Home
ဆောင်းပါး
လောင်မီးတိုက်လျက် စစ်မိစ္ဆာစက်
DVB
·
August 26, 2022

မြန်မာပြည်ဖွဲ့စည်းခဲ့ပုံအရ တိုင်း ၇ တိုင်း၊ ပြည်နယ် ၇ ခုနဲ့ ဖွဲ့ခဲ့တာ။ ဒီနေ့အချိန်မှာ အဲဒီတိုင်းနဲ့ ပြည်နယ် ၁၄ ခုလုံး စစ်မိစ္ဆာကောင်တွေရဲ့ မီးလောင်တိုက်အသွင်းမခံရတဲ့ ဒေသမရှိသလောက်ပဲ။ မြန်မာတပြည်လုံး လောင်မီးကျခဲ့ရပြီ။ စစ်မိစ္ဆာလက်ချက်နဲ့ မသေဘူးတဲ့ မြို့ရွာဆိုတာ မရှိသလောက်။ ဘုရားရှင် သက်ရှိထင်ရှား ရှိနေသေးရင် ကိသာဂေါတမီကို စစ်မိစ္ဆာ သေနတ်ပြောင်းနဲ့ မသေဘူးတဲ့ဒေသက မုံညင်းစေ့ကို အရှာခိုင်းလေမလား မပြောတတ်။ မြန်မာပြည် မီးလောင်ပြင်ပေါ်မှာ လောင်မီးကျပြီး သေဆုံးသွားသူတွေကို မြင်ပြီး ကိသာဂေါတမီ တရားရသွားလို့ ‘ခေတ်သစ်ကိသာ ဂေါတမီချွတ်ခန်း’ ဆိုပြီး သုတ္တံအသစ်တောင် ပေါ်လာလောက်ရဲ့။

မှတ်မိသမျှ ပထမဆုံး လောင်မီးအတိုက်ခံရတဲ့မြို့က ကရင်နီပြည်နယ်ရဲ့ အထင်ကရ အလှဆုံးမြို့အဖြစ် သတ်မှတ်ပြီး အာဆီယံမှာ ဆုရထားတဲ့ ဒီးမော့ဆိုမြို့လေးက စတာ။ နောက်တော့ ချင်းပြည်နယ်၊ ထန်တလန်မြို့လေး မီးလောင်တိုက်အသွင်းခံလိုက်ရပြန်တယ်။ ချင်းပြည်နယ်ရဲ့ ပျိုမျစ်မျစ် ထန်တလန်မြို့လေးဟာ စစ်မိစ္ဆာတို့ မီးလောင်တိုက်သွင်းခဲ့တာကြောင့် တမြို့လုံး ပြာကျခဲ့ရတယ်။ တကြိမ်တည်း လောင်မီးရှို့တာမျိုး မဟုတ်။ အကြိမ်ကြိမ်အထပ်ထပ် အငြိုးနဲ့ မီးတင်ရှို့ခြင်း ခံရတယ်။ ပြာမကျ ခံနိုင်ရိုးလား။ စုစုပေါင်း ၃၅ ကြိမ်အထိ မီးတင်ရှို့ကြတာ။

တိုင်းရင်းသားဒေသတွေရဲ့ အထင်ကရ လှပတဲ့မြို့တွေမို့ လောင်မီးကျစေတာလို့ လူမျိုးရေး မျက်စိနဲ့ မကြည့်လေနဲ့။ ရှေးဗမာတွေရဲ့ အညာသားယဉ်ကျေးမှု ထွန်းကားရာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့လည်း မြို့ရွာအနှံ့ မီးလောင်တိုက်သွင်းခံခဲ့ကြရတာ။ အခုထိလည်း လောင်လို့ ကောင်းနေဆဲ၊ ရှို့လို့ ကောင်းနေဆဲ။ ခိုးလို့ တိုက်လို့ ကောင်းနေဆဲ။ ‘လောင်မီးကျလျက် နတ်တို့စက်’ မဟုတ်တော့။ လူထုနှုတ်ဖျားမှာတော့ ‘လောင်မီးတိုက်လျက်၊ စစ်မိစ္ဆာစက်’ လို့တောင် စာတင်ကျန်ခဲ့ပြီပဲ။

