
၁။
ဂျပန်ဟိုက္ကူကဗျာဆရာကြီး “ဗသျှိုး”ရဲ့ အထင်ရှားဆုံးကဗျာတပုဒ်ကို ဒီကနေ့ ကျနော် မိတ်ဆက်ပေးပါ့မယ်။ (တချို့လည်း ဖတ်ဖူးနေလောက်ရောပေါ့)
“ဗသျှိုး”မှာ အထင်ရှားဆုံးစကားပြေတခုနဲ့ အထင်ရှားဆုံးကဗျာတပုဒ်ရှိပါတယ်။ အထင်ရှားဆုံး စကားပြေကတော့ “မြောက်ဖက်အရပ်ဆီသွားတဲ့ လမ်းကျဉ်းကလေး” ဆိုတဲ့ ခရီးသွားမှတ်တမ်းပါ။ အထင်ရှားဆုံးကဗျာကတော့ ဒီကနေ့ ကျနော် တင်တဲ့ ရေအိုင်အိုကဗျာပါ။
“ဗသျှိုး”ရဲ့ အဲဒီ ဟိုက္ကူကဗျာကို မိတ်ဆက်ပေးဖို့လုပ်တော့ ကျနော် ပထမဆုံး ရင်ဆိုင်ရတဲ့ ပြဿနာကတော့ “ဘာသာပြန်မူကွဲ” ကိစ္စပါ။ ဒီကဗျာက လူမျိုးပေါင်းစုံက ဘာသာပေါင်းစုံနဲ့ ထုတ်ဝေကြပြီး ဖြစ်ပေမယ့် အင်္ဂလိပ် ဘာသာပြန်မူလိုတော့ မူကွဲတွေ များမယ်လို့ ကျနော် မထင်ဘူး။ ဒီကဗျာကို အင်္ဂလိပ်ဘာသာပြန်ဆိုသူတွေ များတော့ ဘာသာပြန်မူကွဲတွေ များတော့တာပေါ့။ ဒီတော့ကာ ဘယ်အင်္ဂလိပ်ဘာသာပြန်မူကို ယူပြီးမှ မြန်မာဘာသာပြန်ရမလဲ ဆိုတာ ကျနော့်အဖို့ မဟာအခက်အခဲကြီးပေါ့။ ဒါနဲ့ပဲ မြန်မာဘာသာပြန် အမှန်ဆုံးဖြစ်အောင် အချိန်တော်တော်ယူခဲ့ရပါတယ်။ ဂျပန်လိုရေးထားတဲ့ကဗျာကို ဂျပန်မိတ်ဆွေတချို့ကို တွေ့တိုင်း ပြကြည့်ရ မေးကြည့်ရတော့တာပေါ့။ ဒါလည်း သိပ်ပြီးအဆင်မပြေပါဘူး။ ကျနော်နဲ့တွေ့တဲ့ သိတဲ့ ဂျပန်တွေကလည်း အဲဒီကဗျာလေးကို သိပေမယ့် သိပ်ပြီး ကျနော် ကျေနပ်အောင် ရှင်းမပြနိုင်ကြပါဘူး။ ဒီလိုနဲ့ ကိုယ့်မှာရှိတဲ့ အင်္ဂလိပ် ဘာသာပြန်မူကွဲတချို့ရယ်၊ ကိုယ်ဖတ်ထား သိထားတာရယ်၊ မေးမြန်းလို့ရတဲ့ အချက်အလက်တွေကို စုပြီး အဓိကအကြောင်းအရာမလွတ်တဲ့ မြန်မာဘာသာပြန်ကဗျာတပုဒ်လုပ်ရတော့တာပေါ့။ ဟောဒီမှာ ကျနော့်ဆီမှာ ရှိတဲ့ အင်္ဂလိပ် ဘာသာပြန်မူကွဲတချို့ ... ။
old pond
leap - splash
a frog
(ဒါက lucien Stryk ဘာသာပြန်ထားတာပါ။)
An old silent pond …
into the pond
a frog jumps,
splash! silence again
(ဒါက Peter Beilenson နဲ့ Harry Behn တို့ ဘာသာပြန်ထားတာ။)
old pond
a frog jumps in
the sound of water
(ဒါက Stephen Addiss ဘာသာပြန်တာ။)
မြန်မာစာရေးဆရာကြီး မောင်သာနိုးကတော့ အခုလိုပဲ မြန်မာမှုပြုထားတာ တွေ့ရပါတယ်။
ဟောင်းမြင်း ရေအိုင်ထဲ
ဖားက ခုန်လို့ဆင်းလိုက်တယ်
ရေရဲ့အသံပ
ဆရာမောင်သာနိုးက ဟိုက္ကူကဗျာဖွဲ့စည်းပုံ ၅.၇.၅ ကို ရအောင်ယူပြီး ဘာသာပြန်ထားတာပါ။ ဒီကဗျာကို ဆရာကြီးမင်းသုဝဏ်လည်း အခုလို ဘာသာပြန်ပါတယ်။ ရေကန်ကြီးအနား ဖားလေးတကောင် ခုန်ဆင်းသွား ပလုံမြည်သံကြား… တဲ့။ ကျနော်ကတော့ အခုလို မြန်မာမှု ပြုပါတယ်။
ရေအိုင်အိုအတွင်း
ဖားတကောင် ခုန်ဆင်းလို့သွား
ပလုံမြည်သံကြား ...
