DVB Logo
Home
Lead Story
တရုတ် ဝရမ်းပြေး၊ ကရင် မာဖီးယားနဲ့ ရွှေကုက္ကိုကာစီနို လူကုန်ကူးမှု
DVB
·
August 25, 2022
တရုတ် ဝရမ်းပြေး၊ ကရင် မာဖီးယားနဲ့ ရွှေကုက္ကိုကာစီနို လူကုန်ကူးမှု
Donate to DVB

မြန်မာနိုင်ငံက စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ် ထိုင်းနယ်စပ်နားက ရွှေကုက္ကို အခြေစိုက် တရုတ်ကာစီနိုလုပ်ငန်းတွေနဲ့ ဆက်စပ်ပြီး လူကုန်ကူးမှု ပြဿနာက ဒေသတွင်းနိုင်ငံတွေအထိ စိုးရိမ်စရာဖြစ်လာနေတဲ့အကြောင်း The Diplomat မဂ္ဂဇင်းမှာ ရေးသားထားပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် လုံခြုံရေးအရ ထွက်ပြေးရတဲ့ ဒုက္ခသည်တွေ အမျိုးသမီးနဲ့ ကလေးတွေ ရောင်းစားခံရတာတွေ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေဟာ ဒေသတွင်းနိုင်ငံတွေအထိ ပျံ့နှံ့လာနေတဲ့အကြောင်း အရှေ့တောင်အာရှက တရုတ်ခါးပါတ်ကွင်း Belt and Road စီမံကိန်းတွေအကြောင်း လေ့လာနေတဲ့ ဟောင်ကောင် Citi  တက္ကသိုလ်ရဲ့  ပြည်သူ့ရေးရာနဲ့ နိုင်ငံတကာရေးရာ သုတေသီ Debby S. W. Chan က ရေးသားထားတာပါ။ 

အဲဒီလူကုန်ကူးခံရသူတွေကို ထိုင်းနိုင်ငံမှာ လစာကောင်းကောင်းပေးမယ်ဆိုတဲ့ အလုပ်ခေါ်စာအတုတွေနဲ့ ထိုင်းနိုင်ငံဘက်ခြမ်းကနေ မြန်မာပြည်ထဲကို တရားမဝင်ခေါ်ဆောင်သွားတာတွေရှိနေပြီး တရုတ်စကားပြောသူတွေပါ ပါဝင်နေတယ်လို့ ဖေါ်ပြထားပါတယ်။ ဒါ့ပြင် မလေးရှားနိုင်ငံသားတွေ ထိုင်ဝမ်နဲ့ ဟောင်ကောင်နိုင်ငံသားတွေပါ ရောင်းစားကျွန်ပြုခံရတဲ့ထဲမှာ ပါဝင်နေတယ်လို့ ဆိုပါတယ်။ သူတို့တွေဟာ လှောင်ပိတ်ခံထားရပြီး အွန်လိုင်းကတဆင့် လိမ်ညာတဲ့အလုပ်ခေါ်တဲ့လုပ်ငန်းတွေလုပ်ကိုင်နေရကာ စေခိုင်းတာတွေကို မလိုက်နာသူတွေဟာ အဆိုးရွားဆုံး နှိပ်စက်ညှဉ်းပန်းခံရလေ့ရှိတယ်လို့ ဆိုပါတယ်။ ရောင်းစားခံရသူတွေ ပြန်လည်လွတ်မြောက်ဖို့ သူတို့မိသားစုတွေက တောင်းဆိုတဲ့ငွေကြေး ပေးရတယ်လို့ ဆောင်းပါးမှာ ဖေါ်ပြထားပါတယ်။

အလုပ်ခန့်စာအတုတွေနဲ့ လိမ်ညာရောင်းစားခံရသူတွေကို ကရင်ပြည်နယ် မြဝတီနယ်စပ်နားက စစ်ကောင်စီလက်အောက်ခံ ကရင် BGF တပ်တွေ ထိန်းချုပ်တဲ့နယ်မြေ ရွှေကုက္ကိုနားမှာ ထိန်းသိမ်းထားလေ့ရှိတယ်လို့ သိရပါတယ်။ 

