Home
ဆောင်းပါး
ကျမတို့ရှေ့က ကြယ်ပွင့်များ
DVB
·
July 25, 2022
293743526_729912894981702_1140477336993421024_n
Article 2

ဆရာမောင်သာနိုး ကွယ်လွန်ပြီး သိပ်မကြာခင်မှာပဲ မောင်သိင်္ဂါ အမည်နဲ့ သူရေးခဲ့တဲ့ ‘မလင်းပြာသို့’ ကဗျာက ဆိုရှယ်မီဒီယာပေါ် ပျံ့နှံ့လာခဲ့တယ်။ ကျမနားထဲမှာတော့ အသံဝါကြီးနဲ့ ဆရာကိုယ်တိုင် ရွတ်ဆိုခဲ့တဲ့ ‘မလင်းပြာ’ဆိုတဲ့ အသံကိုပဲ တစိမ့်စိမ့် ကြားယောင်နေမိပါတယ်။

သူငယ်ချင်း ကဗျာဆရာ သည်မော်နိုင်ရဲ့ စမ်းချောင်းက တိုက်ခန်းကလေးတခုမှာ ဆရာမောင်သာနိုး၊ ဆရာမောင်အောင်ပွင့်တို့ကို ဖိတ်ပြီး မိတ်ဆွေကဗျာဆရာအနည်းငယ်နဲ့ ဝိုင်းဖွဲခဲ့တဲ့ ‘အဖြူရောင်ပဲ့တင်’ ကဗျာဝိုင်းလေးကစပြီး ဆရာမောင်သာနိုးကို ဆုံဖူးခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက ဆရာ့ရဲ့ ‘မလင်းပြာ’ နဲ့ ကျမတို့ ရင်းနှီးနေခဲ့ပါပြီ။

နောက်ထပ်ကဗျာရွတ်ပွဲတခုကိုတော့ ၁၉၉၆ ဖေဖော်ဝါရီလမှာ စာရေးဆရာမ အစ်မကြီး သန်းမြင့်အောင်ရဲ့ တိုက်ခန်းကျဉ်းကျဉ်းလေးမှာ လုပ်ဖြစ်ခဲ့တယ်။ အဲဒီကဗျာရွတ်ပွဲကို ဆရာမောင်သာနိုး၊ ဆရာ(ဦး)တင်မိုးနဲ့ သမီး မိုးချိုသင်းတို့အပြင် ဆရာမ မအိ၊ ဆရာမ မရီဝေ စတဲ့ စာရေးဆရာမတချို့လည်း လာကြတော့ အားလုံး တိုးတိုးတိုက်တိုက် ထိုင်ကြ၊ တယောက် ကဗျာရွတ်တာ တယောက် နားထောင်ကြနဲ့ အတော်နွေးနွေးထွေးထွေး ရှိခဲ့ကြတယ်။

ဆရာကြီးဦးတင်မိုးက ခေါင်းရင်းမှာ မျက်လုံးကြီးမှိတ်ပြီး၊ နားထောင်တဲ့အချိန် နားထောင်လိုက် အိပ်ငိုက်တဲ့အချိန် ငိုက်လိုက်ဖြစ်ပေမယ့် ဆရာတို့နှစ်ယောက်လုံးရော၊ တခြား ကဗျာဆရာမ၊ စာရေးဆရာမများကရော ကဗျာရွတ်ပွဲ ပြီးသည်အထိ လူငယ်ကဗျာရေးသူတွေ ရွတ်တာ ဖတ်တာကို အချိန်ပေးပြီး နားထောင်ခဲ့ကြတာကို မှတ်မိနေပါသေးတယ်။