(ချရေးပြီးမှ ပြန်ဖတ်ကြည့်တော့ ၅.၇.၅. ပုံစံထဲ ကွက်တိဝင်နေတာ တွေ့ရလို့ ကျနော့်မှာ ပြောမပြနိုင်လောက်အောင် ဝမ်းသာသွားရပါတယ်။)
၂။
ဟိုက္ကူကဗျာကို ဖတ်ရင်း ဒီကနေ့ ပြောနေဆိုနေကြတဲ့ ကဗျာအနုပဋိကိစ္စနဲ့ ဆင်တူတာကိုလည်း တွေ့ရပါတယ်။
ခေတ်ပေါ်ကဗျာနဲ့ပတ်သက်ပြီး ငြင်းကြခုံကြတဲ့အထဲမှာ၊ ခေတ်ပေါ်ကဗျာတပုဒ်ကို နားလည် ခံစားတတ်ဖို့ဆိုရင် ကဗျာဖတ်သူကလည်း ကဗျာရေးသူရဲ့အလုပ်ကို တဝက်ဝင်လုပ်ရလိမ့်မယ်ဆိုတဲ့ စကားရှိပါတယ်။ ကဗျာဖတ်သူဘက်က အင်မတန်ခံစားမှုခွန်အားမြှင့်ထားဖို့ လိုပါတယ်။ ဟိုက္ကူကဗျာကျတော့ ခေတ်ပေါ်ကဗျာထက်တောင်မှ ပိုမလားပဲ။ သူ့ကျတော့ ကဗျာဖတ်သူဘက်က ရှစ်ဆယ်ရာခိုင်နှုန်းခန့်အထိ အတွေးကို မြှင့်ပြီး ဖတ်ဖို့လိုမယ်ထင်ပါတယ်။ ဘာပြုလို့လဲဆိုတော့ ကဗျာဆရာက ကဗျာကပေးတဲ့ ရသကို ဗဟုဝုဒ်သဘော ပေးခဲ့တာဖြစ်သလို၊ သူ ပေးတဲ့သူ ဖော်ပြတဲ့ ပြချက်ပြကွက်အပေါ်မှာလည်း သူကိုယ်တိုင်က ဘယ်လိုအရိပ်အယောင်မျှ သဘောထား မပြတော့ဘဲ ကဗျာဖတ်သူအတွက် လုံးလုံးကြီးချန်ထားခဲ့တဲ့သဘော ဖြစ်နေလို့ပါပဲ။
ဟိုက္ကူကဗျာတပုဒ်ကို ဖတ်ရင် ပထမဦးဆုံးတွေ့ရမယ့်အချက်က ကာလနဲ့ ဒေသတခုခုကို တွေ့ရမယ်။ ပြီးတော့ ပြချက်တခု၊ မြင်ကွင်းတခု၊ ဒါက ကဗျာဖတ်သူကို အဖုံးတဝက်လှပ်ပြလိုက်တဲ့ သဘောပဲ။ ဒါတောင်မှ ကဗျာဆရာက ကြာကြာမပြဘူး။ လျှပ်တပြက်သဘောပဲ။ တချက်တည်းပဲ။ အဖုံးကို ပြန်ပိတ်လိုက်တာပဲ။ ကဗျာဖတ်သူက သူ မြင်လိုက်ရတဲ့၊ သူ ကြားလိုက်ရတဲ့၊ သူ ထိတွေ့လိုက်ရတဲ့ ကာလ၊ ဒေသ၊ ပြချက်အပေါ် မူတည်ပြီး တွေးလေရော့ပဲ။ တွေးလေ... တွေးတတ်လေ၊ တွေးနိုင်လေ ... ရင်ခုန်ပေရော့ပဲ။
ဟိုက္ကူကဗျာဆိုတာ ခံစားမှုအများကြီးရှိရာကို နည်းပေါင်းစုံသုံးပြီး ရောက်အောင်သွားနိုင်အောင်၊ အဲဒီသွားနိုင်တဲ့ လမ်းဟူသမျှ သမ္ဘာရနည်းနဲ့ ကျစ်နေအောင်စုစည်းထားတဲ့ အနုပညာပစ္စည်းတခုပါပဲ။ ဥပမာတခုပြောရရင် ကျနော်က “ရေကန်အို” ကို ကျနော့်ဘဝလို့ ယူဆမယ်၊ “ဖားကလေးတကောင်” က ကျနော့်ဘဝကို လာရောက်လှုပ်ခတ်လိုက်တဲ့ ပယောဂ တခုခုဆိုပါစို့။ ဒီတော့ ရေပွက်သံ ကြားရမယ်၊ ဂယက်ထမယ်၊ ဒါတွေက ပယောဂကြောင့် ကျနော့်ဘဝအနေအထား တစုံတရာ လှုပ်ရှားယိမ်းခါသွားတဲ့သဘော...။ ဒီလို ယူဆရင် ဘယ်လို ပယောဂလည်း ဘယ်လို ဂယက်တွေလည်း ဆက်တွေးလို့ရပါတယ်။ ဖြန့်ကြက်ပြီး စဉ်းစားလို့ရပါတယ်။
