Home
ဆောင်းပါး
ကုလသမဂ္ဂကို စိန်ခေါ်လိုက်တဲ့ မင်းအောင်လှိုင်
DVB
·
August 22, 2022
298965330_770908740779097_7277129404225063474_n

မစ္စနိုလင်းဟေဇာဆိုတဲ့ အမည်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာမှာ မြန်မာ့နိုင်ငံရေးရပ်ဝန်းထဲ စကြားခဲ့ရတယ်။ တိတိကျကျ ပြောရရင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်နေ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် မစ္စနိုလင်းဟေဇာကို ခန့်အပ်ခြင်းကစလို့။

ကုလအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ဆိုပေမယ့် မြန်မာအကြမ်းဖက်စစ်အုပ်စုကတော့ အရေးမလုပ်။ ကမ္ဘာ့နိုင်ငံအသီးသီးက နိုင်ငံရေးအာဏာဆုပ်ကိုင်ထားနိုင်သူတွေ ဂုဏ်သရေရှိစွာ တွေ့ဆုံဆွေးနွေးဟန် ရေးပြလေ့ရှိတဲ့ ကုလသမဂ္ဂစင်မြင့်ဆိုတာ အကြမ်းဖက်စစ်အုပ်စု အနားသီခွင့်မရှိရုံမက နိုင်ငံရေးသိက္ခာ တစ်ပြားမှမရှိတဲ့ စစ်အုပ်စုရဲ့ အာဏာသိမ်း အကြမ်းဖက်မှုတွေကို မီးမောင်းထိုးပြရာ နေရာလည်း ဖြစ်နေတာကြောင့် ကုလသမဂ္ဂကို စစ်အုပ်စုကလည်း  အရေးမလုပ်ခြင်းပါပဲ။

စစ်အုပ်စုက ရှင်းတယ်။ သူတို့မှာ နိုင်ငံရေးနည်းဆိုတာလည်း မရှိလေတော့ သူတို့ကို မထောက်ခံတဲ့ ဘယ်သူ့ကိုမဆို ဆတူပြန်လည်တုံ့ပြန်ဖို့ ဝန်မလေးတဲ့  မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတဲ့ မူကိုသာ ကိုင်စွဲထားခဲ့တယ်။ ဒါ့ကြောင့်လည်း ကုလအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာဆိုလည်း ဆောရီးပဲ။

နိုလင်းဟေဇာကလည်း မြန်မာ့အရေး သူ့ရဲ့တာဝန်ရှိမှုအရ အင်မတန်ကိုင်တွယ်ရခက်တဲ့ စစ်အုပ်စုနဲ့ ထိတွေ့နိုင်အောင် ကြိုးစားရတယ်။ ပြီးတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ မျက်နှာချင်းဆိုင် ထိတွေ့ဆွေးနွေးနိုင်ခဲ့ရင် မြန်မာ့အရေး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ လိုလားချက်တွေဆီ အတန်အသင့် ဆွဲခေါ်နိုင်မလားဆိုတာမျိုးလည်း နိုလင်းဟေဇာ မျှော်လင့်ချက်ကြီးခဲ့ပုံရတယ်။

ဒါပေမဲ့ စစ်အုပ်စုက ဘယ်နိုင်ငံတကာအသိုင်းအဝိုင်းကိုမှ လူမထင်ဘူးဆိုတဲ့ အပေါက်မျိုးနဲ့ ထင်ရာစိုင်းနေခဲ့တာ အာဏာသိမ်းပြီးချိန်ကနေ ဒီနေ့အထိ အရှိန်ကျသွားတာမျိုး မရှိ။ စစ်အုပ်စုက လူမထင်တာလည်း မပြောနဲ့။ သူတို့ရဲ့အာဏာသိမ်းကာလ တစ်နှစ်ခွဲကျော်အချိန်ထိ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တန်ပြန်ရိုက်ချက်က အဖက်လုပ် မဆက်ဆံခြင်းနဲ့ စီးပွားရေး ပိတ်ဆို့မှုတချို့ ရှိလာတာက လွဲလေနဲ့ပစ်တဲ့ လေသေနတ်တွေချည်း မဟုတ်လား။

