
မြန်မာပြည်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် အာဏာသိမ်းစစ်ကောင်စီကို တရားစွဲဆို အပြစ်ဒဏ်ချမှတ်ခွင့်ရရေး အင်ဒိုနီးရှားလူ့အခွင့်အရေးလှုပ်ရှားသူတွေက ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာတရားရုံးကို လျှောက်ထားတောင်းဆိုခဲ့ကြပါတယ်။
လူထုတစ်ရပ်လုံးအပေါ်ပြစ်မှုကျူးလွန်ခဲ့တာ၊ မြန်မာနိုင်ငံရှိ မွတ်စလင် ဘာသာဝင်တွေအပေါ် လူမျိုးတုန်းသတ်ဖြတ်ခဲ့တာနဲ့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တာတွေအတွက် မြန်မာစစ်ကောင်စီကို တရားစွဲဆိုရမှာဖြစ်တယ်လို့ အဲဒီလျှောက်ထားချက်ထဲမှာတင်ပြထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ အခြေခံဥပဒေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ရင် နေရာဒေသခွဲခြားသတ်မှတ်ထားခြင်းမရှိဘူးလို့ ဆိုပါတယ်။
ဒါပေမဲ့ ၂၀၀၀ ပြည့်နှစ်မှာ အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ ဥပဒေ အခန်း ၂၆ ၊ အပိုဒ် ၅ မှာတော့ လူ့အခွင့်အရေးချိုးဖောက်မှုအတွက် ခုံရုံးတင် တရားစွဲဆိုနိုင်ဖို့ ပြစ်မှုကျူးလွန်ကြောင်းစွပ်စွဲခံရသူဟာ အင်ဒိုနီးရှားနိုင်ငံသား ဖြစ်ရမယ်လို့ ပါရှိပါတယ်။
အဲဒါကြောင့် ဒီလျှောက်ထားချက်မှာတော့ အဲဒီစာပိုဒ်ကို ပြင်ဆင်ပြီး မြန်မာနိုင်ငံသားတွေကိုပါ အကာအကွယ်ပေးနိုင်ဖို့ ကြိုးပမ်းနေကြတာဖြစ်ပါတယ်။
“ဘယ်သူမဆို တရားဥပဒေရဲ့ အကျိုးကို တန်းတူခံစားရမယ်ဆိုတာ၊ အင်ဒိုနီးရှားရဲ့ အခြေခံဥပဒေမှာ ရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်”လို့ ဒီလျှောက်ထားချက်ကို ဦးဆောင်တင်သွင်းခဲ့သူ အင်ဒိုနီးရှားနိုင်ငံရဲ့ ရှေ့နေချုပ်ဟောင်း မာဇူကီဒါရုစ်မန်က ပြောပါတယ်။
ဥပဒေပါ အဲဒီစာပိုဒ်ကို ပြင်ဆင်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံသားတွေကို အကာအကွယ်ပေးနိုင်တဲ့အထိ အဲဒီဥပဒေရဲ့ နယ်နိမိတ်ကိုချဲ့ထွင်နိုင်ပြီး မြန်မာစစ်ကောင်စီကို တရားရုံးတင်နိုင်လိမ့်မယ်လို့ ဒါရုစ်မန် က ယုံကြည်ထားပါတယ်။
စက်တင်ဘာ ၇ ရက်ကတင်သွင်းခဲ့တဲ့ အဆိုပါလျှောက်ထားချက်ဟာ အင်ဒိုနီးရှားကနေ နိုင်ငံနယ်နိမတ်ကျော်လွန်ကာ မြန်မာစစ်ကောင်စီကို ပထမဆုံး တရားစွဲဆို ခုံရုံးတင်နိုင်မယ့်အမှုရဲ့ ပဏာမအစလည်း ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ တရားစီရင်ရေးစနစ်ဟာလည်း စစ်ကောင်စီရဲ့ နိုင်ငံရေးလက်နက်ဖြစ်နေပြီလို့ လျှောက်ထားတောင်းဆိုသူတွေက ယုံကြည်နားလည်နေကြတယ်လို့ တရားဥပဒေရေးရာတွေကို ရေးသားဖော်ပြနေတဲ့ Jurist သတင်းဝက်ဘ်ဆိုက်မှာဖော်ပြပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့် ကျဆုံးခဲ့ရသူတဲ့ပြည်သူ ၂၂၇၂ ဦး ရှိခဲ့ပြီး ဖမ်းဆီးချုပ်နှောင်ခံရသူပေါင်း ၁၂၃၄၀ ဦးရှိခဲ့ကာ ဒီအထဲက ၁၄၄၈ ဦး ထောင်ဒဏ်ချမှတ်ခြင်းခံထားရတယ်လို့ AAPP သတင်းအရ သိရပါတယ်။ ဒါ့အပြင် ပြည်သူ ၁ ဒသမ ၂ သန်းလောက်ဟာလည်း အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်ထွက်ပြေးနေကြရပါတယ်။