Home
ဆောင်းပါး
အာဆီယံအထူးသံရဲ့ ထိပ်ပေါက်ခေါင်းကွဲ ခရီးစဉ်
DVB
·
July 9, 2022

နောက်ဆုံးကြားရတဲ့သတင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်တော်ပိုင်ပစ္စည်း၊ နေပြည် တော်လျှို့ဝှက်အကျယ်ချုပ်အိမ်မှာ အတူနေခဲ့သူ ၈ ဦးနဲ့ ခွေးကလေးတိုက်ချီဒိုတို့ကို ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄  နေအိမ်ဆီပြောင်းပို့လိုက်ပြီလို့ ဆိုတယ်။

အဲဒီသတင်းရဲ့ ဆင့်ပွားအနက်တွေက ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်အချုပ်ထောင်ထဲ တစ်ကိုယ်တော်ဖြတ်သန်းရမယ့်အပြင် စားရေးသောက်ရေးကိစ္စပင် ခက်ခဲသွားပြီဆိုတဲ့သဘော။ စားစရာ ဟင်းလျာတွေကို ချိုတာငန်တာ ချဉ်တာစပ်တာတွေမပါရုံတင်မက သတ်မှတ်အချိုးအစားအတိုင်း စည်းစနစ်ကျကျ စားသောက်တတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် တော်တော့်ကို မလွယ်နိုင်တဲ့ဖြတ်သန်းမှု။ နံဘေးမှာ ကူညီစောင့်ရှောက်သူမပါဘဲ တစ် ကိုယ်တော်ရပ်တည်ဖို့ဆိုတာ အသက် ၇၇ နှစ်ဆိုတဲ့အရွယ် လူတိုင်းအတွက် ခက်ခဲလွန်းလှ။ မင်းအောင်လှိုင်ရဲ့ အငြိုးကြီးစွာသော တဆင့်တိုး နှိပ်စက်ညှဉ်းပန်းမှု။

ဇွန်လကုန်မှာ မြန်မာ့အရေးအာဆီယံအထူးသံတမန်၊ ကမ္ဘောဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်း မြန်မာနိုင်ငံလာခဲ့သလို ဇူလိုင် ၄ ရက် ပုဂံမှာ မဲခေါင်- လန်ချန်းပူးပေါင်းဆောင်ရွက်မှုအစည်းအဝေးကျင်းပခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးတင်မက မဲခေါင်မြစ်ဝှမ်းဒေသ ထိုင်း၊ လာအို၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ခဲ့ကြတယ်။

ဒေါ်အောင်ဆန်းစုကြည်ဆိုတာက လူထုခေါင်းဆောင်၊ နိုဗယ်ဆုရှင်၊ ကမ္ဘာ့အဆင့်ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခံထားရတဲ့သူ။ မင်းအောင်လှိုင်က လက်နက်နဲအာဏာသိမ်းခဲ့ရုံတင်မက အာဏာသိမ်းမှု ဆန့်ကျင်သူမှန်သမျှကို နေ့စဉ်သတ်ဖြတ်နေသူ။

တရုတ်နဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ရောက်လာခါနီး အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲပို့လိုက်တာဟာ မျက်နှာပူစရာ၊ မျက်နှာပျက်စရာကောင်းလှ တဲ့ကိစ္စမို့ အာဆီယံအထူးသံပြန်ပြီးချိန်၊ မဲခေါင်-လန်ချန်းအစည်းအဝေး ပြီးချိန်အထိ စောင့်ပြီးထောင် ထဲပို့လို့ ရနေလျက်နဲ့ ဘာ့ကြောင့် မအောင့်အီးနိုင်ရတာလဲ။

