြရမှာပါပဲ။ နှလုံးသားကင်းမဲ့တဲ့ သားသတ်သမားရာဇဝတ်ကောင်တွေက လွဲလို့ပေါ့။ သားသမီးချင်း ကိုယ်ချင်းမစာ။ ‘အရိပ်ခို အခက်ချိုး’ရုံမက အညွန့်ကိုပါ ချိုးလိုက်ကြတယ်။ ဘဝ ဆိုတာ ဘာလဲလို့ မသိခင်လေးမှာပဲ ကြွေရှာကြပေါ့။

ကလေးသူငယ် လူမမယ်လေးတွေကို သတ်တာဟာ အနာဂတ်ကို သတ်လိုက်တာပါပဲ။ မိဘရင်ငွေ့နဲ့ကွာပြီး မနေနိုင်သေးတဲ့ အရွယ်တွေ။ ပညာတတ်စေချင်တဲ့ စိတ်နဲ့သာ ကျောင်းကို ပို့ကြရပေမယ့် ဘယ်မိဘကမှ ရင်ခွင်ထဲက ကလေးကို ဆွဲထုတ်လို့ ဘယ်ပို့ချင်ပါ့မလဲလေ။ အခုတော့ မိဘတွေကိုယ်တိုင် စိတ်မှာ ဒဏ်ရာရခဲ့ပြီ။ 

‘ဒီလိုမှန်းသိရင် အစကတည်းက ကျောင်းကို မပို့မိရင်အကောင်းသား ဆိုတဲ့ စိတ်နောင်တတွေ ရှိနေကြပြီပဲ။ သားကို သတိရလေတိုင်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်ဒဏ်ချက်တွေနဲ့ ဘဝတလျှောက်လုံး နေသွားရတော့မှာ။  

အားလုံး ကြားပြီးဖြစ်မှာပါ။ မကြားရက် မနာရက်ပေမဲ့ အဲဒီရက်စက်ကြမ်းကြုတ်မှုတွေကိုတော့ ရင်နာနာနဲ့ပဲ မှတ်တမ်းတင်ကြရမှာပါ။ ဒီဖြစ်ရပ်တွေ ဖြစ်ခဲ့တာက ၂၀၂၂ ခု စက်တင်ဘာ ၁၆ ရက်၊ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက လက်ယက်ကုန်းကျေးရွာရဲ့ မူလတန်းကျောင်းတခုမှာ ဖြစ်ခဲ့တာ။

အဲဒီနေ့က လက်ယက်ကုန်းရွာတရွာလုံး ပကတိအေးချမ်းငြိမ်သက်လို့။ လယ်ထဲ ဆင်းသူက ဆင်း၊ အလုပ်သွားသူကသွား။ အိမ်ရှင်မတွေကလည်း ကလေး ကျောင်းပို့ပြီးအပြန် ခဏတဖြုတ်နားရင်း ထမင်း ဟင်း ချက်ပြုတ်သူက ချက်ပြုတ်ပေါ့။ နေ့ ၁၂ နာရီထိုးရင် နေ့ခင်းထမင်းစားဖို့ ကျောင်းချိန် နားမယ်။ ကျောင်းနားချိန်လေးမှာ ကလေးအတွက် နေ့လယ်စာအမီ ချက်ပြုတ်ကြရတာ။ တောဓလေ့မှာ နေ့စဉ်ပြုနေကျ မိခင်ဝတ္တရားတခု။

လယ်ထဲ ဆင်းသူတွေလည်း ပြန်လာလောက်ပြီ။ ကလေးတွေလည်း ကျောင်းဆင်းတော့မယ်။ ဒီအချိန်မှာပဲ “တဝေါဝေါ တဂျိမ်းဂျိမ်း”နဲ့ လေယာဉ်ပျံအသံတွေ နားပွက်လုမတတ် ကြားလိုက်ရတယ်။ လေယာဉ်သံနဲ့အတူ လေယာဉ်ပေါ်က လက်နက်ကြီးနဲ့ပစ်သံတွေ ‘တဒက်ဒက်’ ဗုံးကြဲသံတွေ ‘တဝုန်းဝုန်း’နဲ့ ဆူညံနေပြီ။ ဥမမယ်စာမမြောက် ကလေးတွေအတွက် ပူပင်စိတ်နဲ့ အူယားဖားယား ပြေးထွက်လာကြတဲ့ မိခင်တွေ ဖခင်တွေ အစ်မတွေ။ အားလုံးက ကျောင်းဆီကိုပဲ ပြေးကြလွှားကြ။  သေနတ်မသိ ကျည်မကြောက် ရင်သွေးတယောက်အတွက် သောကတွေနဲ့။ 

