Home
ဆောင်းပါး
အနိုင်ယူရဲတဲ့စိတ်ရှိဖို့ လိုတယ်
DVB
·
September 11, 2022

အနိုင်ရဖို့မဟုတ် ‘ယှဉ်ပြိုင်ခြင်းသာ အဓိက’ ဆိုတဲ့စကား မကြာခဏ ကြားဖူးကြတယ်။ ဒါဟာ ရှုံးနိမ့်သူအတွက် ဖြေသိမ့်စကားပဲ။ ယှဉ်ပြိုင်ပြီဆိုမှတော့ အနိုင်ရချင်ကြသူတွေချည်းပဲ။ လူထုဆီ မှတ်ကျောက်တင်ပြီး ရွေးကောက်ပွဲလုပ်တာကြတော့ တကြိမ်မက ယှဉ်ပြိုင်ခွင့်ရနေတဲ့အတွက် နောက်တကြိမ် ထပ်ကြိုးစားဖို့ အခွင့်အရေး ရှိသေးတယ်။

စစ်ရေးစစ်ရာကျတော့ ဒါနဲ့ထပ်တူပြုလို့မရ။ တချို့ကျတော့ အနိုင်ရနိုင်ပါရဲ့နဲ့ ရှုံးနိမ့်သွားကြတာတွေလည်း ရှင်သန်ရာဘဝတွေမှာ မြင်ခဲ့ရတယ်။ တချို့သောဖြစ်ရပ်တွေမှာ အနိုင်မယူရဲတဲ့စိတ်ကြောင့် ရှုံးနိမ့်သွားခဲ့ကြတာလည်း ရှိတယ်။ ဒါကြောင့် အနိုင်ယူရဲတဲ့စိတ်ဟာ စစ်ရေးစစ်ရာအတွက် မရှိမဖြစ် လိုအပ်တဲ့ စိတ်ပဲလို့ ဆိုရခြင်းပါ။

သေရဲတိုက်ရဲတိုင်း အနိုင်ယူရဲတယ်လို့တော့ လွယ်လွယ်မတွေးလိုက်လေနဲ့။ တွေဝေပြီး အတွေးများသူရယ်၊ အကြောင်းကြောင်းကို ထောက်ပြီး ငဲ့ညှာတတ်သူတွေဟာ အနိုင်မယူရဲကြတာ များတယ်။ တကယ်တော့ အနိုင်ယူရဲစိတ်ဟာ တိဟိတ်ပုဂ္ဂိုလ်တွေမှာ ထားရှိတတ်တဲ့ စိတ်ပဲ။ ဆုံးဖြတ်ချက် ခိုင်သူတွေမှာ ရှိတတ်တဲ့စိတ်ပဲ။ ဆုံးဖြတ်ချက်  မခိုင်မာသူတွေနဲ့ ဒွိဟနဲ့ သံသယစိတ်များသူတွေဟာ အနိုင်ယူရဲစိတ်မှာ ချို့တဲ့နေတတ်ကြတယ်။

‘စိတ္တာအဓိပတိ’ လို့ဆိုပေမဲ့ အဲ့ဒီစိတ်မှာ အနိုင်ယူရဲတဲ့စိတ်က ဦးမဆောင်သ၍ ‘ဆန္ဒာအဓိပတိ’ အဆင့်ထက် မပိုပေဘူး။ နိုင်ချင်တဲ့ဆန္ဒရှိရုံပဲ ရှိပေမပေါ့။ ဒါပေမဲ့ အနိုင်ယူချင်တဲ့ဆန္ဒ အားကြီးရင်တော့ အနိုင်ယူချင်တဲ့စိတ်ဟာလည်း အားကြီးလာတတ်တာပါပဲ။ အနိုင်ယူလိုတဲ့ ဆန္ဒနောက်မှာ ဝီရိယကလည်း လိုက်လာတယ်။ စိတ်နဲ့ ပညာလည်း လိုက်လာတာပေါ့။ ဒါကြောင့် အနိုင်ယူရဲတဲ့စိတ်က ပြဋ္ဌာန်းထားဖို့လိုတယ်။ ဒါက ပဋ္ဌာန်းအရ ပြောတာ။