အထူးစီးပွားရေးဇုန်လို့အမည်ပေးထားတဲ့ ဒေါ်လာ ၁၅ ဘီလီယံ (ဒေါ်လာ သန်းပေါင်း ၁၅၀၀၀တန်) ရွှေကုက္ကိုစီမံကိန်းကို ကရင်နယ်ခြားစောင့် BGF အပိုင် ချစ်လင်းမြိုင် ကုမ္ပဏီနဲ့ ကမ္ဘောဒီယားနိုင်ငံသားခံယူထားတဲ့ တရုတ်လူမျိုး ရှီဂျီဂျန် (She Zhijiang) တို့က ဖက်စပ်အနေနဲ့ ၂၀၁၇ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။ နည်းပညာအဆင့်မြင့် စက်မှုဇုန်တွေ လေဆိပ်တွေနဲ့ အဆင့်မြင့် အိမ်ရာတွေ ဟိုတယ်တွေပါဝင်မယ်လို့ ပုံဖေါ်ထားပါတယ်။ တရုတ်စီးပွားရေးသမားတွေ အလုပ်သမားတွေ လည်ပတ်သူခရီးသွားတွေနဲ့ ဒီဒေသကို ကရင်ပြည်နယ်ထဲက တရုတ်မြို့တော်လို့ ဒေသခံတွေက သိထားကြတယ်လို့ ဆောင်းပါးရှင်ကဆိုပါတယ်။

ဒါပေမဲ့ အထောက်အထားတွေအရ ဒီနေရာဟာ ကာစီနိုလုပ်ငန်းတွေ လိမ်လည်အလုပ်ခေါ်မှုတွေနဲ့ တရားမဝင်လုပ်ငန်းတွေလုပ်ကိုင်ရာဒေသဖြစ်လာပါတယ်။  ရှီဂျီဂျန်ဟာ တရုတ်နိုင်ငံက အလိုရှိနေတဲ့ ဝရမ်းပြေးတယောက်ဖြစ်ပြီး သူ့ကို တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ကိုင်မှုနဲ့ ထိုင်းအာဏာပိုင်တွေက ပြီးခဲ့တဲ့ သြဂုတ်လလယ်ပိုင်းမှာဖမ်းဆီးမိခဲ့ပါတယ်။ 

ရှီပိုင်ဆိုင်တဲ့ Yatai International ကုမ္ပဏီ ရွှေကုက္ကိုစီမံကိန်းဟာ တရုတ်အစိုးရရဲ့ Belt and Road စီမံကိန်းထဲမှာ ပါဝင်တယ်လို့ဆိုထားပြီး ၂၀၁၇ခုနှစ်က ဆင်ဟွာသတင်းမှာ ရွှေကုက္ကို မြို့သစ်စီမံကိန်းဟာ BRI စီမံကိန်းရဲ့ အရေးပါတဲ့အစိတ်အပိုင်းတခုလို့ ဖေါ်ပြဖူးပါတယ်။ ဒီစီမံကိန်းကို တရုတ်အစိုးရပိုင် ဆောက်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Metallurgical Group Corporation က ဆောက်လုပ်တယ်လို့ ဆောင်းပါးမှာရေးထားပါတယ်။

ကာစီနိုလုပ်ငန်းတွေ ရာဇဝတ်မှုတွေ ပေါ်ပေါက်လာခဲ့တဲ့နောက်မှာတော့ ၂၀၁၉ ခုနှစ်အတွင်း ကရင်ပြည်နယ်အစိုးရက ရွေကုက္ကို စီမံကိန်းကို ရပ်ဆိုင်းစေခဲ့ပါတယ်။​ အဲဒီချိန်က အန်အယ်လ်ဒီ အစိုးရက ဒီစီမံကိန်းကို စုံစမ်းစစ်ဆေးခဲ့ပါတယ်။ တရုတ်အစိုးရဘက်ကလည်း ရွှေကုက္ကိုစီမံကိန်းဟာ ပုဂ္ဂလိက လုပ်ငန်းသာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

စစ်အာဏာမသိမ်းခင်ကာလကတည်းက ရွှေကုက္ကိုစီမံကိန်းနောက်ကွယ်က တရားမဝင်လုပ်ငန်းတွေအကြောင်း Karen Peace Support Network အဖွဲ့က ဖေါ်ထုတ်ခဲ့ပါသေးတယ်။ မြန်မာနိုင်ငံသားတွေလည်း လိမ်ညာအလုပ်သွင်းခံရပြီး ရွှေကုက္ကိုမှာ ကျွန်ပြုခံခဲ့ကြရပါတယ်။ ၂၀၂၀ ပြည့်နှစ်က အဲဒီလိုရောင်းစားခံရသူတယောက်ကို မြန်မာ လွှတ်တော်ကိုယ်စားလှယ်တယောက်က ကယ်တင်ခဲ့ရဖူးပါတယ်။ စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာတော့ ဒီဒေသအကြောင်းသတင်းအချက်အလက်တွေနဲ့ ကယ်ဆယ်ရေး ကိစ္စတွေအားလုံး ပြတ်တောက် ရပ်ဆိုင်းသွားခဲ့ပါတယ်။   