ဆရာမောင်သာနိုးတို့ ဇနီးမောင်နှံ ၃၃ လမ်း တိုက်ခန်းမှာနေတုန်းက ကျမနဲ့ ကဗျာဆရာ သန်းမြင့်အောင်တို့ ကျွန်းမကြီး ကဗျာရွတ်ပွဲအတွက် အိမ်တိုင်ရာရောက် သွားဖိတ်ဖူးပါတယ်။ သိပ်ခက်ခက်ခဲခဲ မပြောရဘဲ ဆရာက သူ လိုက်နိုင်မယ့်ရက်ကို ပြောပါတယ်။ ဒီလိုနဲ့ မကွေးက ကျွန်းမကြီး ကဗျာရွတ်ပွဲကို ဆရာမောင်သာနိုးတို့ ဇနီးမောင်နှံ၊ ပျဉ်းမနား ကဗျာဆရာတွေဖြစ်တဲ့ ဆရာမောင်သင်းခိုင်နဲ့ ကိုလှိုင်းထက်၊ ကဗျာဆရာအောင်ဝေး၊ နေဇော်နိုင် စတဲ့ မိတ်ဆွေတွေ အတော်များများ အရောက်လာခဲ့ကြပါတယ်။ အလွန်တရာ သိုက်သိုက်ဝန်းဝန်း နွေးနွေးထွေးထွေး ရှိခဲ့တဲ့ကာလတွေပါပဲ။ ကဗျာဆရာအချင်းချင်း သောက်ရင်း စားရင်း တခါတခါ ငြင်းကြ ခုံကြ ရန်ဖြစ်ကြတာကလွဲလို့ပေါ့။

ဆရာမောင်သာနိုးရဲ့ ဗိုလ်ဆွန်ပက်လမ်းက အင်္ဂလိပ်စာကျူရှင်မှာ စာပေလောကသား အတော်များများ တက်ဖူးကြပါတယ်။ ကျမနဲ့ မိတ်ဆွေကြီး ကိုသန်းမြင့်အောင်တို့က ၁၉၉၆ လောက်မှာ ဆရာ့ကျူရှင် စတက်ဖူးပါတယ်။ စာသင်တဲ့နေရာမှာ အလွန်စေတနာပါသလို အင်မတန် စည်းကမ်းကြီးတဲ့ဆရာက သူ စာသင်နေတုန်း နောက်က စကားများနေသံကြားရင် သင်ပုန်းဖျက်နဲ့ လှမ်းပေါက်တတ်တဲ့ ဆရာမျိုးပါ။

တခါတော့ ကျမရဲ့ မတောက်တခေါက် အင်္ဂလိပ်စာစွမ်းရည်နဲ့ ကိုယ့်ကဗျာတိုလေးတပုဒ်ကို ကိုယ့်ဘာသာ ဘာသာပြန်ပြီး ဆရာ့ဆီ သွားပြဖူးပါတယ်။ ဆရာက ဘာမှမပြောဘဲ ယူထားလိုက်ပြီး နောက်တနေ့ သူ့ကျူရှင်ရောက်သွားတဲ့အချိန်မှာ ‘ရော့’ ဆိုပြီး စာရွက်တရွက် ပြန်ပေးလိုက်တယ်။ ကြည့်လိုက်တော့ ကျမရဲ့ ‘ညတေး’ ဆိုတဲ့ ကဗျာလေးကို သူကိုယ်တိုင် ဘာသာပြန်ပေးထားတာပါ။ ဆရာဘာသာပြန်ပေးထားတာကို ကျမဒိုင်ယာရီထဲမှာ ကူးရေးပြီး ခုချိန်ထိ သိမ်းထားမိပါသေးတယ်။ ဆရာ့လက်ရေးနဲ့ ရေးထားတာလေးကတော့ တနေရာမှာ အသိမ်းလွန်နေခဲ့ပြီ။ 

- Night Song -
Amidst those fast asleep
I was the songster
The moon a lovely thing
The night a darling

၂၀၀၆ ခုနှစ်ဝန်းကျင်က ဆရာကြီးဦးတင်မိုး ချင်းမိုင်မြို့ကို ခေတ္တအလည်ရောက်ခဲ့ချိန်တုန်းက စာရေးဆရာမ အစ်မ မေငြိမ်းနဲ့အတူ ဆရာကြီး သွားလိုရာကို တလှည့်စီလိုက်ပို့ပေး၊ သူ ထိုင်ချင်တဲ့ ကော်ဖီဆိုင်မှာ လိုက်ထိုင်ပြီး အဖော်လုပ်ပေးခဲ့ရတဲ့ အချိန်တွေ ရှိခဲ့ဖူးပါတယ်။