ရေကန်ထဲ ဖားတကောင် ခုန်ဆင်းတဲ့ ဒီကဗျာလေးအကြောင်း ဋီကာဖွင့်ကြတာတွေကတော့ အများကြီး ရှိပါတယ်။ ကျနော်ကတော့ လိုက်ဖတ်ကြည့်ပြီး ယူတော့ကိုယ့်ဘဝနဲ့ပဲ ကိုက်ညှိပြီး ယူပါတယ်။ ဆိုပါတော့ မနေ့တနေ့ကပဲ မဲဆောက်မြို့ဈေးထဲမှာ ဈေးလာဝယ်တဲ့သူတွေထဲမှာ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က သိကျွမ်းခဲ့ဖူးတဲ့ အသိတယောက်နဲ့ တွေ့လိုက်လို့ ကျနော့်မှာ တော်တော်လေး စိတ်လှုပ်ရှားခဲ့ရတယ်။ ဒါဟာ ကျနော့်ရေကန်ထဲ ဖားတကောင် ခုန်ချလို့ဖြစ်သွားတဲ့ ဂယက်ပဲပေါ့။
နိဂုံးချုပ်ရရင် ဟိုက္ကူကဗျာဆိုတာ အရိပ်ကိုပဲ ပြတာပါ။ အကောင်အထည်ကို စာဖတ်သူက တူးယူပေတော့ပေါ့။ ပြီးတော့ သူက လျှပ်တပြက် တကွက်ပဲပြတဲ့သဘော။ စာဖတ်သူက အချိန်မီ မိအောင်သာ ဖမ်းဆုပ်ပေတော့ပေါ့။ ပြီးတော့ ဟိုက္ကူကဗျာထဲမှာပါတဲ့ ရာသီပြစကားလုံး၊ ပြကွက်တခုဆိုတဲ့ သူရဲ့ အခြေခံအင်္ဂါရပ်ကို ရှာကြည့်ရတာလည်း ပျော်စရာပါ။
ကျနော်ကတော့ ဟိုက္ကူကဗျာတွေကို ဖတ်ရရင် ကိုယ့်ကိုယ်ကိုယ် ဖြူစင်အောင် လျှော်ဖွပ်နေမိသလိုလည်း ခံစားရတယ်။ သွက်လက်ပေါ့ပါးရတယ်။ ရိုးဂုဏ်နဲ့အကြည်ဓာတ်ကို ခပ်ယူ သောက်သုံးခွင့်ရတယ်။ သန္တိသုခအနားကို ရောက်တယ်လို့ ယူဆတယ်။ လူတွေကို ပိုပြီး ချစ်ဖို့၊ သဘာဝပတ်ဝန်းကျင်ကို ပိုပြီးချစ်ဖို့၊ ကမ္ဘာကြီးကို ပိုပြီးချစ်ဖို့၊ ချစ်ဖို့ဆိုတာ တုတ်နှောင်တဲ့ အချစ်မျိုး မဟုတ်ဘူးနော် ...။ ပေးဆပ်ခြင်းဆိုတဲ့ အချစ်၊ မေတ္တာမျိုး။ ဒါကြောင့်မို့ ဟိုက္ကူကဗျာတွေကို ကျနော် သွားလေရာ သယ်ပိုးနေခဲ့မိတာ ဖြစ်မယ်ထင်ပါရဲ့။
ဒီစာကို ရေးနေတဲ့ တချိန်တည်းမှာပဲ ဆရာလေးကိုပေါတို့၊ ဆရာမလေး နိုင်းနိုင်းစနေတို့ စလုံးအကြောင်း ပြောကြဆိုကြတာ ဖတ်ခဲ့ရတာတွေ ဒီကနေ့မှ ဖတ်ရတဲ့ ဆရာလေးညိမ်းညိုရဲ့ ကဗျာတွေဟာ ကျနော့်အတွက် လတ်တလော ဘုရားသခင်က လက်ဆောင်ပေးလိုက်တဲ့ “ဖားကလေး” တွေပေါ့ဗျာ။ သူတို့ကို ကျေးဇူးတင်မိပါတယ်။ သူတို့လည်းပဲ “ဖားတကောင်” ကိုယ်စီရပြီးရင် သူတို့ဘ၀ ရေကန်မျက်နှာပြင်လေးတွေ ပြန်လည် ငြိမ်သက်တည်ငြိမ်နိုင်ကြပါစေလို့ ကျနော် ဆုတောင်းပေးလိုက်ပါတယ်။
ငြိမ်းဝေ(ကဗျာ့အိုးဝေ)