“ကျောင်းခေါင်မိုးပေါ်ကို လေယာဉ်နဲ့ ဗုံးကြဲချလို့ ကလေးတွေ သေကုန်ပြီ၊ ထိမှန်သွားပြီ” ဆိုတဲ့ အသံတွေနဲ့အတူ လေယာဉ်ပေါ် ကပစ်နေတဲ့ ‘တဝုန်းဝုန်း တဒက်ဒက် တဖောက်ဖောက်’နဲ့ ကျည်ဆန်မိုးရွာချလို့ ကောင်းကင်ထက်က သေမင်းတမန်တွေ။ ပစ်ခတ်သံတွေကလည်း နားအူထွက်မတတ်ပါပဲ။ ကျောင်းကိုပဲ ဦးတည်ပြီး ပစ်နေကြတာကလား။ တိုက်လေယာဉ် ၂ စီး ရဟတ်ယာဉ် ၂ စီးနဲ့ အားပါးတရပစ်နေကြတာ။

“ဘုရားဘုရား သားလေး၊ သမီးထွေးလေး ဘေးအန္တရာယ်ကင်းပါစေ”လို့ ဘုရားကို အားကိုးတကြီး တလိုက်မိရဲ့။ ‘ကလေးငယ်တွေ ဘေးကင်းကြပါစေ။ စစ်မိစ္ဆာလက်ချက်နဲ့ ကင်းဝေးကြပါစေ”လို့ ရပ်မိရပ်ဖတွေလည်း ဆုတောင်းသူကတောင်းပေါ့။ ‘ဒါဟ ာတမင်သက်သက် ရည်ရွယ်ချက်ရှိရှိ အသေသတ်နေကြဟန်ပါပဲ’လို့ ကောက်ချက်ချသူချပေါ့။ တချို့ကတော့ သတင်းအမှား ဆိုတာကို လက်မခံကြဘူး။

“သတင်းအမှားကြောင့် မဖြစ်နိုင်ဘူး။ အစကတည်းက အသေသတ်ဖို့ ရည်ရွယ်ဟန်ရှိတယ်”လို့ သုံးသပ်သူတွေလည်း ရှိတယ်။ သတင်းအမှား ဆိုတဲ့ စကားနဲ့ လူသတ်တရားခံကို အမှုပေါ့အောင် မလုပ်သင့်ဘူး။ သတင်းရပြီဆိုတာနဲ့ သေချာအောင် စုံစမ်းတတ်တာ စစ်တပ်ရဲ့အလုပ်တခုပဲ။ စစ်တပ်ဆိုတာ ဗျူဟာချပြီးမှ လုပ်တာ။ အခုလို လက်နက်ကြီးနဲ့ပစ်တာ။ လေယာဉ် လေးစီးနဲ့ ပစ်တာ။ မြေပြင်က တပ်တွေပါ တပြိုင်တည်းဝင်စီးဖို့ဆိုတာ တခဏအတွင်း လုပ်လို့မှမရတာပဲ။ အချိန်ယူပြီး ဗျူဟာတရပ် ချလုပ်တာ။ ဒါကြောင့် “တမင်ရည်ရွယ်ရှိရှိ ကလေးတွေကိုပါ သတ်ပြတာ”လို့ သုံးသပ်တာလည်း ရှိပါတယ်။

