Home
ဆောင်းပါး
အနာဂတ်နိုင်ငံသစ်ဆီသို့ မျှော်ရည်
DVB
·
July 11, 2022

‘ဖက်ဒရယ်’ ဆိုတဲ့အသံတွေ လှိုင်လှိုင်ကြားနေရတယ်။ ဟိုအရင်နှစ်ကာလတွေကတော့ ‘ဖက်ဒရယ်’ စကားပြောရင် သေချာတယ် အဲဒါ သူပုန်ပဲ။ တိတိကျကျပြောရင် ၁၉၆၂ စစ်တပ်က အာဏာသိမ်းပြီးကတည်းက ‘ဖက်ဒရယ်’ဆိုတာ သူပုန်သုံးတဲ့ ဝေါဟာရပဲ ဖြစ်ခဲ့တာကိုး။ လူအများစုကလည်း စစ်တပ်က ဝါဒဖြန့်တဲ့အတိုင်း “ဖက်ဒရယ်” ဆိုရင် ခွဲထွက်ရေးလို့ပဲ ထင်နေကြတာကလား။ ဒီတော့ ‘ဖက်ဒရယ်’စကားဟာ ရာဇဂိုဏ်း၊ ဓမ္မဂိုဏ်းသင့်တဲ့ ဝေါဟာရတခုပေပဲပေါ့။ ရာဇဝတ်မှုတခုလိုပါပဲ။

ဟော အခုတော့ ဖက်ဒရယ်စကားတွေကို တွင်တွင်ကျယ်ကျယ် ပြောလာကြ။ ဆွေးနွေးလာကြပြီ။ ပြည်သူလူထုကလည်း ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးမဟုတ်ဘူး ဆိုတာကို သိနားလည်လာတယ်။ တပြိုင်တည်း ဒီနေ့ အမြင်ကျယ်တဲ့ လူငယ်တွေမှာတော့ ‘တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်ကို တောင်းဆိုတာ’ ဆိုတဲ့အပေါ်မှာ စာနာတတ်လာကြတယ်။ အခုချိန်မှာတော့ ဖက်ဒရယ်ဟာ ဗမာနိုင်ငံရဲ့ ပြဿနာတရပ် မဟုတ်တော့ဘဲ ‘ပြည်ထောင်စုအတု’ကို ဖန်တီးပြီး တပြည်လုံးကို လက်ဝါးကြီးအုပ် ဖိနှိပ်ထားတဲ့ စစ်အာဏာရှင်သည်သာ အဓိကပြဿနာလို့ သိလာကြပြီ။

ဗမာ့နိုင်ငံရေးပြဿနာရပ်အားလုံး ပြေလည်ငြိမ်းချမ်းဖို့ဆိုရင် စစ်အာဏာရှင်စနစ်ကို အမြစ်က ဖြတ်ပစ်နိုင်ရေးသည်သာ အဓိကဖြစ်လာတယ်။ ဒါကြောင့် တောင်ပေါ်ဒေသတွေသာမက မြေပြန့်ဒေသတွေမှာပါ စစ်အာဏာရှင် တော်လှန်ရေးတွေကို အင်တိုက်အားတိုက် လုပ်လာကြတယ်။ တောင်ပေါ် မြေပြန့် လက်နက်ကိုင်တော်လှန်ရေးကို မြိုင်မြိုင်ကြီး အတူတကွ လက်တွဲလုပ်ဆောင်လာကြတယ်။ အားရစရာပါပဲ။