လောကီမှာ ကိစ္စရပ်တွေမှာလည်း ဒီအတိုင်းပဲလေ။ စစ်ရေးစစ်ရာမှာလည်း ဒီသဘောပါပဲ။ ကိုယ်က ပညာနဲ့ယှဉ်ပြီး တရားစစ်အမှန်ကို ဆင်နွှဲနေတာကြောင့် အမှန်တရားဘက်မှာ ရပ်တည်ပြီးသား ဖြစ်နေတယ်။ ဒီတော့ တရားစစ်အတွက် အနိုင်ယူရဲတဲ့စိတ် ရှိဖို့လိုတယ်။ တချို့ သေရဲတယ်၊ သတ်ရဲတယ်၊ အနိုင်မယူရဲခဲ့ကြဘူး။ အနိုင်ယူရဲတဲ့စိတ်မှာ ဘက်နှစ်ဘက်မရှိဘူး။ အမှန်ဘက်က ရပ်တည်နေသူဟာ အနိုင်ယူရဲတဲ့စိတ် ရှိနေဖို့လည်း လိုတယ်။

‘ကိုယ့်ဘက်ကကြည့်တော့ သူရဲကောင်း။ သူ့ဘက်ကကြည့်တော့ သစ္စာဖောက်’ ဆိုတဲ့ အမြင်ရှိနေရင် အဲဒါဟာ အနိုင်ယူရဲစိတ်ကို အနှောင့်အယှက်ဖြစ်စေတယ်။ ကိုယ်ရပ်တည် လုပ်ကိုင်နေတာဟာ အမှန်တရားဘက်မှာ၊ တရားမျှတမှုဘက်မှာ ရှိတယ်။ ဓမ္မဘက်မှာ ရှိနေတယ်။ စစ်ဓားပြတွေရဲ့ လုပ်ရပ်က မတရားတဲ့ဘက်မှာရှိတယ်။ အဓမ္မသမားတွေ ဖြစ်တယ်။ အဲ့ဒီအတွက် CDM တွေ၊ PDF တွေ၊ ဆန္ဒပြသပိတ်မှောက်သူတွေဟာ သူရဲကောင်းတွေ။ သစ္စာဖောက်မဟုတ်ဘူး။ အမှန်ဘက်မှာ ရှိတာကြောင့် ဘယ်ဘက်ကြည့်ကြည့် သူရဲကောင်းတွေပဲ ဖြစ်တယ်။

ပြည်သူဘက်မှာ ရပ်တည်နေသရွေ့ ဘယ်တော့မှ မမှားဘူး။ နိုင်ငံတခုဆိုတာ ပြည်သူလူထု နေထိုင်ရာ ပထဝီနယ်မြေနဲ့ အစဉ်တစိုက် နေထိုင်သူ ပြည်သူမရှိဘဲ တည်ဆောက်လို့မရဘူး။ အချုပ်အခြာအာဏာ ဆိုတာလည်း ပြည်သူ့ဆီကပဲ ဆင်းသက်လာတာ။ ပြည်သူ့ဆန္ဒသဘောထား မပါဘဲ နိုင်ငံတော်ကို အုပ်ချုပ်သူအဖြစ် တရားဝင်ခွင့်မရှိဘူး။ လက်နက်နဲ့ အနိုင်ယူ အုပ်ချုပ်ခြင်းဆိုတာ အဓမ္မပြုမူမှုတခုထက် မပိုဘူး။ ပြည်သူသာအဓိက၊ ပြည်သူသာ အခွင့်အာဏာပိုင်စိုးသူ။ ဒါကြောင့် ပြည်သူဘက်မှာ ရပ်တည်နေသရွေ့ ပြည်သူ့သူရဲကောင်းပဲ။ ပြည်သူဘက်မှာ မရပ်တည်သူသာ ပြည်သူ့သစ္စာဖောက်ဖျက်သူတွေလို့ မှတ်ယူကြရမှာပါ။

ပြည်သူ့အချုပ်အခြာအာဏာကို လက်နက်နဲ့ လုယူအုပ်ချုပ်ဖို့ လုပ်နေသူတွေဟာ အဓမ္မဝါဒီတွေ။ အဓမ္မဝါဒီတွေကို ထောက်ပံ့နေသူ၊ ပူးပေါင်းနေတဲ့သူ အားလုံးဟာလည်း ပြည်သူ့သစ္စာဖောက်တွေပဲ။ ပြည်သူနဲ့ယှဉ်လာရင် ငဲ့ညှာစရာမလိုဘဲ အနိုင်ယူရဲတဲ့စိတ် ရှိဖို့လိုတယ်။ ဒါကြောင့်လည်း အချို့က ရန်-ငါစည်း ပြတ်ရမယ်လို့ ပြောကြတာ။ ‘ရန်သူနဲ့ ငါကြား’ မှာ ခိုင်မာတဲ့ စည်းဖြတ်ထားနိုင်မှ ‘အနိုင်ယူရဲ’ တဲ့စိတ် ဖြစ်ပေါ်လာတာ။