ကျောက်ပန်းတောင်း အဖျော်ချိုပစ်နေအောင် ဖျော်ထားတဲ့ လက်ဖက်ရည်ကိုမှ ကြိုက်တတ်တဲ့ ဆရာကြီးက ကော်ဖီကို မကြိုက်ပေမယ့် ကော်ဖီဆိုင် ထိုင်ရတာကိုတော့ အင်မတန် ကြိုက်နှစ်သက်ပါတယ်။ ‘ကော်ဖီသောက်တာ မဟုတ်ဘူး။ ဆိုင်သောက်တာ’ ဆိုတဲ့ ဆရာကြီး စကားက မမေ့နိုင်စရာပါပဲ။ ကော်ဖီဆိုင်ချင်း တူရင်တောင်မှ တက္ကသိုလ်ကို ချစ်တတ်တဲ့ ဆရာကြီးက ချင်းမိုင်တက္ကသိုလ်ထဲက ကော်ဖီဆိုင်လေးတွေကိုမှ ပိုသဘောကျတတ်ပါတယ်။ 

 မင်းသုဝဏ် ထမနဲပွဲနဲ့ လူထုဒေါ်အမာ မွေးနေ့ပွဲ

လှည်းတန်းက ဆရာကြီးမင်းသုဝဏ် ခြံထဲမှာ နှစ်တိုင်းလိုလို လုပ်လေ့ရှိတဲ့ စာဆိုတော်နေ့ ထမနဲပွဲနဲ့ ဆရာတော် ကိုပညာရဲ့ အမရပူရ တောင်လေးလုံးကျောင်းတိုက်မှာ နိုဝင်ဘာ ၂၉  ရက်တိုင်း လုပ်နေကျ အမေလူထုဒေါ်အမာရဲ့ မွေးနေ့ပွဲတွေမှာ စာပေအသိုင်းအဝိုင်းက လူအတော်များများနဲ့ ဆုံခွင့်ရတတ်ပါတယ်။ ကျမတို့လို စာရေးသူပေါက်စတွေကို ဆရာကြီး၊ ဆရာမကြီးတွေရဲ့ စကားဝိုင်းတွေ ရောက်အောင် အမြဲခေါ်သွားတတ်တဲ့ ကဗျာဆရာမ မရီဝေတို့ မစမ်းစမ်းတင်တို့နဲ့ နီးစပ်ခွင့်ရခဲ့တာကလည်း ကံကောင်းခြင်းတပါးပါပဲ။

နိုဝင်ဘာ ၂၉ ရောက်ခါနီးပြီဆိုရင်တော့ ရန်ကုန်က စာပေမိတ်ဆွေတွေနဲ့အတူ ရထားစီးပြီး အမေ့မာ မွေးနေ့ပွဲကို သွားကြတဲ့ ချစ်စရာအလေ့အထတွေဟာလည်း အမေမာ မရှိကတည်းက တဖြည်းဖြည်း ကျဲပါးသွားခဲ့ပါပြီ။ စစ်ထောက်လှမ်းရေးတွေ စောင့်ကြည့်နေတဲ့ကြားက မဖြစ်ဖြစ်အောင် လုပ်လေ့ရှိတဲ့ ဒီလိုပွဲလေးတွေဟာ နိုင်ငံအနှံ့က လာရောက်ကြတဲ့ စာရေးဆရာ၊ ကဗျာဆရာ၊ စာပေပညာရှင်တွေရဲ့ နိုင်ငံရေးအန်တုမှုတခုလို့တောင် ဆိုကောင်း ဆိုနိုင်မယ် ထင်ပါတယ်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလမှာ မန္တလေးမှာ သတင်းယူဖို့ ဌာနက ကျမကို လွှတ်တော့ ကျမ အရင်ဆုံးသွားခဲ့တာ အမေမာ့ဆီကိုပါ။ သွားတုန်းကတော့ အမေ့ကို အင်တာဗျူးလုပ်ဖို့ပါပဲ။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ကောင်းကောင်းမကျန်းမာလို့ အိပ်ရာထဲလဲနေတဲ့ အမေမာ့ကို အင်တာဗျူးလုပ်ဖို့ စိတ်မသက်မသာဖြစ်လို့ မလုပ်ဖြစ်ခဲ့ပါဘူး။ ဘုန်းကြီးတွေ အဖမ်းဆီးခံ အရိုက်နှက်ခံရတဲ့ ကိစ္စတွေကိုလည်း အမေ သိရင် စိတ်ထိခိုက်မစိုးလို့ မပြောဖြစ်ခဲ့တော့ပါဘူး။ ၂၀၀၈ ခုနှစ် ဧပြီလမှာပဲ အမေမာ ဆုံးပါးသွားခဲ့ပါတယ်။