တကယ်တော့  မြန်မာနိုင်ငံမှာ ‘ပြည်ထောင်စု’လို့ အမည်ခံထားတဲ့ ဖွဲ့စည်းပုံတွေ အမျိုးမျိုး ပြောင်းလဲခဲ့ပြီ။ တိုင်းရင်းသားတွေနဲ့ အတူတကွ ညှိနှိုင်းအဖြေရှာချမှတ်ခဲ့တဲ့ ၁၉၄၈ ခု ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေဟာ ၁၉၆၂ မတ်လ ၂ ရက် စစ်တပ်က နိုင်ငံ အာဏာသိမ်းယူတဲ့နေ့မှာပဲ ပြိုကွဲပျက်စီးသွားခဲ့ပါပြီ။ တခါ ၁၉၇၄ ခု ‘ဆိုရှယ်လစ်ပြည်ထောင်စု’ အခြေခံဥပဒေကြီးဟာလည်း ၁၉၈၈ အရေးတော်ပုံကြီးက ဖြိုချပျက်သုဉ်းစေခဲ့ပြီ။ ၂၀၀၈ နအဖ စစ်အုပ်စု ရေးဖွဲ့ပြီး နာဂစ်မုန်တိုင်းကလမှာ အတည်ပြုခဲ့တဲ့ နာဂစ်အခြေခံဥပဒေကြီးကလည်း သက်ဆိုးသိပ်မရှည်ဘဲ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာပဲ ပျက်စီးပြိုကျသွားခဲ့ပြန်ပါတယ်။

နာဂစ်အခြေဥပဒေကြီး မကြာမီ ပြိုကျပျက်စီးသွားမယ့်အကြောင်းကိုတော့ အဘဦးရွှေအုန်း(ညောင်ရွှေ)က “နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီအစိုးရက ရေးဆွဲ အတည်ပြုသော တတိယပြည်ထောင်စုသည်လည်း အခြေခံမခိုင်မာသောကြောင့် နှစ်များမကြာမီပင် ထပ်မံပြိုကွဲသွားရဦးမည်ဟု မြေကြီးလက်ခတ်မလွဲ ပြောဆိုနိုင်ပေသည်”လို့ အတည်ပြုပြီး မကြာမီမှာ ကြိုတင်ဟောကိန်းထုတ်ခဲ့တယ်။ ဦးရွှေအုံးက ၁၉၄၈-၆၂ ကို ပထမ ပြည်ထောင်စု၊ ၁၉၇၄-၈၈ ကို ဒုတိယပြည်ထောင်စု၊ ၂၀၀၈ ရေးဆွဲတဲ့ ခြေ/ဥကို တတိယပြည်ထောင်စုလို့ ပြောတာပဲ ဖြစ်တယ်။ အဲဒီပြည်ထောင်စုဟာလည်း ၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးချိန်က စလို့ ပြိုကျသွားခဲ့ပါပြီ။ 

အဘဦးရွှေအုံးရဲ့ သတ်မှတ်ချက်အရဆိုရင်တော့ မကြာမီမှာ တိုင်းရင်းသားပေါင်းစုံပါဝင်ပြီး ကိုယ်တိုင်ရေးဆွဲကြမယ့် အနာဂတ် ဖက်ဒရယ်အခြေဥပဒေကြီးကိုတော့ စတုတ္ထပြည်ထောင်စုသစ်ကြီးလို့ ဆိုရန်သင့်မည် ထင်ပါတယ်။ သေချာဆန်းစစ်ကြည့်ရင် ကျနော်တို့အားလုံးဟာ ပြည်ထောင်စု အရေခြုံထားခဲ့တဲ့ လက်ဝါးကြီးအုပ် စစ်အာဏာရှင်အလိုကျ ခြေ/ဥအောက်မှာ နေလာခဲ့ကြတာ။ စစ်ကျွန်ဘဝပြည်ထောင်စုကိုပဲ အမှန်ထင်ပြီး နေထိုင်ခဲ့ကြတာ။ တချို့ကျတော့လည်း အမှန်ကိုသိပေမယ့် အားမတန်လို့ မာန်လျှော့ခဲ့တာတွေလည်း ရှိမှာပါ။