အဲဒါကတော့ မလုပ်ရဲတာဘာမှမရှိဘူးလို့ဆိုတဲ့ မင်းအောင်လှိုင်နည်းမင်းအောင်လှိုင်ဟန်နဲ့ မိုက်ဂုဏ်ကို ထုတ်ရှိုးပြလိုက်ခြင်းပါပဲ။ ဘာ့အတွက်ထုတ်ရှိုးပြတာလဲဆိုတော့ အာဆီယံမူ ၅ ရပ်အရ မြန်မာ့အရေး တွေ့ဆုံဆွေးနွေးအဖြေရှာရေးမှာ အဓိကအကျဆုံးထဲက တစ်ယောက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို တစ်ဆင့်မြှင့် ညှဉ်းပန်းလိုက်ဟာ အာဆီယံမူ ၅ ရပ်ကို လက်မခံကြောင်း လက်တွေ့သက်သေပြလိုက်ခြင်း ပါပဲ။ ဒါ့အပြင် နိုင်ငံတကာဖိအားတွေ ရှေ့ဆက်တိုးလာခဲ့ရင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ညှဉ်းပန်းမှုတွေလည်း ထပ်တိုးလာမှာဖြစ်ကြောင်း ခြိမ်းခြောက်လိုက်ခြင်းလည်း ဖြစ်နိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အချုပ်ထောင်ပြောင်းရွှေ့လိုက်တဲ့အပေါ် အာဆီယံအထူးသံတမန် ပရက် ဆော့ခွန်းက ဇွန် ၂၇ ရက်နေ့မှာ ကန့်ကွက်ခဲ့တယ်၊ အာဆီယံအထူးသံတာဝန်ယူခဲ့တဲ့ကာလအတွင်း စစ်အုပ်စုကို ရှားရှားပါးပါး ကန့်ကွက်ခြင်းဖြစ်လို့ မှတ်တမ်းတင်ရမယ့်ကန့်ကွက်ခြင်းလို့လည်းဆိုနိုင်တယ်။  ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အရွယ် နဲ့ကျန်းမာရေးကို ထောက်ဆပြီး အရင်ထိန်းသိမ်းထားတဲ့နေအိမ်မှာ ပြန်ထားဖို့ လည်းပရက်ဆော့ခွန်းက တောင်းဆိုခဲ့တယ်။ အခုလိုအချုပ်ထောင်ပြောင်းပို့လိုက်တဲ့အပေါ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက စိုးရိမ်နေကြကြောင်းပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားရင်ကြားစေ့ရေးနဲ့ မြန်မာနိုင်ငံပုံမှန်အခြေအနေအတိုင်းပြန်ရောက်ရေးမှာ အရေးပါတဲ့လူပုဂ္ဂိုလ်ဖြစ်ကြောင်း မြန်မာလူထုရော  နိုင်ငံတကာကပါ လက်ခံထားသူ ဖြစ်တယ်လို့ ပြောကြားလိုက်တာဟာလည်း စစ်အုပ်စု ဘယ်လိုမှ ခံတွင်းမတွေ့မယ့် စကားတစ်ခွန်းပါပဲ။

ဇွန် ၂၇ ရက်မှာ ပရက်ဆော့ခွန်းက အဲဒီလို တောင်းဆိုလိုက်ပြီး မကြာခင် ဇွန် ၂၉ ရက်နေ့မှာ သူ့ရဲ့ ဒုတိယ အကြိမ်မြောက် နေပြည်တော်ခရီးစဉ်ကို စတင်ခဲ့တယ်။ နိုင်ငံရေးခေါင်းဆောင်တွေ၊ အဆင့်မြင့်သံတမန်ကြီးတွေရဲ့ ခရီးစဉ်ဆိုတာ ဘယ်နေ့မှာ ဘာလုပ်မယ်ဆိုတဲ့ နှစ်ဖက် ကြိုတင်ညှိနှိုင်းထားတဲ့ အသေးစိတ်အချိန်ဇယားရှိပြီးသား။ ပရက်ဆော့ခွန်းကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မပေးနိုင်ဘူးဆိုတာ စစ်အုပ်စုက အကြိမ်ကြိမ်ပြော ထားပြီးဖြစ်သလို အခုဒုတိယအကြိမ်နေပြည်တော်ခရီးစဉ်မတိုင်ခင်မှာလည်း ပြောကြားခဲ့ပြီး ဖြစ်တယ်။

ဒါပေမဲ့  ပရက်ဆော့ခွန်း နေပြည်တော်ရောက်တဲ့အချိန်မှာ မလျှော့သော ဇွဲလုံ့လနဲ့ ဒေါ်အောင်ဆန်းစု ကြည်နဲ့ တွေ့ခွင့်ရရေး စစ်အုပ်စုကို ထပ်မံတောင်းဆိုခဲ့တယ်လို့ဆိုတယ်။ မင်းအောင်လှိုင်နဲ့တွေ့တယ်။ ဝဏ္ဏမောင်လွင်နဲ့တွေ့တယ်။ ကိုကိုလှိုင်နဲ့တွေ့တယ်။ ပြီးတော့ စစ်အုပ်စု ပေးတွေ့တဲ့ အပစ်ရပ်တိုင်းရင်းသားလက် နက်ကိုင် ၇ ဖွဲ့၊ နိုင်ငံရေး ပါတီတွေနဲ့တွေ့တယ် မြန်မာ့အရေးနဲ့ပတ်သက်ပြီး ပရက်ဆော့ခွန်း ကိုယ့်သဘောနဲ့ကိုယ် တွေ့လိုက်နိုင်တာဆိုလို့ အနောက်အုပ်စုသံတမန်တွေနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံခြင်း သာရှိလိမ့်မယ်လို့ ထင်တယ်။

ပရက်ဆော့ခွန်း ကမ္ဘောဒီးယားပြန်ရောက်ပြီးနောက် ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာနက နေပြည်တော် ခရီးစဉ်အကြောင်း ဇူလိုင် ၄ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့တယ်။ အဲဒီကြေညာချက်ထဲမှာ မင်းအောင်လှိုင်နဲ့တွေ့ဆုံစဉ် အာဆီယံမူ ၅ ရပ်ကို ဖော်ဆောင်ဖို့ ကြုံတွေ့နေတဲ့စိန်ခေါ်မှုတွေအကြောင်းအမြင် ချင်းဖလှယ်ကြတယ်တဲ့။ ပြီးတော့ မေလကပြုလုပ်ခဲ့တဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးအစည်းအဝေးရ လဒ်ကို ဖော်ဆောင်ဖို့၊ ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နဲ့ပူးပေါင်းဆောင်ရွက်ဖို့ မင်းအောင်လှိုင်ကို တိုက်တွန်းခဲ့တယ်တဲ့။