ကုလသမဂ္ဂဆို ပိုလို့ဆိုး။ ဝမ်းနည်းရပါကြောင်း၊ စိတ်မကောင်းဖြစ်မိပါကြောင်း ပြင်းထန်စွာ ကန့်ကွက်ပါကြောင်း ကြောညာချက်ထုတ်ပြန်ရုံသာရှိတော့ ပိုပြီးအဖက်လုပ်စရာမလို။ စစ်အုပ်စုကို လက်တွေ့အရေးယူနိုင်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဗီတိုအာဏာကိုင်ထားတဲ့ တရုတ်နဲ့ ရုရှားက စစ်အုပ်စုအပေါ် အထောက်အပံ့ တစ်စုံတစ်ရာရှိနေတာမို့ ပူစရာမလိုတဲ့အနေအထား။ စစ်အုပ်စုကို အထီးကျန်စေတာ၊ ပစ်ပယ်တာ၊ နိုင်ငံရေး လူရာမသွင်းတာမျိုးကတော့ စစ်အုပ်စုဆိုတာ နိုင်ငံရေးသိက္ခာမရှိလို့ အာဏာသိမ်းခဲ့တာ၊ ဒီလိုတွေ ဖြစ်လာနိုင်တယ်လို့ ကြိုးတွေးခဲ့ပြီးသား၊ ဘယ်သူမှ အဖက်မလုပ်လည်း ဂရုစိုက်နေမှာမဟုတ်။

ဒါ့ကြောင့် သူတို့ရဲ့ ရည်မှန်းချက်ပေါက်မြောက် အောင်မြင်ရေးအတွက် အကြမ်းဖက်မှုတွေကို ဆတိုးကိန်းတွေနဲ့ ဆောင်ရွက်ကာ လက်ခမောင်းခတ်ပြတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းက အပြင်းအထန် ကန့်ကွက်နေတဲ့ကြားထဲက တက်ကြွလှုပ်ရှားသူ ၄ ဦးကို အင်းစိန်ထောင်တွင်း သတ်ဖြတ် အလောင်းဖျောက်ပြခဲ့တယ်။ ပြီးတော့ နိုင်ငံတကာအသိုင်းအဝိုင်းက အလေးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မအမျိုးမျိုးတပ် ထောင်ချ၊ အကျယ်ချုပ် နေအိမ်ကနေ ထောင်ထဲပို့ပြခြင်းနည်းနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ နားရွက်ကို တံတွေးဆွတ်တဲ့အဆင့် ကျော်လွန်ကာ ထိပ်ပုတ် ခေါင်းပုတ် လုပ်ခဲ့တယ်။

စစ်အုပ်စုက အဲဒီလို ထီမထင်လုပ်နေတဲ့အချိန်မျိုးမှာ ဆိုင်းမဆင့်ဗုံမဆင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာ နေပြည်တော်ကို ထွက်ခွာသွားပြီလို့ ကုလသမဂ္ဂက ဩဂုတ် ၁၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့တယ်။ နိုလင်းဟေဇာ လေယာဉ်ပေါ်ရောက်ပြီးမှ ဖုတ်ပူမီးတိုက် ထုတ်ပြန်တဲ့သဘော။ စစ်အုပ်စုက ချက်ချင်းလက်ငင်း ဝင်ခွင့်ပြုလိုက်လို့ ငေါက်ခနဲ ထသွားလိုက်တာမျိုးလား။ ဘာသွားလုပ်မှာလဲ ဆိုတဲ့ အသံ ကျယ်ကျယ်လောင်လောင် ထွက်လာမှာစိုးလို့ လေယာဉ်ပေါ်ရောက်မှ ကြေညာလိုက်တာလားတော့ မသိ။

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုအားလုံး ချက်ချင်းရပ်ဖို့၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လွတ်လွတ်လပ်လပ်ပေးနိုင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ နောက်ဆုံး တောင်းဆိုချက်အပြီးမှာ ဒီခရီးစဉ် စတင်လိုက်တာလို့ ဆိုလေတော့ လုံခြုံရေးကောင်စီက အရှိန်အဝါကြောင့် နိုလင်းဟေဇာ ရဲ့နေပြည်တော် ခရီးစဉ် ဖြစ်လာတယ်လို့ ထင်ရတယ်။

နိုလင်းဟေဇာရဲ့ ခရီးစဉ်အတွင်း ပိုဆိုးလာတဲ့ အခြေအနေတွေနဲ့ အရေးတကြီး ဆောင်ရွက်ရမယ့် တခြားလုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စရပ်တွေကို အဓိကထား လုပ်ဆောင်သွားမယ်လို့ဆိုသလို နိုင်ငံရေးနဲ့ အရပ်ဘက် လူမှုအဖွဲ့တွေထဲက တာဝန်ရှိသူတွေ၊ လက်ရှိ ပဋိပက္ခတွေကြောင့် ထိခိုက်ခံစားနေရသူတွေနဲ့ နက်နက်ရှိုင်းရှိုင်း တိုင်ပင်ဆွေးနွေးသွားဖို့ရှိကြောင်းလည်း ကုလသမဂ္ဂရဲ့ ဩဂုတ်လ ၁၅ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။ ကုလထုတ်ပြန်ချက်အရဆိုရင် နိုလင်းဟေဇာရဲ့ နေပြည်တော်ခရီးစဉ်အပေါ် ကုလသမဂ္ဂဘက်က မျှော်လင့်ချက်ကြီး ထားပုံရတယ်။