ဒီနေ့ကာလမှာတော့ စစ်အာဏာရှင်လက်အောက်ခံ ပြည်ထောင်စုအောက်ကနေ ရုန်းထွက်ကြဖို့ တိုင်းရင်းသားအစုံစုံနဲ့ တောင်တန်း မြေပြန့် ပူးပေါင်းတော်လှန်နေကြပြီ။ မျိုးဆက်သစ် လူငယ်နိုင်ငံရေးသမားတွေအနေနဲ့ကလည်း အနာဂတ် ‘ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်’ တခုကို အသစ်ပြန်လည်းဖွဲ့စည်း တည်ဆောက်ကြဖို့ အလိုရှိနေခဲ့ကြတယ်။ နွေဦးတော်လှန်ရေးဟာလည်း နိုင်ငံသစ်၊ ဖွဲ့စည်းမှုအသစ်၊ ပြည်ထောင်စုအသစ်ကို တောင်းဆိုနေတယ်။ ဒီအတွက် သိလျက်နဲ့ဖြစ်စေ၊ အသိမဲ့ဖြစ်စေ အရင်က အစွဲလိုဖြစ်ခဲ့တဲ့ ဗမာလူမျိုးကြီးစိတ်နဲ့ လူမျိုးငယ်စိတ်တွေကို အပြီးတိုင်ချေဖျက်ပြီး တန်းတူညီတူပေါင်းစုခြင်းဆီကို အရောက်သွားကြရမှာပဲ ဖြစ်တယ်။

‘စွဲသုံးစွဲ’ကို မချေဖျက်နိုင်ဘဲနဲ့တော့ ဖက်ဒရယ်သစ်ဆီ လှမ်းဖို့ခက်မှာပါ။ စွဲသုံးဆိုရာမှာ လူမျိုးကြီးအစွဲ၊ လူမျိုးငယ်အစွဲနဲ့ အတိတ်က ရွှေထီးဆောင်းခဲ့တဲ့ သမိုင်းလွဲအစွဲတွေကို အားလုံး ခဝါချကြဖို့ပါပဲ။ လူမျိုးကြီးအစွဲဟာ အန္တရာယ်ရှိသလို အမြင်ကျဉ်းမြောင်းလွန်းတဲ့ လူမျိုးငယ် သိမ်ငယ်စိတ်ဟာလည်း အန္တရာယ်ရှိနေတတ်ပါတယ်။ အားလုံးဟာ ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ တန်းတူညီတူစိတ်ရှိနေဖို့ လိုအပ်ပါတယ်။ ကျန်တဲ့အတိတ်က သမိုင်းအလွဲအစွဲ တချို့ဟာလည်း အန္တရာယ်ဖြစ်စေတတ်တာကြောင့် ၁၉၄၇ အခြေခံဖြစ်တဲ့ ပင်လုံစိတ်ဝိညာဉ်ကို ပဋိညာဉ်တခုအဖြစ် လည်းကောင်း၊ ကတိကဝတ်အဖြစ် လည်းကောင်း ထားရှိပြီး အသစ်သစ်သော အခြေအနေနဲ့ ညီညွတ်စွာစုစည်းကြဖို့တော့လိုမယ်လို့ ပညာရှင်တွေအချို့က ယူဆခဲ့ကြတာလည်း ရှိပါတယ်။

ပြောကြစို့ဆိုရင် မြန်မာဟာ လူမျိုးကြီးဖြစ်တယ် ဆိုတာကို ဘယ်တိုင်းရင်သားကမှ ငြင်းဆန်မှု မရှိသလို ရခိုင်၊ မွန်၊ ရှမ်းတို့ဟာလည်း ကိုယ့်မင်းကိုယ့်ချင်းနဲ့ နေထိုင်ခဲ့တဲ့ လူမျိုးကြီးတွေပဲ ဖြစ်တယ်ဆိုတာလည်း ငြင်းလို့မရဘူး။ ထိုနည်းအတိုင်းပဲ ကယား၊ ကချင်၊ ချင်းတို့ဟာလည်း ကိုယ့်လူမျိုးကြီးတွေနဲ့ ကိုယ်ပိုင်ဒူဝါတွေ၊ တောင်ပိုင်တွေနဲ့ အုပ်ချုပ်ခဲ့ကြတာကိုလည်း ငြင်းလို့မရဘူး။ ဒီတော့ မြန်မာတွေအနေနဲ့ကလည်း တောင်တန်းသားတွေဟာ ‘မြန်မာရဲ့ အစိတ်အပိုင်း မဟုတ်ဘူး’ ဆိုတာ အမြင်အသိရှိဖို့ လိုတယ်။ ဒါဟာ ဖက်ဒရယ်အတွက် အရေးကြီးတဲ့ အခြေခံစိတ်ပဲ။ ဒီအခြေခံစိတ်မရှိဘဲနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဆိုပြီး အော်နေရင် စစ်အုပ်စုအသံနဲ့ ကွာမှာ မဟုတ်ဘူး။