ဝဏ္ဏမောင်လွင်နဲ့တွေ့ဆုံချိန်မှာတော့ သေဒဏ်ချမှတ်ခံထားရတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူ နှစ်ဦးကိစ္စနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မူလနေအိမ်မှာပြန်ထားဖို့ တောင်းဆို။ ဒါ့အပြင် အကြမ်းဖက် တိုက်ခိုက်မှုတွေရပ်တန့်ဖို့၊ သွားလာရေး ခက်ခဲတဲ့ဒေသတွေမှာ လူသားချင်းစာနာမှုအကူအညီတွေ အချိန်မီပေးပို့ခွင့်ပြုဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်စုစုလွင်တို့အပါအဝင် စစ်ကောင်စီအဖွဲ့ဝင် မဟုတ်တဲ့ လူပုဂ္ဂိုလ်တွေနဲ့တွေ့ဆုံခွင့်ရဖို့ တောင်းဆိုခဲ့တယ်လို့ လည်းထုတ်ပြန်ပါတယ်။

အာဆီယံအထူးသံနေပြည်တော်ရောက်ရှိနေချိန် မှတ်သားစရာကောင်းတဲ့တိုက်ဆိုင်မှုတစ်ခုက ဇွန်လ ၃၀ ရက်နေ့မှာ အကြမ်းဖက်စစ်တပ်ဟာ ရန်ကုန်မြို့ပေါ်မှာတင် ပြည်သူအပေါ် အကြမ်းဖက်ရမ်း ကား ပြခဲ့တာပါ။

အင်မတန်လူ စည်ကားလှတဲ့ ရန်ကုန်၊ လှည်းတန်းက ပေ ၅၀ လမ်းပေါ် ဈေးရောင်းနေတဲ့ လမ်းဘေး ဈေးသည်တွေကို အကြမ်းဖက် စစ်တပ်က ဇွန် ၃၀ ရက် ည ၈ နာရီခွဲလောက်မှာ  ဝင်ရောက်ရမ်းကားကာ လမ်းဘေးစျေးသည်တွေရဲ့  စျေးဗန်းတွေကို မီးရှို့၊ စျေးသည်တွေကို ပါးနားရိုက်၊ မြေညီထပ်ဆိုင်ခန်းတွေကို ကန်ကျောက်ဖျက်ဆီး၊ ပစ္စည်းတွေဆွဲချပြီး စုပုံမီးရှို့။ ကျေးလက်တွေမှာတင်မဟုတ်ဘဲ ရန်ကုန်မြို့ပေါ်မှာလည်း အကြမ်းဖက်ရဲကြောင်း မင်းအောင်လှိုင်က အကြမ်းဖက်မှုချက်ချင်းရပ်ဆိုတဲ့  အာဆီယံမူကို အဲဒီလို တံတွေးနဲ့ ထွေးပြခဲ့ပါတယ်။

ပရက်ဆော့ခွန်းရဲ့ နေပြည်တော်ခရီးစဉ်အပြီးကြေညာချက်ကို ချုပ်ပြီးပြောရရင် တောင်းဆိုခဲ့တာတွေ သာရှိပြီး စစ်အုပ်စုဘက်က သဘောတူခဲ့တာဆိုလို သွားလာရေးခက်ခဲတဲ့ဒေသတွေမှာ ကာကွယ်ဆေးထိုးတဲ့အခါ စီမံခန့်ခွဲနိုင်ဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ လုပ်အားပေးအဖွဲ့ စေလွှတ်မယ့် အစီအစဉ်ပဲရှိပါတယ်။

ပြောရရင် ပရက်ဆော့ခွန်းရဲ့နေပြည်တော်ခရီးစဉ်ဆိုတာ နိုင်ငံရေးအရတောင်းဆိုသမျှ အကုန်ပယ်ချခံရပြီး လက်ချည်းဗလာနဲ့ ခေါင်းငိုက်စိုက်ချ ကမ္ဘောဒီးယားပြန်ခဲ့ရ၊ အာဏာရှင်နိုင်ငံချင်း တောင်အထာမထားဘဲ နောက်တစ်ကြိမ် နေပြည်တော်မလာရဲအောင် လုပ်လွှတ်လိုက်သလားလို့ တောင် အတွေးပွားရမှာပါ။

ပရက်ဆော့ခွန်းရဲ့နေပြည်တော်ခရီးစဉ်ကို နောက်တစ်မျိုးဘာသာပြန်ရရရင် အာဆီယံမူ ၅ ရပ်ကို ပရက်ဆော့ခွန်းရှေ့မှာတင်  လုံးထွေးချေမွလို့ အမှိုက်ခြင်းထဲ ပစ်ထည့် ပြလိုက်တာပါ။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024