လက်နက်ကိုင်တော်လှန်ရေးလမ်းကို ရွေးလိုက်ကတည်းက တွေဝေ ‘ဒွိဟ’ စိတ်တွေ မထားသင့်ဘူး။ စိတ်နှစ်ခွနဲ့ တော်လှန်ရေးလုပ်လို့မရဘူး။ ဆွဲထားတဲ့ကျားမြီးကို လွှတ်ချလို့ မရဘူး။ ကျားသေအောင် သတ်ဖို့ပဲလိုတယ်။ ကျားသေပြီးမှ ဆွဲထားတဲ့အမြီးကို လွှတ်ချင်လွှတ်။ မလွှတ်ချင်ရင်လည်း အမြီးကို ဖြတ်ချင်ဖြတ်ပေါ့။ အဲ့လို အနိုင်ယူရဲတဲ့စိတ် ရှိခဲ့ရင် တိုက်ပွဲတိုင်း အနိုင်ယူနိုင်ပေလိမ့်မယ်။

နိုင်ငံရေးလိုလို စစ်ရေးလိုလို တွေဝေမနေလေနဲ့။ နိုင်ငံရေးသမားက နိုင်ငံရေးအလုပ် လုပ်လိမ့်မယ်။ စစ်ရေးသမားက စစ်ရေးအလုပ် လုပ်မယ်။ ငွေရှာပေးသူက ငွေရှာပေးလိမ့်မယ်။ လူအားငွေအား မတတ်နိုင်သူက စိတ်ဓာတ်နဲ့ ထောက်ခံအားပေးနေလိမ့်မယ်။ ‘ငါတယောက်တည်း တိုက်နေရတယ်’ လို့ ဘယ်တော့မှ မမှတ်လေနဲ့။ ရန်သူရဲ့ ဖိနှိပ်မှုကို ခံရတဲ့ ပြည်သူတိုင်း၊ နိုင်ငံချစ်သူတိုင်းက တော်လှန်ရေးထဲကို အုတ်တချပ် သဲတပွင့် ပါဝင်နေတယ်ဆိုတဲ့ အသိစိတ်ကို ခံယူထားဖို့တော့လိုတယ်။

သခင်အောင်ဆန်း စစ်သားဘဝက သူ့တပ်သားတွေကို ပြောခဲ့တဲ့ စကားတခွန်းရှိတယ်။ “ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့စိတ် မထားကြဖို့ဘဲ။ ဒီနိုင်ငံမှာပဲဖြစ်ဖြစ် ဒီအပြင်နိုင်ငံမှာပဲဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်တဲ့သူရှိကြတာ မဟုတ်ဘူး။ စစ်သားမဟုတ်ပေမဲ့ နိုင်ငံအတွက် အမျိုးမျိုး အနစ်နာခံ၊ အမျိုးမျိုး စွန့်စားလုပ်ကြတဲ့သူလည်း ရှိတာပဲ။ ဒါကြောင့် စစ်သားမှ စစ်သား ဆိုတဲ့စိတ်ကို ပြောင်းကြရမယ်” လို့ မှာခဲ့ဖူးတယ်။ အဲဒီအမှာစကားတခွန်းဟာ ဒီနေ့ တော်လှန်ရေးရဲဘော်တွေအတွက်လည်း အစဉ် သတိချပ်ကြရမှာပဲ။ အဲ့ဒီလို စကားကို သတိတချက် လွတ်သွားတာနဲ့ အာဏာလု စစ်ဓားပြ မုဒိမ်းတပ်တို့နဲ့ ဘာမှမခြား ဖြစ်သွားတတ်တယ်။ ဖိနှိပ်ခံ ပြည်သူမှန်သမျှ စစ်ဓားပြတွေကို တိုက်ထုတ်ရာမှာ နိုင်ရာအပိုင်းက ပါဝင်နေတယ်လို့ မှတ်ယူကြပါ။