နောက်တခုက ပြည်နယ်ဆိုတာတွေဟာ မြန်မာက ခွဲပေးလို့ရရှိထားတဲ့ ပြည်နယ်မဟုတ်သလို သူတို့အခွင့်အရေးတွေဟာလည်း မြန်မာတို့ ပေးလို့ရတဲ့ အခွင့်အရေးမဟုတ်ဘူးဆိုတဲ့ အချက်ကိုလည်း ကြိုတင်နားလည်ထားဖို့ လိုပါမယ်။ လွတ်လပ်ရေးရယူချိန်မှာ တောင်တန်းဒေသတွေဟာ မြန်မာနဲ့ အတူမနေချင်ရင်လည်း မနေပိုင်ခွင့်ရှိခဲ့တာလည်း အရှိတရားတခု ဖြစ်ခဲ့တယ်။ ဒါဖြင့် ‘မြန်မာနဲ့တွဲပြီး ဘာလို့ ပြည်ထောင်စုဖွဲ့ပြီး လက်တွဲခဲ့ကြသလဲ ဆိုရင် ‘ပင်လုံကတိကဝတ်ကြောင့်’လို့ တိုင်းရင်းသားတွေရဲ့အဖြေကို ကြားရမှာပဲ ဖြစ်တယ်။ ဒါဟာ အရှိတရားဖြစ်သလို အမှန်တရားလည်း ဖြစ်တယ်။

ကုန်လွန်ခဲ့တဲ့ ပြည်ထောင်စုဖွဲ့စည်းပုံတခုလုံး ပြိုပျက်ခဲ့ရခြင်းကို ကြည့်ရင် ဖော်ပြခဲ့တဲ့အတိုင်း လူမျိုးကြီးဝါဒအခြေခံနဲ့ ပင်လုံကတိကဝတ် ပျက်ခဲ့လို့ပဲလို့ ကောက်ချက်ချနိုင်တယ်။ တနည်းပြောရရင် တိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ဆန္ဒကို လက်ဝါးကြီးအုပ်၊ လျစ်လျူရှုပြီး ဇွတ်အဓမ္မပေါင်းစည်းခဲ့ခြင်းရဲ့ ရလဒ်လို့ပဲ ဆိုရမှာပါ။ ဒါရဲ့ နံပါတ်တစ် တရားခံဟာ စစ်အာဏာရှင် အဆက်ဆက်ပဲ ဖြစ်တယ်။ ၁၉၆၂ ခုမှာ ပင်လုံအခြေခံခဲ့ထားတဲ့ ပြည်ထောင်စုမူကို ပြန်လည်ပြုပြင်ကြဖို့၊ ဖြည့်စွက်ကြဖို့ ဆွေးနွေးညှိနှိုင်းနေစဉ်မှာ ‘တိုင်းပြည်ပြိုကွဲမှာစိုးလို့’ ဆိုတဲ့ အကြောင်းပြချက်နဲ့ တပ်ကအာဏာသိမ်းခဲ့တာ။ အဲဒီအချိန်ကစပြီး ‘အဓမ္မပြည်ထောင်စု’လုပ်ပြီး လက်နက်နဲ့ လွှမ်းမိုးအုပ်ချုပ်ခဲ့တာ။