နိုလင်းဟေဇာ နေပြည်တော်ခရီးစဉ် ထွက်ခွာသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ သတင်းထုတ်ပြန်ချက်ထွက်ပြီးပြီးချင်းမှာပင် သူ့ရဲ့ခရီးစဉ်ဟာ စစ်အုပ်စုကို တရားဝင်မှုပေးတဲ့ ပုံစံမျိုး မဖြစ်ဖို့လိုကြောင်း ပြည်တွင်း၊ ပြည်ပ မြန်မာ့နိုင်ငံရေးရပ်ဝန်းထဲက ကျယ်ကျယ်လောင်လောင် အသံထွက်ပေါ်လာခဲ့တယ်။

နိုလင်းဟေဇာ မြန်မာပြည်သူဘက်က ရပ်တည်ပါတဲ့။ အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ အိမ်ခေါင်မိုးသွပ်ပြားပေါ်မှာ How many dead bodies UN need to take action ? လို့ ရေးထားတဲ့ စာသားကိုကိုင် ဆောင်ကာ စစ်ကိုင်းတိုင်းအတွင်း စစ်တပ်မီးရှို့လို့ ပြာကျနေတဲ့ ရွာတစ်ရွာထဲ ဩဂုတ် ၁၇ ရက်နေ့မှာ ပြည်သူတချို့ ဆန္ဒပြခဲ့ကြတယ်။

နိုလင်းဟေဇာ နေပြည်တော် ရောက်ရှိနေချိန်မှာ စစ်အုပ်စုက စစ်ကိုင်းတိုင်းအတွင်းက ရွာတွေထဲ စစ်ကြောင်းထိုး သတ်ဖြတ် လုယက်၊ မီးရှို့ဖျက်ဆီးခြင်းတွေ  ပုံမှန်နှုန်းထားမပျက်။ ဩဂုတ် ၁၇ ရက်နေ့ နိုလင်းဟေဇာနဲ့ မင်းအောင်လှိုင် တွေ့ဆုံတဲ့ဓာတ်ပုံ မီဒီယာပလက်ဖောင်းပေါ် တက်လာတာ မြင်ရတာနဲ့တင် အခြေအနေမလှတဲ့ တွေ့ဆုံမှုဖြစ်ကြောင်း မြင်လိုက်ရတယ်။ ဘာလို့လဲဆိုတော့ ကုလသမဂ္ဂရဲ့ အရေးပါတဲ့ သံတမန်တစ်ဦးကို လက်ခံတွေ့ဆုံတဲ့နေရာဟာ သာမန်ဧည့်ခန်းသာ ဖြစ်ခြင်းကြောင့်ပင်။

ပုံမှန်အားဖြင့် သမ္မတရူး ရူးနေတဲ့ မင်းအောင်လှိုင်ဟာ အင်မတန်လာခဲလှတဲ့ နိုင်ငံတကာဧည့်တွေ ရောက်ရှိလာချိန်မှာ သမ္မတအိမ်တော်က ခမ်းနားလှတဲ့ သံတမန်ခန်းမမှာ လက်ခံတွေ့ဆုံလေ့ရှိသလို အာဆီယံ အထူးသံတမန် ပရက်ဆော့ခွန်း ဒုတိယအကြိမ် နေပြည်တော်ခရီးစဉ်တုန်းကလည်း သံတမန်ခန်းမမှာသာ တွေ့ဆုံခဲ့ပါတယ်။ အခု နိုလင်းဟေဇာကိုကျတော့ စစ်ကောင်စီဥက္ကဋ္ဌရုံးရဲ့ ဧည့်ခန်းမှာသာ လက်ခံတွေ့ဆုံခဲ့တဲ့အတွက် ပြီးစလွယ်ဧည့်ခန်းတစ်ခုမှာ တွေ့ဆုံခြင်းနဲ့ ကုလသမဂ္ဂအပေါ်  မထီမဲ့မြင်ပြုမှုကို မင်းအောင်လှိုင်က ဖော်ပြလိုက်ပါတယ်။