အဲ့ဒီလိုစိတ်ဓာတ်ကောင်းတွေ မွေးကြရမယ်။ ရန်သူကို ရန်သူလို မြင်ကြပါ။ စစ်ရေးကို စစ်ရေးလိုပဲ မြင်ကြပါ။ ‘ငါတို့ခေါင်းဆောင် ကြိုက်မှကြိုက်ပါ့မလား’ ဆိုတဲ့ တွေဝေစိတ် မမွေးကြပါနဲ့။ အဲ့လို ‘ဒွိဟစိတ်’ နဲ့ လက်နက်ကိုင်တိုက်ပွဲ ဝင်လို့မရဘူး။ ငရဲတွင်းထဲ ရောက်နေချိန်မှာ ဆက်လက် လျှောက်ကြဖို့ပဲ ရှိတယ်။ နောက်မတွန့်နဲ့၊ ကိုယ်ရွေးချယ်ခဲ့တဲ့ လမ်းက စစ်ရေးလမ်းဖြစ်တယ်။ အဆုံးထိ လျှောက်ကြရမှာပဲ။ လမ်းတဝက်မှာ ရပ်ပစ်လို့မရ။ သူရဲကောင်းပီသစွာ ကျဆုံးသွားခဲ့ကြတဲ့သူတွေရဲ့ သစ္စာကို စောင့်သိကြရမှာဖြစ်တယ်။ သူတို့သွေးနဲ့ ခင်းတဲ့လမ်းအတိုင်း လျှောက်ကြရမှာဖြစ်တယ်။

ကိုယ်က ရန်သူကို အပြီးတိုင် အမြစ်ဖြတ် အနိုင်ယူပြီးတဲ့ အချိန်ကြတော့မှ ရန်သူအဖြစ် သဘောမထားဘဲ သဘောထားကြီးပေးလို့ရတယ်။ သူ့လုပ်ရပ် သူ့ပြစ်ဒဏ်ကို ဥပဒေအတိုင်း ခံယူသွားခြင်းဟာ စစ်ရေးမဟုတ်တော့ဘူး။ တရားမျှတရေးပဲ ဖြစ်တော့တယ်။ သူစိုက်ခဲ့သမျှ သူ ရိတ်သိမ်းတယ်လို့ပဲ သဘောထားရုံပဲ။ တရားဥပဒေဟာ လက်စားချေခြင်း မဟုတ်ကြောင်း ပြသဖို့ပဲ ဖြစ်တယ်။ အဲ့ဒီလိုအခြေအနေ မရောက်မချင်း ရန်သူအပေါ်မှာ လျှော့ပေါ့စဉ်းစားခွင့် မရှိဘူး။ ရန်သူသတ်တာ မခံရအောင် ကိုယ်က လက်ဦးမှုရှိဖို့လိုတယ်။ စစ်ရေးစစ်ရာမှာ Kill or be Killed ပဲရှိတယ်။ ‘သတ်မလား အသေခံမလား’။

သတ်ရဲ သေရဲတိုင်းလည်း အနိုင်ယူရဲတာမဟုတ်။ ကမ္ဘာ့သမိုင်းမှာရော မြန်မာ့သမိုင်းမှာပါ အနိုင်မယူရဲခဲ့လို့ ဆုံးရှုံးခဲ့ရတဲ့ သာဓက များစွာရှိတယ်။ ရှည်နေမှာစိုးလို့ သာဓကတွေတော့ ထုတ်မပြတော့ဘူး။ ကိုယ်က ပြည်သူလူထုကို ကာကွယ်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ တိုက်ပွဲဝင်ခဲ့တာ။ ယုံကြည်ချက်စစ်သားတွေ ဖြစ်တယ်။ ရန်သူဟာ ကြေးစားစစ်သားတွေ ဖြစ်တယ်။ ကြေးစားတွေဖြစ်တာကြောင့် စိတ်ဓာတ်ရေးရာမှာ ကွာခြားတယ်။ မြင့်မြတ်စိတ်မှာ ကွာခြားတယ်။ စိတ်ဓာတ်ရေးရာအရ အသာစီးရပြီးဖြစ်တယ်။ အနိုင်ယူရဲစိတ်ပဲ လိုတာ။

ဒါကြောင့် ပြည်သူ့ကာကွယ်ရေးအင်အားစု တပ်ဖွဲ့တိုင်း အနိုင်ယူရဲစိတ်ကို မွေးပြီး အဟန့်အတားမှန်သမျှ ကျော်ဖြတ် အနိုင်ယူနိုင်ကြစေကြောင်း ဆန္ဒပြု တင်ပြလိုက်ရပါတယ်။

တိုက်ပွဲတိုင်း အနိုင်ယူနိုင်ကြပါစေ။

ဂန္ထဝင်မောင်တူး 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024