ကျောင်စာသင်ခန်းထဲမှာလည်း ဆရာ၊ ဆရာမတွေ ကျောင်းသား ကျောင်းသူလေးတွေ တောင်ပြေး မြောက်ပြေးနဲ့ တကယ့်တွယ်ရာမဲ့ ခိုးကိုရာမဲ့၊ ရင်ခွင်မဲ့။ ဆရာမကို ပြေးဖက်သူကဖက်။ အော်ဟစ်ငိုယိုသူငို။ ကလေးတွေကြားထဲမှာ ဆရာမလည်း အသက်ရှူမဝ။ စာသင်ခုံတွေအောက် ဝင်သူကဝင်။ တခါးပိတ်သူက ပိတ်။ ကွင်းပြင်ထဲ ပြေးသူပြေး။ ဒဏ်ရာတွေ သွေးအလိမ်းလိမ်းနဲ့ လဲကျနေတဲ့ ၇ နှစ်သားကလေး တယောက်ကို တွေ့လိုက်ရတော့ ဆရာမလည်း နှလုံးဆို့သွားပေါ့။ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ မူးမေ့မသွားအောင် သတိနဲ့ထိန်းလို့ အသက်ကိုဝဝရှူလိုက်တယ်။ ပြီးတော့ ပြေးပွေ့လိုက်မိတယ်။ မလှုပ်မယှက် အသက်ထွက်သွားခဲ့ပြီပဲလေ။ 

ဟိုမှာ တယောက်၊ ဒီမှာ တယောက်။ ၇ နှစ်အရွယ်ကလေးတွေ။ အကြီးဆုံးဆိုလို့ ၁၄ နှစ်အရွယ်ပဲ ရှိသေး။ သွေးအိုင်ထဲလဲပြီး မေးထူးခေါ်ပြော မရတော့တာ ၄ ယောက်။ ဒဏ်ရာတွေနဲ့လဲနေတဲ့ ကလေးတချို့ကတော့ အားကိုတကြီးနဲ့ ဆရာ၊ ဆရာတွေကို မျက်လုံးဖွင့်ကြည့်နေတယ်။ အကူညီတောင်း အသနားခံနေသလိုပဲ။ ကျည်ကွယ် မျက်ကွယ်မရှိ။ အားလုံးဟာ အသားစားဘီလူးရဲ့ ပစ်မှတ်တွေချည်းပဲ ဖြစ်နေပါပေါ့လား။

ကျောင်းအပြင်ပကြည့်တော့လည်း ရပ်မိရပ်ဖတွေလည်း ဟိုပြေး ဒီပြေး။ တိုက်လေယာဉ်နဲ့အတူ တပြိုင်တည်း လေယာဉ်ပေါ်ကလည်း ပစ်၊ မြေပြင်က လက်နက်ကိုင်တွေကလည်း ‘တဒိုင်းဒိုင်း’နဲ့ တွေ့ရာမြင်ရာပစ်။ ရမ်းကားနေလိုက်ကြတာ။ ဒုတိယကမ္ဘာစစ်ကြီးများ ရွေ့လာလေရော့သလား ထင်မိပါရဲ့။ လူ့အသက်ဆိုတာကို သူတို့မိသားစု ထမင်းဝိုင်းထဲက ဟင်းတဖတ်လောက်တောင် တန်ဖိုးမထား။ လူထုအဖို့ကတော့ အပေါ်က လေယာဉ်ကြောက်ရ မြေပြင်က စစ်ဓားပြ လူသတ်သမားတွေကို ကြောက်ရ။ ဘယ်ပြေးလို့ ဘယ်ခိုရမှန်းမသိတဲ့ အခြေအနေပါပဲ။ ကမ္ဘာပျက်တယ်ဆိုတာ ဒီလိုပဲလားလို့ မေးရတော့မလိုလို။