ကိုဗစ်ကပ်ရောဂါကာလနောက်ပိုင်းမှာ တဖြုတ်ဖြုတ်ကြွေသွားကြတဲ့ စာပေပညာရှင်တွေ များလာတာဟာ ကျမတို့အတွက် စိတ်ချောက်ချားစရာပါပဲ။ အဓိက စိတ်ချောက်ချားစေတဲ့ အကြောင်းရင်းကတော့ ဆရာကြီး မင်းသုဝဏ်တို့ အမေမာ တို့လို၊ ဆရာနိုးတို့ ဆရာတင်မိုးတို့လို ကျမတို့ကို စာပေအရိပ်ပေးနိုင်မယ့်သူတွေ တဖြည်းဖြည်းနဲ့ နည်းပါးလာတာကို ခံစားမိလို့ပါပဲ။

ကျမတို့လူငယ်ဘ၀မှာ စာပေ့ဝန်တာ နိုင်ငံ့ဝန်တာ ကျေပွန်ခဲ့ကြတဲ့ စာရေးဆရာ၊ ဆရာမကြီးများဆီက နွေးထွေးပျူငှာမှုနဲ့ လူငယ်တွေကို နေရာပေးတတ်တဲ့ သဘောထားပြည့်၀မှုတွေ အပြည့်အ၀ခံစားခဲ့ရဖူးလို့ စိတ်လုံခြုံမှုရှိခဲ့သလို အတွေးအမြင်တွေ လင်းပွင့်ခဲ့ရပါတယ်။ သတင်း၊ သုတ၊ ရသ စာပေလွတ်လပ်ခွင့်တွေ အတော်လေးဆိတ်သုဉ်းခဲ့တဲ့ စာပေကင်ပေတိုင်ခေတ်လို ခေတ်မျိုးမှာတောင် အတွေးအမြင်၊ ဉာဏ်ပညာနဲ့ ချစ်ခြင်းမေတ္တာ မျိုးစေ့တွေ တတ်နိုင်သရွေ့ ချပေးခဲ့တဲ့ ပညာပြည့်၀ နှလုံးလှကြသူများရဲ့ ကျေးဇူးက ကြီးမားခဲ့ပါတယ်။

ကြယ်တပွင့် ကြွေသွားတာကို ကောင်းကင်မှာ ဖျတ်ခနဲ တွေ့လိုက်တဲ့အခါ စိတ်မှာ လစ်ဟာသွားရသလိုပါပဲ။

ကျမတို့ရှေ့မှာ တဖြုတ်ဖြုတ် ကြွေသွားတဲ့ ကျေးဇူးကြီးမားတဲ့ ကြယ်ပွင့်တွေဆီက အသိဉာဏ်ပညာ အလင်းကို ဆက်ပြီး ထွန်းညှိနိုင်မယ့်သူတွေ ပိန်းပိတ်အောင် မှောင်နေတဲ့ သည်ကာလထဲ ပေါ်ပေါက်လာပါစေလို့ပဲ ဆုတောင်းမိပါတယ်။

မြတ်

(The Myanmar Peace Narrative မှ ရေးသားတင်ဆက်သည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024