တကယ်တော့ ဒီဒေသတွေထက်စောတာက ၂၀၁၈ ရခိုင်ဒေသက မွတ်ဆလင်ရွာလေးတွေကို မီးတင်ရှို့တာက  စခဲ့တာ။ ဟိုအရင်ကာလတွေကတော့ တိုင်းရင်းသားဒေသ အတော်များများ မီးလောင်တိုက်သွင်းခဲ့တာလည်း ရှိရဲ့။ အဲသလို စစ်မိစ္ဆာတို့ မီးလောင်တိုက်သွင်းခဲ့တာကို အစပိုင်းမှာတော့ နေရာတွေ၊ ဒေသတွေ၊ ရွာတွေ မြို့တွေ၊ တိုင်းတွေ၊ ပြည်နယ်တွေ ခွဲပြောလို့ ရသေးရဲ့။ နောက်ပိုင်းရောက်လာတော့ အဲဒီလို ခွဲပြောလို့မရလောက်အောင် တနိုင်ငံလုံး မီးတင်ရှို့လာခဲ့တော့တာပါပဲ။

တနိုင်ငံလုံး ဘယ်ဒေသကြည့်ကြည့် ပြာပုံတွေ၊ မီးလောင်ပြင်တွေ၊ မီးသွေးတစပြင်။ မီးလောင်ပြင်တွေ ကြားထဲက ထိုးထောင်ထွက်နေတဲ့ တိုက်ပြိုတိုက်ပျက်တွေကတော့ တချိန်က စည်ပင်ဝပြောခဲ့တဲ့ သရုပ်ကို ပြနေသလိုပါပဲ။ မည်းမည်းညို့ညို့ မီးခိုးလုံးတွေကလည်း ကောင်းကင်ပေါ် ထောင်တက်နေတဲ့ နေ့စဉ် မြင်ကွင်းတွေ။ ဝန်းကျင်အနှံ့ ကျဲပြန့် လွင့်ပျံနေတဲ့ ပြာမှုန်တွေကြောင့် ကောင်းကင်တခုလုံး မည်းမည်းမှောင်လို့။ ပြာမှုန် ပြာဖတ်တွေနဲ့ ခိုရောင်သန်းနေတဲ့ ဆီမလူးနိုင်သူ အညာသူမတို့ရဲ့ ဆံတွေလည်း ညှိုးလျော်ခြောက်သွေ့။

နှမြောတသစိတ်နဲ့ မီးလောင်ပြင်ကို ငေးကြည့်နေတဲ့ အဘွားအိုရဲ့ မျက်ရည်ပူတွေ။ သောက စကားပူတွေက “ငါ့အိမ်လေး မီးတင်ရှို့လိုက်တော့ မင်းတို့ ဘာရသွားလဲကွယ်” တဲ့။ ‘ရေအိုးအောက်က ကရွတ်ခွေလို’ အေးအေးနဲ့နဲ့ ဆွေးမြည့်နေတဲ့ အဘွားရဲ့အသံ။ လောင်မီးပူ ဟပ်နေတဲ့ မျက်ရည်ပူတွေ။ ဘယ်မှာ အေးချမ်းနိုင်ပါ့မလဲ။ အခုတော့ အဲဒီအဘွားလည်း ဆိတ်ငြိမ်ရာမှာ နားခိုခွင့်ရသွားရှာပြီပဲ။ စစ်ရှောင်ဒုက္ခတွေကြားထဲမှာ အဘွားကိုပါ ဆုံးရှုံးလိုက်ရပေါ့။ မီးခိုးအူတွေကို ငေးကြည့်ရင်း ခိုးကိုးရာမဲ့ အဘွားရဲ့ ဝိညာဉ်ငွေ့ငွေ့လေးလို ထွက်ပေါ်လာတဲ့ ဖြူလဲ့လဲ့အငွေ့တွေကပဲ ကောင်းကင်ဆီကို လွတ်လပ်ပေါ့ပါးစွာ သယ်ဆောင်သွားပါစေတော့။