ရွာအပြင် လယ်ထဲဆင်းနေရသူတွေလည်း ဘယ်ပုန်းလို့ ဘယ်ခိုရမှန်းမသိ။ “အဖေနဲ့အတူ လယ်ထဲဆင်းရင်း ငါးရှာနေတဲ့ ၁၁ နှစ်အရွယ် ကလေးတယောက် ဦးခေါင်းမှန်လို့ သေသွားသတဲ့” ဆိုတဲ့အသံတွေလည်း ကြားနေရတယ်။ မိဘကိုကူပြီး တဝမ်းတခါးအတွက် မျှဝေခံစားနေရတဲ့ ကလေး။ ကျောင်းတောင်မတက်နိုင်ဘဲ မိဘကို ကူညီနေရရှာတာ။ အဲဒီလို လိမ္မာတဲ့ကလေးလည်း စစ်ဓားပြ မုဒိမ်းကောင်တွေ လက်ချက်နဲ့ ဆုံးရှာပေါ့။ ‘ဝဋ်ကြွေးတွေ ကျေပါပြီ’ လို့ ဘယ်မိဘကများ ဖြေဆည်နိုင်ပါ့မလဲကွယ်။ အချိန်မတိုင်ခင် ကြွေလွင့်ကြရရှာတာကိုး။

အသက် ၄၀ အရွယ် နွားကျောင်းသမ တယောက်နဲ့ နွားကျောင်သားတယောက်လည်း ခေါင်းတွေ ပွင့်ထွက်လို့ မရှုမလှ အသက်ပျောက်နေပြီ။ ရွာထဲမှာလည်း ရွာသား ၄ ယောက်အလောင်းတွေ ထပ်တွေ့ရပြန်တယ်။ တရွာလုံးလည်း ရွာထဲမနေရဲလို့ ပြေးနေကြ။ ငိုဖို့ မျက်ရည်စတွေလည်း ခြောက်ခန်းလို့။ သားဇော သမီးဇောနဲ့ အသက်ကိုစတေးပြီး တချိုးတည်း ပြေးထွက်လို့ သားသမီးကို အရှာထွက်ခဲ့တဲ့ မိဘ။ အခုတော့ သားအသုဘရှုနေရပေါ့။

ကျောင်းထဲမှာလည်း လေယာဉ်ပေါ်က ဗုံးဆန်ထိလို့ အူပွင့်ထွက်သွားတဲ့ ကလေးမလေးကလည်း ကယ်သူလာလေမလားလို့ မျှော်ကိုးရင်း ဆုံးသွားရှာပေါ့။ “သေချင်ပါတယ်။ သတ်လိုက်ကြပါတော့” လို့ အော်ဟစ်နေတဲ့ ကလေးတယောက် အသံက နားထဲက မထွက်ခဲ့ဘူး။ ဘယ်လောက်များ နာကျင်လို့ စစ်မိစ္ဆာသားသတ်သမားထံမှာ သူ့ကို သတ်ပေးပါလို့ တစာစာ ပူဆာနေပါလိမ့်။ သိပ်နာကျင်နေလို့များ ဒီလို ခိုင်းရသလား ကလေးရယ်’လို့ ကရုဏာနှလုံးသားမှာ နာကျင်လွန်းလှပါဘိ။ ကျည်သင့်ဒဏ်ရာကြောင့် သွေးထွက်လွန်နေတဲ့ ကလေးငယ်တွေရဲ့ ‘ရေပေးပါရေ တိုက်ပါ’ ဆိုတဲ့ တောင်းသံတွေလည်း ကြားနေရတယ်။ ငရဲပွက်သံဆိုတာ ဒါမျိုးများလား မသိ။ ငိုသံယိုသံတွေနဲ့ အတူ တကျောင်းလုံး ပွက်ပွက်ဆူလို့။

တိုက်လေယာဉ်တွေ ပြန်လှည့်သွားတော့ လက်နက်ကိုင် လူရမ်းကားတစု ကျောင်းထဲ ရောက်လာတယ်။ ဒဏ်ရာရ ကလေးတွေရော ဆရာတွေရော အားလုံး ဝမ်းလျားမှောက်ခိုင်းပြီး ခေါင်းထောင်ကြည့်တာနဲ့ သတ်ပစ်မယ်လို့ ကြိမ်းဝါးသတဲ့။ အားလုံးမရှိတော့မှ သန့်ရှင်းလုပ်သူတဦးရဲ့ ပြောပြချက်က တကယ့်ရင်နင့်စရာ…။