ရွှေကုက္ကိုမှာ ရောင်းစားခံရတဲ့ တရုတ်နဲ့ ဟောင်ကောင်ကလူတွေကို ကယ်တင်ပေးမယ်လို့ တရုတ်အစိုးရက ကတိပြုခဲ့ဖူးပေမယ့် တကယ့်ပြဿနာကို ဖြေရှင်းဖို့ရာ လူကုန်ကူးသူ မှောင်ခိုရာဇဝတ်သားတွေကို နှိမ်နင်းနိုင်ဖို့ စစ်ကောင်စီရဲ့ သဘောထားက ပိုအရေးကြီးနေပါတယ်။ ရောင်းစားခံရသူတွေကို ကယ်တင်နိုင်ဖို့အတွက်  အာဏာသိမ်းစစ်တပ်က အရေးယူဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ခုလိုအခြေအနေတွေ ဖြစ်ပျက်နေပေမဲ့ အာဏာသိမ်းစစ်တပ်ဟာ အရပ်သားတွေကို ကာကွယ်စောင့်ရှောက်တယ်ဆိုတဲ့ အစဉ်အလာမရှိခဲ့ပါဘူး။ စစ်တပ်ဟာ အရပ်သားတွေရဲ့ အိမ်တွေ မီးရှို့ လုယက်မှုတွေနဲ့ နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်တာတွေပဲ လုပ်ဆောင်နေတာပါ။​ ရောင်းစားခံရတဲ့ နိုင်ငံခြားသားတွေအသက်ကို ဂရုစိုက်လာဖို့ အာဏာသိမ်း စစ်တပ်က စိတ်ဝင်စားမယ့် အခြေအနေ မရှိပါဘူး။

ဒါ့အပြင် ကရင်နယ်ခြားစောင့်တပ်ဟာ စကစရဲ့ အမိန့်အောက်မှာရှိနေပြီး ကရင်ပြည်နယ်ထဲက တခြားလက်နက်ကိုင်တပ်ဖွဲ့တွေကိုတိုက်ဖို့ အတူတူတိုက်စစ်ဆင်နေကြတာပါ။​ ရွှေကုက္ကိုရဲ့ စီးပွားရေး အကျိုးအမြတ်တွေက အာဏာသိမ်းစစ်တပ်ကိုပါ ဝင်ငွေရနေစေတဲ့အကြောင်း စုံစမ်းထုတ်ဖေါ်မှုတွေမှာတွေ့ရပါတယ်။ ကရင်နယ်ခြားစောင့်တပ်နဲ့ ဆက်နွှယ်နေမှုကြောင့် နိုင်ငံတကာရာဇဝတ်မှုကို ထိန်းသိမ်းနိုင်ဖို့ အာဏာသိမ်းစစ်တပ်ရဲ့ စိတ်ဝင်စားမှုမရှိခြင်းဟာ ပြဿနာတခုဖြစ်နေပါတယ်။

အာဏာသိမ်းစစ်တပ်နဲ့ တရုတ်နိုင်ငံကြားက ရင်းနှီးတဲ့ဆက်ဆံရေးကြောင့် တရုတ်အစိုးရဟာ ဒီအခြေအနေကို ထိန်းသိမ်းနိုင်သင့်ပါတယ်။ တရုတ်နိုင်ငံရဲ့ သံတမန်နည်းအရ ကြိုးပမ်းမှုကတဆင့် ရောင်းစားခံရသူတွေကို ကယ်တင်နိုင်ဖို့မျှော်လင့်တဲ့အကြောင်း တရုတ်အစိုးရအနေနဲ့ ဒီလိုပြန်ပေးဆွဲမှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ စစ်ကောင်စီနဲ့ ဆက်ဆံရေးကို ပြန်လှန်သုံးသပ်သင့်တဲ့အကြောင်း ဆောင်းပါးရှင်က တိုက်တွန်းရေးထားပါတယ်။ 

စစ်အာဏာသိမ်းမှုကို နိုင်ငံတကာအသိုင်းအဝိုင်းက ပြစ်တင်ရှုတ်ချနေတဲ့ကြားက လုံခြုံရေးကောင်စီအဖွဲ့ဝင် တရုတ်နဲ့ ရုရှားဟာ စစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုခဲ့ပါတယ်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စတင်ထူထောင်ကတည်းက တရုတ်ဟာ အချုပ်အခြာအာဏာပိုင် နိုင်ငံတခုရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မနှောက်ယှက်ရေးမူနဲ့ နေခဲ့ပါတယ်။ မြန်မာစစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ လျှော့ချမယ့် အရိပ်အယောင် မတွေ့ရပေမယ့် တရုတ်ဟာ မူလနိုင်ငံခြားရေး မူဝါဒအတိုင်းပဲ ဆက်လက်ဆုတ်ကိုင်ထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလက စကစခန့်အပ်တဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့တွေ့ဆုံစဉ်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တရုတ်နိုင်ငံဟာ မြန်မာရဲ့ အချုပ်အခြာအာဏာထိန်းချုပ်မှုကို အမြဲထောက်ခံအားပေးမယ်လို့  ပြောဆိုခဲ့ပါသေးတယ်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံနဲ့အတူ ခါးပတ်ကွင်းစီမံကိန်း BRI ကိုလက်တွဲလုပ်ဆောင်ဖို့လည်း နှစ်ဘက် သဘောတူခဲ့ကြပါတယ်။ 