အဘွားစွန့်ခွာရာ ဟောဒီမြေပြင်မှာတော့ မီးလောင်ပြင်ထဲက ငုတ်တိုမည်းမည်းတွေ။ ခွေးသေကောင်၊ ဝက်သေကောင်၊ နွားသေကောင်၊ လူသေအလောင်း အထပ်ထပ်တွေ။ အဲဒါတွေကို အဘွား ထပ်မမြင်မတွေ့ရတော့မှာမို့ ကံကောင်းသူပဲလေ။ နေပူပူ၊ ပြာပူပူ၊ အရိပ်ပူပူထဲမှာ ဘဝပူတွေ မျောလွင့်လို့။ နားခိုစရာ မီးလောင်သစ်ငုတ်တိုမည်းမည်းတွေကို မှီရင်း တချိန်က မိသားစုဘဝ ပျော်ခဲ့ ရွှင်ခဲ့ ကြည်နူးခဲ့ရတာတွေဟာ ပြာမှုန်တွေနဲ့အတူ ဒဏ္ဍာရီတွေဖြစ်လို့ ပျောက်ကွယ်သွားကြပြီပဲလေ။ ဒီရေ၊ ဒီမြေမှာ နားခိုရင်း ဒီတော ဒီတောင်တွေနဲ့ လုပ်ကိုင်စားသောက်ခဲ့ရတာ။ အခုတော့ နားခိုစရာ အရိပ်လေးတောင် လောင်မီးကျ ငုတ်တိုမည်းမည်း ဖြစ်သွားပါရောလား။ ‘သစ်တပင်ကောင်း ငှက်တသောင်းနား’ ခွင့်ပါ ဆုံးခဲ့ပြီ။

အရှင်လတ်လတ် မီးဖုတ် သင်္ဂြိုဟ်ခံလိုက်ရတဲ့ အစုလိုက်အပြုံလိုက် လူမီးသွေးတုံးတွေကလည်း အပုံလိုက်ပါပဲ။ သစ်စိမ်းချိုး အချိုးခံရတယ်ဆိုတဲ့စကားက တင်စားတာမှ မဟုတ်လေဘဲ။ လူစိမ်းချိုး ချိုးလိုက်တာ မျက်တွေ့ လက်တွေ့။ တနယ်လုံး တရွာလုံး ညှော်နံ့တွေ စွဲနေတာက သက်သေတည်နေရဲ့။ သွေးစိမ်းရှင်ရှင်တော့ ဘယ်ထွက်ပါ့မလဲလေ။ ပြည်သူ့သွေးအားလုံးက လောင်စာဖြစ်ခဲ့တာကိုး။ တဖျစ်ဖျစ်မြည်နေတဲ့ လောင်မီးကျသံတွေထဲမှာ အဆီပြင်တွေ သွေးညှော်တွေနဲ့။ လောကငရဲဆိုတာ တို့တိုင်းပြည်တွင်းမှာ ဆောက်ထားသလိုပါပဲ။

‘တောမီးလောင်တော့ တောကြောင်တွေ လက်ခမောင်းခတ်’ ကြသတဲ့။ မြို့တွေ၊ ရွာတွေ မီးလောင်တော့ ‘စစ်မိစ္ဆာတွေ လက်ခမောင်းခတ်နေလိုက်ကြတာ။’ ‘သူ့မယားနားမှာ ငါ့မယား နားကပ်နဲ့ ပါးတွေတောင် ပြောင်လို့။’ ဘားတော့ဘရက်ရေ… “ထန်တလန်မြို့ကြီး မီးရှို့စဉ်က စစ်သားမယား ဘာတွေရသလဲ။ ကနီမြို့ကြီး မီးရှို့စဉ်က စစ်သားမယား  ဘာတွေရသလဲ။ မြန်မာပြည်ကြီး မီးရှို့စဉ်က စစ်သားမယား ဘာတွေရလဲ” လို့ ရေးပေးပါလားကွယ်လို့ ရှိုက်သံတဝက် စွက်လို့ တောင်းဆိုလိုက်ချင်ပါရဲ့။

ဇွန်ဘီးမြို့ကြီးဆိုတာ ရုပ်ရှင်ထဲမှာပဲရှိတာ။ မြန်မာ ဇွန်ဘီးမြို့ကြီးကတော့ ငါတို့ရှင်သန်ရာ လောကနယ်မှာ တကယ်ရှိခဲ့တာ။ အိပ်မက်မဟုတ်ဘူး။ ဒဏ္ဍာရီမဟုတ်ဘူးကွဲ့။ ဇွန်ဘီးအရသာ သည်းထိတ်ရင်ဖို ကြေကွဲဆို့နင့် ရင်နဲ့အမျှ ခံစားချင်သပဆိုရင် မြန်မာပြည် ဇွန်ဘီးမြို့ဆီ လာခဲ့ပ။ ထန်တလန်နဲ့ ဒီမောဆိုကို ကြွခဲ့ပ။ စစ်ကိုင်းနဲ့ မကွေးကို အရောက်လှမ်းခဲ့ကြ။ မြန်မာတပြည်လုံးဟာ ‘စခရင်’ ကြီးတခုပါပဲ၊ ဧရာမပိတ်ကားကြီးတခုပေပဲပေါ့။ ကမ္ဘာ့ပြည်သူအပေါင်း ရသစုံ ခံစားနိုင်အောင်လို့ ဖိတ်ခေါ်လိုက်ချင်ပါရဲ့။