၂၀၂၁ နောက်ပိုင်းကစပြီး စစ်အာဏာရှင်ကို တောင်ပေါ်နဲ့ မြေပြန့်တို့ စုစည်းဖီဆန်လာတယ်။ စစ်တပ်အာဏာ အမြစ်ဖြတ်ဖို့၊ စစ်တပ်ဟာ နိုင်ငံရေးက ထာဝရထွက်ခွာရေးအတွက် လက်နက်ချင်း ယှဉ်ပြိုင်လာခဲ့ကြတယ်။ နွေဦးတော်လှန်ရေး အောင်မြင်တာနဲ့အမျှ ‘ပြည်ထောင်စုအသစ်’ကို ဖွဲ့စည်းကြရမှာ ဖြစ်တယ်။ တော်လှန်ရေးကာလအတွင်းမှာတော့ တောင်ပေါ် မြေပြန့် ‘သဘောတူညီမှုပဋိညာဉ်တခုတော့’ လိုအပ်တယ်။ အဲဒီပဋိညာဉ်မှာ ပြည်နယ်တွေအနေနဲ့ မိမိသဘောဆန္ဒအလျောက် ပူးပေါင်းတာ ဖြစ်ရမယ်။ ပြည်နယ်အားလုံး နိုင်ငံရေးအရ တန်းတူညီမှုရှိရမယ်ဆိုတဲ့ ပဋိညာဉ်တော့ လိုအပ်တယ်။

အဲဒီပဋိညာဉ်အရ ရန်သူစစ်အာဏာရှင်ကို အမြစ်ဖြုတ်တိုက်ထုတ်ပြီး ကိုယ့်ပြည်နယ်၊ ကိုယ့်ဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့အတူ အပေါ်ထပ် အဆောက်အုံတခုလုံးကို ထိန်းချုပ်တည်ဆောက်ကြရမှာ ဖြစ်တယ်။ ကော်သူ‌လေးကလည်း ကော်သူပြည်အလျောက်၊ ကချင်၊ ကယား၊ ချင်းတို့လည်း ကိုယ့်ဒေသအလျောက် ကိုယ့်ပြည် ကိုယ်တိုင် အုပ်ချုပ်ကြောင်း ကြေညာထိန်းချုပ်ကြရမှာပါ။ ထိုနည်းအတိုင်း စစ်ကိုင်း၊ မကွေးနဲ့ မြေပြန့်ဒေသတို့ကလည်း ကိုယ်ပိုင် အုပ်ချုပ်ရေး၊ တရားစီရင်ရေးအားလုံးကို ကိုယ်တိုင်အစိုးရအဖြစ် ကြေညာအုပ်ချုပ်ကြရမှာပါ။ ကိုယ့်ဒေသနဲ့ကိုယ် အသီးသီးက အစိုးရတရပ်အဖြစ် ကြေညာပြီး အုပ်ချုပ်နိုင်ဖို့ လိုတယ်။

အဲဒီလို ဒေသအသီးသီး နယ်မြေအသီးသီးကို ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး နိုင်ငံရေးကို၊ တည်ငြိမ်အောင် ထိန်းချုပ်နိုင်ပြီဆိုတာနဲ့ မူလထားရှိခဲ့တဲ့ ပဋိညာဉ်အတိုင်း တန်းတူညီတူ ဖက်ဒရယ် တည်ဆောက်ဖို့ ပြန်လည်ပေါင်းစည်းခြင်း လုပ်ကြရမှာပဲ။ ဒီအခါမှာ မိမိလူထုသဘောအလျောက် ပြည်ထောင်စုကို ပြန်လည်ပေါင်းစည်းခြင်းဖြစ်တဲ့အတွက် ဘယ်သူမှ သာတယ် နာတယ် မရှိနိုင်တော့ဘူး။ အားလုံး တန်းတူညီမျှစိတ်နဲ့ ပေါင်းစည်းကြတာ။ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးအားလုံး အပေါ်ထပ်၊ အောက်ထပ် အဆောက်အုံမကျန် တန်းတူညီမျှပဲပေါ့။ 