“ကျောင်းထဲကို ကျနော်တို့ဝင် သန့်ရှင်းရေးလုပ်တော့ ကျောင်းထဲမှာ ကလေးတွေရဲ့ အရိုးစတွေ ပြန့်ကျဲနေတယ်။ အသားဖတ်တွေက ပန်ကာပေါ်မှာ ကပ်နေတယ်။ မျက်နှာကြက်ပေါ်မှာလည်း ကပ်နေတယ်” လို့ သန့်ရှင်းရေးလုပ်သူရဲ့ ပြောစကားအကြောင်းကို သတင်းမီဒီယာတွေမှာ မှတ်တမ်းတင်ထားကြတယ်။ ‘ကလေးစုစုပေါင်း ၃၀ ကျော်ကိုလည်း စစ်တပ်ကဖမ် းခေါ်သွားပြီး ရေဦးမြို့ တိုင်းရင်းဆေးရုံမှာ ချုပ်နှောင်ထားတယ်’လို့ဆိုပါတယ်။ 

မိစ္ဆာကောင် သူသတ်သမား စစ်တပ်ကတော့ သက်သေဖျောက်ဖျက်ဖို့အတွက် “သေနေတဲ့ ကျောင်းသား လေးလောင်းကို ပီနန်အိတ်ထဲ ထုပ်ပြီးထည့်သွားတယ်။ ကျန်တဲ့ ထိခိုက်ဒဏ်ရာရသူတွေကိုလည်း ကျောင်းက ကားနှစ်စီးပေါ် တင်ပြီး ရေဦးမြို့ကို သယ်သွားတယ်။ သူတို့နဲ့အတူ ဆရာတဦးနဲ့ ကျောင်းအကျိုးတော်ဆောင်တဦးကိုလည်း ဖမ်းသွားတယ်”လို့ မျက်မြင်သက်သေတဦးက အံကြိတ်လို့ ဖွင့်ဟထားတာလည်း မီဒီယာပေါ်မှာ မြင်တွေ့လိုက်ရတယ်။

ရေဦးမြို့နယ်က သင်္ချိုင်းမှာတော့ စစ်တပ်က ကလေးငယ်အလောင်း ၇ လောင်းကို မြှုပ်နှံသွားတယ်လို့ ဒေသခံတွေက ဆိုတယ်။ တကယ် တူးဖော်ကြည့်တော့ ကလေးအလောင်း ၉ လောင်း တွေ့ရတယ်လို့ သိရတယ်။

ဒီစာ ရေးနေချိန်မှာပဲ မိတ်ဆွေယောက်က ‘အခု ကလေးတွေသေတာ ၁၃ ယောက်ရှိသွားပြီ’လို့ ဖုန်းဆက်လာပြန်ပါတယ်။ သတင်းတွေ မငြိမ်သေးပေမယ့် ကျေးရွာသား ၇ ဦး အသတ်ခံရတာကို အမည်၊ အသက်၊ နေရပ်နဲ့တကွ သက်သေခိုင်စွာ ရှိနေခဲ့တယ်။ နောက်ထပ် ကလေးငယ်တွေ ဘယ်လောက် သေဆုံးကြောင်း သတင်းဆိုး ကြားရဦးမလဲပင် မသိတော့။ သေဆုံး ကလေးငယ် ဘယ်နှယောက်ပဲ ရှိရှိ၊ ဘယ်နှယောက်ပဲ သေသေ၊ ကလေးငယ်ကို သတ်ရင် နိုင်ငံတော်ရဲ့ အနာဂတ်ကို သတ်တာပဲပေါ့။ အနာဂတ်ကို သေဒဏ်စီရင်လိုက်တာပါပဲ။ 