တခုတော့ ကြိုတင်တောင်းပန်ပါရစေ. အဲဒီဓာတ်ရှင်ကြည့်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေ မလာရ။ ကလေးသူငယ် စောင့်ရှောက်ရေးအဖွဲ့တွေ မလာရ။ လုံခြုံရေးကောင်စီ မလာရ။ ကုလသမဂ္ဂအဖွဲ့တွေ မလာရ။ အစိုးရိမ်ကြီးသူတွေ မလာရ။ နှလုံးရောဂါရှိသူတွေ မလာရ။ သင်တို့တတွေ ‘ဟတ်အတက်’ ရမှာလည်း စိုးထိတ်လို့ တားမြစ်တာပါ။

“ငရဲကို ဖြတ်သန်းနေရပြီဆိုရင် မရပ်နဲ့။ ဆက်လျှောက်” လို့ ချာချီက ပြောခဲ့ဖူးတယ်။ ‘လောင်မီးတိုက်တဲ့ စစ်မိစ္ဆာ စက်ကွင်း’ ကို ဖြတ်ကျော်နေရတဲ့ ပြည်သူတွေလည်း နွေဦးတော်လှန်ရေးကို ရပ်တန့်လို့မရ။ ဆက်လျှောက်ကြရမှာပဲ။ ငါတို့ချင်းပဲ ကျောခြင်းကပ်၊ လက်ချင်းထပ်လို့ တွန်းလှန်ဖြတ်တောက်ကြမယ်။ လက်တွေ့မျက်တွေ့ အသွေးအသားနဲ့ လတ်လတ်ဆတ်ဆတ် ခံစားနေရတာက ငါတို့ပဲရှိတာကိုး။ စာနာသနားခြင်းတွေ၊ အကြိမ်တရာ စိုးရိမ်ခြင်းတွေကို ငါတို့မလိုဘူး။ အဲ့ဒါတွေက ငါတို့အတွက် အဖြေမဟုတ်ဘူးကွယ်။

ဟော့ဒီ မြန်မာဇွန်ဘီးမြို့ကြီးဆီကိုတော့ ထုသားပေသားကျနေတဲ့ သုဘရာဇာနဲ့ ပြည်တွင်းစစ်ရဲ့ စစ်သားကောင်တွေပဲ လာခွင့်ရှိတယ်။ ကြည့်ခွင့်ရှိတယ်။ တကယ်တော့ ငါတို့ပြဇာတ်ကို ငါတို့ပဲ ကြည့်နေရ၊ စာနာနေရတာနဲ့ လုံလောက်ပါတယ်။ ငါတို့ချင်းပဲ ဖေးမကြမယ်။ ငါတို့ချင်းပဲ အထိတ်တလန့် လက်တွဲကြမယ်။ ငါတို့ချင်းပဲ ဖြေသိမ့်ကြမယ်လေ။ အာဏာရှင်ပုစ္ဆာကို ငါတို့ချင်း လက်တွဲလို့ပဲ အဖြေထုတ်ကြမယ်။

ကဲ… တွေဝေမနေကြနဲ့။ “လောင်မီးတိုက်လျက် စစ်မိစ္ဆာစက်” ကို ဆုံးခန်းတိုင်အောင် ရိုက်ချိုးပစ်ဖို့ မာန်ဟုန်ပြင်းတဲ့ နွေဦးတော်လှန်ရေး စစ်ချီတေးသံနဲ့အတူ ထက်ကြပ်မကွာ ချီတက်ကြပါစို့။ နိုင်ရာတာဝန်ကိုယူလို့ လှူနိုင်သူကလှူ၊ ကူပံ့နိုင်သူက ကူပံ့လို့။ အားပေးနိုင်သူက အားပေး။ နွေဦးရဲဘော်အချင်း အပြစ်ဆို မြူတမှုန်တောင် မရှိစေနဲ့။ အချင်းချင်းမှာ ချို့ယွင်းချက်အချို့ရှိခဲ့ရင် ချစ်သောမျက်စိနဲ့ကြည့်ရင်း မဝေးတော့တဲ့ နွေဦးအောင်ပွဲဆီသို့သာ..။

ဂန္ထဝင်မောင်တူး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024