အားလုံးက ‘ဗဟိုအစိုးရ’ကို ဘာတွေပေးကြမလဲ။ ဖက်ဒရယ်ရဲ့ မူအတိုင်း ကန့်သတ်အာဏာဖြစ်တဲ့ နိုင်ငံတော် ကာကွယ်ရေး၊ ငွေဒင်္ဂါးသွန်းလုပ်ခွင့်၊ နိုင်ငံခြားဆက်ဆံရေး စတာတွေကို ပေးပြီး ပေါင်းမလားဆိုတာတွေကို အကြေအလည် ညှိနှိုင်းဆွေးနွေးပြီး ‘ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်’ကို တည်ဆောက်ကြရမှာပါ။ 

ဒေါ်အောင်ဆန်းစုကြည်လည်း ပြောခဲ့ဖူးတယ်။ သူက “တိုင်းရင်းသားတွေအနေနဲ့ ကျမတို့ကို ဘာတွေ ပေးနိုင်မလဲဆိုတာ စဉ်းစားပေးကြပါ”လို့ တချိန်က ပြောခဲ့ဖူးတာလည်း ရှိပါတယ်။ အဲဒီအချိန်ကတော့ တချို့သောပုဂ္ဂိုလ်တွေက နားလည်မှုလွဲပြီး ‘ပေးစရာလည်း ဘာမှမရှိတော့ဘူး’ လို့ တုံ့ပြန်ခဲ့တာလည်း တွေ့ရပါတယ်။ နားလည်မှုလွဲမယ်ဆိုလည်း လွဲစရာပေကိုး။ သူ့အနေနဲ့ကလည်း အဲဒီအချိန်က စစ်တပ်ဩဇာရိပ်က ကြီးလွန်းတော့ ရှင်းရှင်းလင်းလင်း မပြောနိုင်တဲ့ အခြေအနေလည်း ရှိကောင်းရှိခဲ့မှာပါ။ ဒီတော့လည်း ‘ဗူးလုံးနားမထွင်း’ဖြစ်ခဲ့တာဟာ အပြစ်တခုတော့ မဟုတ်ပါဘူး။ နံရံအားလုံးနားတွေ ရှိနေတဲ့ ကာလတွေကိုး။ ဒီအကြောင်းကို ခဏထားကြစို့။

ဒီတော့ တိုင်းရင်းသားလူမျိုးစုတွေအနေနဲ့ ဗဟိုအစိုးရကို ခြွင်းချက်အာဏာတွေထဲက ဘယ်အပိုင်းတွေကို ပေးမလဲ။ ဘယ်အပိုင်းထိ ယူမလဲဆိုတာတွေ ဆွေးနွေးညှိနှိုင်း အဖြေရှာကြရမှာ။ ဒါမှ နောင်မှာမပြိုကွဲနိုင်တဲ့ ‘ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု’ဆီကို လွတ်လပ်တက်ကြွစွာ တန်းတူညီမျှ လျှောက်လှမ်းနိုင်ကြလိမ့်မယ်လို့ ယူဆမိပါတယ်။ ဒီလို စုစည်းနိုင်ကြမှသာ တောင်ပေါ် မြေပြန့်မကျန် လူမျိုးစုအားလုံး၊ ပြည်သူလူထုအားလုံး မျှော်ရည်ထားခဲ့ကြတဲ့ “အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံရဲ့ ပြည်ထော်စုသစ်”ကို တက်လှမ်းနိုင်မှာ ဖြစ်တယ်။ ဒါဟာ တခုတည်းသောလမ်းလည်း ဖြစ်တယ်။ ဒီလမ်းအတိုင်း ဦးလည်မသုန် လျှောက်လှမ်းရင် ‘အနာဂတ်နိုင်ငံတော်သစ်ဆီ မျှော်ရည်’နိုင်ကြပါစေကြောင်း ဆုတောင်းလိုက်ရပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်နိုင်ကြပါစေ။

ဂန္ထဝင်မောင်တူး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024