DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် ပြည်သူလူထုနေအိမ်ပေါင်း ၂၈,၄၀၀ ကျော်ရှိလာ
DVB
·
August 27, 2022
စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် ပြည်သူလူထုနေအိမ်ပေါင်း  ၂၈,၄၀၀ ကျော်ရှိလာ
1 / 7
Donate to DVB

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ အကြမ်းဖက် မီးရှို့ဖျက်ဆီးမှုကြောင့်  ဩဂုတ် ၂၅  ရက်နေ့ထိ  မြန်မာနိုင်ငံတဝန်းမှာ ပြည်သူလူထုတွေရဲ့ နေအိမ်ပေါင်း ၂၈,၄၃၄ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အချက်အလက်တွေ စောင့်ကြည့်ပြုစုထုတ်ပြန်ပေးနေတဲ့ Data for Myanmar က ဒီကနေ့ည သတင်းထုတ်ပြန်ပါတယ်။

နေအိမ် မီးရှို့ခံရတဲ့ ဖြစ်စဉ်တွေဟာ မြန်မာနိုင်ငံတဝန်း ပြည်နယ်နဲ့တိုင်းဒေသကြီး ၁၁ ခုမှာရှိတဲ့  နေရာပေါင်း ၆၄၅ နေရာမှာဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဒီအထဲမှာ စစ်ကိုင်းတိုင်းမှာ ပြည်သူလူထုနေအိမ်ပေါင်း  ၂၀,၁၅၃ လုံးနဲ့ အများဆုံးဖြစ်ပြီး  မကွေးတိုင်းမှာ ၅,၄၁၈ လုံးနဲ့ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၂,၈၆၃ လုံး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ 

ပြည်နယ်တွေထဲမှာ တော့ ချင်းပြည်နယ်မှာ နေအိမ်ပေါင်း ၁၄၇၄ လုံးနဲ့ အများဆုံးဖျက်ဆီးခံရပြီး ကချင်ပြည်နယ်မှာ ၄၀၅ လုံး၊ ကရင်နီ (ကယား)ပြည်နယ်မှာ ၄၁၈ လုံး၊ မွန်ပြည်နယ်မှာ ၂၁၁ လုံး၊ ရှမ်းပြည်နယ်မှာ  ၁၃၂ လုံးနဲ့ ကရင်ပြည်နယ်မှာ နေအိမ် ၇ လုံး အသီးသီး မီးရှိ့ဖျက်ဆီးခံရပါတယ်။ 

လအလိုက်မှာတော့ စစ်ကောင်စီတပ်တွေဟာ ဩဂုတ်လအတွင်း လူနေအိမ်ပေါင်း ၃,၅၃၆ လုံးကို ဖျက်ဆီးခဲ့ကြပြီး အဲဒီအရင်လတွေဖြစ်တဲ့ မေလမှာတော့ ၆,၇၂၄ လုံး၊ ဇွန်လမှာ ၄,၅၃၃ လုံး၊ ဇူလိုင်လမှာ ၁,၈၅၃ လုံးကို မီးရှို့ဖျက်ဆီးမှု အများဆုံး ကျူးလွန်ခဲ့ကြတာကို တွေ့ရပါတယ်။  

ဒီအချက်အလက်တွေရရှိဖို့အတွက် အများပြည်သူသိရှိပြီးဖြစ်တဲ့ သတင်းမီဒီယာတွေ၊ ဒေသဆိုင်ရာ သတင်းမှန်ပြန်ကြားရေးအဖွဲ့တွေကဖော်ပြခဲ့တဲ့ တိုက်ပွဲသတင်းတွေနဲ့ နေအိမ်မီးရှို့ခံရတဲ့ သတင်းတွေကို ပြန်လည်စိစစ်ပြီး ဒေသခံ လူအခွင့်အရေးအဖွဲ့တွေနဲ့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့အဖွဲ့တွေက ထုတ်ပြန်တဲ့ စာရင်းတွေနဲ့လည်း တိုက်ဆိုင်စစ်ဆေးပြုစုခဲ့တာလို့ Data for Myanmar ကဆိုပါတယ်။ 

ဒါ့အပြင် မီးရှို့ခံရတဲ့ အရေအတွက်များတဲ့ ဖြစ်စဉ်တွေကို  NASA အဖွဲ့ရဲ့   Fire Information for Resource Management System (FIRMS Database) က အချက်အလက်နဲ့ အတည်ပြုလို့ရသမျှ စိစစ်ထားတယ်လို့လည်းဆိုပါတယ်။

မီးရှို့ခံရမှုဖြစ်စဉ် ဖြစ်ပွားခဲ့တာကိုသိရှိပေမဲ့ အရေအတွက်နဲ့ နေ့စွဲ မပြည့်စုံတဲ့ အချက်အလက်တွေ ချန်ထားခဲ့ရတာကြောင့် မြေပြင်နဲ့ နီးစပ်တဲ့အဖွဲ့တွေရဲ့ အချက်အလက်တွေက အရေအတွက် ပိုများနိုင်ပြီး ဆက်သွယ်ရေးခက်ခဲတာနဲ့ တိုက်ပွဲတွေကြောင့် အချက်အလက်တွေ ရရှိမှု နှောင့်နှေးတာတွေရှိသလို မသေချာတဲ့ အရေအတွက်တွေကို ထည့်သွင်းမထားဘူးလို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ မြန်မာနိုင်ငံဒေသအနှံ့ အထူးသဖြင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်မှာ စစ်ကြောင်းတွေထိုးပြီး‌ ကျေးရွာတွေကို ဝင်ရောက်မီးရှို့ဖျက်ဆီး၊  ရွာသားတွေကို ဖမ်းဆီး သတ်ဖြတ်မှုတွေကို နေ့စဉ်လိုလို ကျူးလွန်နေတာဖြစ်ပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံအနှံ့ မြို့ရွာတွေမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ အာဏာသိမ်းကာလ ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှု ကြောင့် အပြစ်မဲ့ကျဆုံး ပြည်သူ ၂,၂၅၀ နီးပါးနဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၅,၂၄၀ နီးပါးထိ ရှိလာခဲ့ပြီလို့ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ စစ်တပ်က နေအိမ်တွေ၊ ရပ်ရွာတွေကို မီးရှို့တဲ့ကိစ္စဟာ လုံးဝမှားယွင်းပြီး တပ်မတော်အနေနဲ့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်ကြောင်း၊ ဒုက္ခသည်တွေကို ဒုက္ခရောက်အောင် နေအိမ်တွေမီးရှို့ဖျက်ဆီးတယ်ဆိုတာ မဖြစ်နိုင်ကြောင်းနဲ့ ပြည်သူလူထုရဲ့ နေအိမ်တွေကို မိမိတို့က မီးရှို့ဖျက်ဆီးတဲ့ အချက်ကို လုံးဝငြင်းဆိုကြောင်း ပြောကြားထားပါတယ်။

Graphic - Data For Myanmar

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013