‘မောင်ဘုန်းတေဇလေး’ရဲ့ သွေးစွန်းနေတဲ့ G1 သင်္ချာစာအုပ်လေးနဲ့အတူ သူငယ်တန်း ကလေးငယ်တွေရဲ့ သွေးစွန်းကျောင်းစာအုပ်တွေကို မကြည့်ရက် မမြင်ရက်ပေမဲ့ မြင်နေရ တွေ့နေရတယ်။ မျက်မြင်သက်သေတဦးရဲ့ အဆိုအရဆိုရင် ကလေးငယ်တွေရဲ့ ခြေပြတ်လက်ပြတ် အင်္ဂါမစုံတာတွေကို စုပြီး စစ်တပ်သုံး ခြင်းကြားကြီးထဲ ထည့်ယူသွားဆိုပဲ။ သားပျောက်ရှာတဲ့ မိဘတချို့ကတော့ အလောင်းမတွေ့ရပေမဲ့ ကလေးရဲ့ အင်္ကျီ ဘောင်းဘီလေး တွေ့တော့ မျက်ရည်စက်လက်နဲ့ လိပ်ပြာခေါ်ဖို့ ယူသွားသတဲ့။ မိခင်ကတော့ မပဋာမြေလူးရှာပေါ့။

ခံစားရသမျှ မှတ်တမ်းတင်ရင်း စစ်ဓားပြမုဒိမ်းကောင်တွေကို အသိအမှတ်ပြုပြီး ခန့်အပ်လွှာတွေ သဘောတူ MOU ထိုးခဲ့ကြတဲ့ ကုလအဖွဲ့အစည်း ၄ ဖွဲ့ရဲ့ ဗမာပြည်သူတွေအပေါ် ဥပက္ခာပြုနိုင်မှုတွေ၊ လူသားချင်း စာနာထောက်ထားခြင်း ကင်းမဲ့မှုတွေ။ ကိုယ်ကျိုးအတွက်သာ ကြည့်ပြီး စစ်အာဏာရှင်အတွက် ဘက်လိုက်မှုတွေ။ ပရဟိတစိတ် မရှိမှုတွေ။ စာနာထောက်ထားစိတ် ကင်းသူတွေက  ‘ဘာလို့ ဒီလိုအဖွဲ့အစည်းတွေမှာ နေရာရနေကြသလဲ’ ဆိုတဲ့ မမျှတ မညီမျှတဲ့ လောကအကြောင်းဆီ စိတ်ရောက်သွားမိသေးရဲ့။

ကမ္ဘာကြီးက ရက်စက်လွန်းတယ်။ ယူအမ်ရဲ့ ‘လုံခြုံကောင်စီ’ဆိုတာလည်း ကုန်းဆင်းမှာ ‘ဂျမ်းတုံး’ ခဏခဏ အခုခံနေရတဲ့ အိုဟောင်းနေတဲ့ ကားပျက်ကြီးတခုလိုပါပဲ။ အိမ်နီးနားချင်းတွေကလည်း ‘မသာလောင်းတွေပေါ်မှာ အာဏာထူထောင်လိုသူ အချင်းချင်း လက်ဆွဲနှုတ်ဆက်ရင်း ဖဲဝိုင်းမှာ ဒိုင်ကိုင်ဖို့ ချောင်းနေသူတွေ’။ အာဆီယံဆိုတာကတော့ အစကတည်းက လည်ပတ်လို့မရတဲ့ စက်အတုကြီးတခုထက် မပိုဘူး။

‘ငါတို့မှာ ငါတို့ပဲ ရှိတယ်’။ ရင်နာရတော့လည်း အတူတူ။ ငိုကြွေးကြရတော့လည်း အတူတူပေါ့။ ပခုံးချင်းဖက် လက်ချင်းယှက်လို့ မျှဝေခံစားကြရမှာကလည်း တို့တတွေပဲ ရှိတာ။ ဒီအပူ ဘယ်သူမှ မကူဘူးလေ။ ‘စိုးရိမ်တယ်’ ဆိုတဲ့ စကားတလုံးနဲ့ နှစ်သိမ့်ရုံထက် မပိုခဲ့ပါဘူး။ ပျားရည်နဲ့ ဝမ်းချတာထက် မပိုခဲ့ပါဘူး။

ကမ္ဘာကြီး ရက်စက်လွန်းတယ်…။ ကမ္ဘာကြီးက…. ရက်စက်လွန်းတယ်…။  

လက်ယက်ကုန်းကျေးရွာက ကလေးငယ်တွေနဲ့ ကျဆုံးရွာသားများ ကောင်းရာသုဂတိ ရောက်ကြစေ…။

ဂန္ထဝင်မောင်တူး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024