ဩဂုတ် ၁၇ ရက်နေ့ မင်းအောင်လှိုင်နဲ့ တွေ့ဆုံမှုအပြီး နိုလင်းဟေဇာရဲ့ ထုတ်ပြန်ချက်ထဲမှာ သူ့ရဲ့ ခရီးစဉ်ဟာ စစ်အုပ်စုကို တရားဝင်မှုပေးဖို့မဟုတ်ကြောင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ ပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးတာတွေ အပါအဝင် အကြမ်းဖက်မှုတွေကို လျှော့ချရေးတွေ ချက်ချင်း ဆောင်ရွက်ဖို့ စစ်အုပ်စုကို တောင်းဆိုခဲ့ကြောင်း နောက်လာမယ့် ကွပ်မျက်မှုအားလုံးကို တရားဝင် ဆိုင်းငံ့ထားဖို့၊  သြစတြေးလျ စီးပွားရေးပညာရှင် ဒေါက်တာရှောင်တာနဲလ် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့၊ လူသားချင်းစာနာမှု အကူအညီတွေကို  ခွဲခြားမှုမရှိဘဲ လိုအပ်နေသူတွေထံ အမြန်ဆုံးရောက်ရှိနိုင်ရေး ဆောင်ရွက်ပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ နေထိုင်စားသောက်ရမှု အခြေအနေတွေကို အထူးစိုးရိမ်ကြောင်းနဲ့ မကြာခင် နေအိမ်ကို အမြန်ပြန်လည်ရောက်ရှိဖို့ မင်းအောင်လှိုင်ကို တောင်းဆိုခဲ့ကြောင်း ဖော်ပြထားပါတယ်။

ကုလသမဂ္ဂရဲ့ ဩဂုတ် ၁၅ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားသလို နိုလင်းဟေဇာရဲ့ ခရီးစဉ်အတွင်း နိုင်ငံရေးနဲ့ အရပ်ဘက် လူမှုအဖွဲ့တွေထဲက တာဝန်ရှိသူတွေ၊ လက်ရှိ ပဋိပက္ခတွေကြောင့် ထိခိုက် ခံစားနေရသူတွေနဲ့ နက်နက်ရှိုင်းရှိုင်း တိုင်ပင်ဆွေးနွေးသွားဖို့ရှိကြောင်း ဆိုတာကတော့ အရိပ်အယောင်တောင် မတွေ့လိုက်ရပါဘူး။

ပြောရရင် နိုလင်းဟေဇာလည်း ကုလသမဂ္ဂရဲ့ သဘောထားနဲ့ တောင်းဆိုချက်တွေကို မင်းအောင်လှိုင်နဲ့ မျက်နှာချင်းဆိုင် တွေ့ပြီး တင်းတင်းရင်းရင်း ပြောလိုက်ရတာကလွဲလို့ ဘာမှဘာဆို အဖတ်မတင်ဘဲ လက်ချည်းဗလာနဲ့ ပြန်ခဲ့ရတာပါပဲ။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ဝိုင်းဝန်းထောက်ခံပေးတာကလွဲလို့ တခြား ဘာမှ လာမတောင်းဆိုဖို့ မင်းအောင်လှိုင်က နိုလင်းဟေဇာကနေတဆင့် ပြောကြားလိုက်တယ်လို့လည်း ဆိုနိုင်ပါတယ်။

နိုလင်းဟေဇာအနေနဲ့ နောက်တစ်ကြိမ် နေပြည်တော်ကို လာချင်ရင် အာဆီယံအထူးသံတမန် ပရက်ဆော့ခွန်းလို အပိုးကျိုးကျိုး အချိုးပြေပြေနဲ့ လာနိုင်ရင်လာခဲ့လို့ တည့်တည့်မပြောပေမဲ့ ပြောလိုက်သလိုပါပဲလို့ နိုလင်းဟေဇာအနေနဲ့ ခံစားရလိမ့်မယ်လို့ ထင်ပါတယ်။

ဘာပဲဖြစ်ဖြစ် နိုလင်းဟေဇာရဲ့ ခရီးစဉ်ဟာ တွေ့ဆုံဆွေးနွေးအဖြေရှာရေး တစ်ခုတည်းကိုသာ ကိုင်စွဲထားပြီး မြန်မာ့အရေး ကြေညာချက်တွေသာ ထုတ်ပြန်နေတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် ထိရောက်မှုရှိတဲ့ ဖိအားနဲ့ တခြားနည်းလမ်းတွေမပါဘဲ အလုပ်မဖြစ်တော့ကြောင်း ပြတ်ပြတ်သားသား သိခွင့်ရလိုက်တယ်လို့ အကောင်းဘက်က လှည့်တွေးနိုင်ပါတယ်။

မြန်မာ့အရေးကျွမ်းကျင်သူ  မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း မစ္စတာစကော့မာ စီရယ်ကတော့ မြန်မာစစ်ခေါင်းဆောင်တွေဟာ စေ့စပ်ညှိနှိုင်းဆွေးနွေးလို့ရမယ့်သူတွေ မဟုတ်ဘူးလို့ RFA နဲ့ မေးမြန်းခန်းမှာ ပြောထားပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့  မြန်မာ့အရေး တွေးမိတဲ့အခါတိုင်း မစ္စတာစကော့မာစီရယ်ရဲ့ အဲဒီမှတ်ချက်ကို အမှတ်ရသင့်ပါတယ်။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024