BRI စီမံကိန်းက နိုင်ငံတကာ ဒေသတွေဆက်သွယ်ရေးကို မြှင့်တင်ဖို့ရည်ရွယ်ပါတယ်။ အခြေခံအဆောက်အဉီ လမ်းပန်းဆက်သွယ်ရေးစီမံကိန်းတွေက ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုတွေအရသာ အကောင်အထည်ဖေါ်မယ်ဆိုရင် တရုတ်နဲ့ မိတ်ဖက်နိုင်ငံတွေအားလုံးရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေဖို့ အလားအလာတွေ အကြီးအကျယ်ရှိပါတယ်။ ဒါပေဲ့ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံလမ်း China-Myanmar Economic (CMEC) စီမံကိန်းအကောင်အထည်ဖေါ်ရေးမှာ လက်ရှိစစ်ကောင်စီလက်အောက်က မြန်မာနိုင်ငံ အခြေအနေအရ လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင် စံချိန်စံညွှန်းတွေကို လိုက်နာနိုင်ပါ့မလားဆိုတာကို ဆောင်းပါးရှင်က မေးခွန်းထုတ်ထားပါတယ်။

BRI စီမံကိန်းတွေကြောင့် မြန်မာနိုင်ငံက ပြဿနာတွေ ပိုဆိုးသွားစေနိုင်တာမျိုးကိုလည်း တွေ့မြင်ကြရပါတယ်။ စစ်ကောင်စီကိုငွေကြေးထောက်ပံ့တာနဲ့သူတို့ကို တရားဝင်အသိအမှတ်ပြုမှုက လူ့အခွင့်အရေးချိုးဖေါက်မှုနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို ပိုဆိုးရွားစေနိုင်ပါတယ်။ မြန်မာနိုင်ငံကလူ့အခွင့်အရးချိုးဖေါက်မှုတွေ ပိုမိုဆိုးရွားလာနေတာနဲ့ လူကုန်ကူးမှုအခြေအနေတွေက တရုတ် အစိုးရရည်မှန်းထားတာတွေနဲ့ ဆန့်ကျင်နေပါတယ်။ 

စစ်အာဏာသိမ်းပြီးချိန်ကတည်းက တရုပ်အစိုးရဟာ မြန်မာပြည်က လူမှုဒုက္ခအကျပ်အတည်း ပြေလျော့နိုင်ဖို့အတွက် ဖိအားပေးမယ့်အစား နိုင်ငံရေးအရ စေ့စပ်ဆွေးနွေးမှု အတွက်ပဲ ရပ်တည်ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖေါက်မှုပြဿနာတွေက ဒေသတွင်းနိုင်ငံတွေအထိ ပျံ့နှံ့ကူးစက်လာနေပါပြီ။​ စစ်အာဏာသိမ်းပြီးနောက်မှာ တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံနဲ့ ပုံမှန်အရောင်းအဝယ်မပျက် ဆက်ဆံရေးကြောင့် ဒေသတွင်းနိုင်ငံတွေမှာပါ လူမှုလုံခြုံဘေးကင်းရေးသာမက တရုပ်နိင်ငံရဲ့ နိုင်ငံတကာနဲ့ဆိုင်တဲ့ ပုံရိပ်ကိုထိခိုက်လာစေနိုင်တယ်လို့ ဆောင်းပါးရှင်ကဆိုပါတယ်။

တာဝန်သိတဲ့ အင်အားကြီးနိုင်ငံတခုအဖြစ် အသိအမှတ်ပြုခံချင်တဲ့ရည်မှန်းချက်တွေအတွက် တရုတ်အစိုးရဟာ မြန်မာစစ်အာဏာသိမ်းအုပ်စုနဲ့ ဆက်ဆံရေးကို ပြန်လည်သုံးသပ်ရမယ့်အချိန်ပဲ ဖြစ်တယ်လို့ ဆောင်းပါးရှင် Debby S. W. Chan  ကရေးသားထားပါတယ်။ 

သန်းဝင်းထွဋ် 

(The Diplomat မဂ္ဂဇင်းဝက်ဘ်ဆိုက်မှာ  ဆောင်းရှင် Debby S. W. Chan ရေးသားထားတဲ့ “As Myanmar Coup Intensifies Regional Human Trafficking, How Will China Respond?”  ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြခြင်းဖြစ်သည်။)

AUTHOR- Debby S. W. Chan

Source : The Diplomat

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013