DVB Logo
Home
Lead Story
ရန်သူမျိုး နှစ်ပါး
DVB
·
June 12, 2022
ရန်သူမျိုး နှစ်ပါး
Donate to DVB

ရေ၊ မီး၊ မင်း၊ ခိုးသူ၊ အမွေခံ သားဆိုး သမီးဆိုး ဟူ၍ ရန်သူမျိုးငါးပါးရှိသည်ဟု ဗုဒ္ဓဘာသာကျမ်းစာများက ဖော်ပြထားပါသည်။ ယခု မြန်မာပြည်တွင် မီးဘေး၊ မင်းဘေး ရန်သူနှစ်ပါးက ခေတ်စားလျက်ရှိသည်။ မီးရှို့ခိုင်းသူက ခိုင်းသည်ကို ရှို့သူတွေက လိုချင်သည့် ပစ္စည်းများယူပြီး စိတ်ပါလက်ပါ ရှို့နေကြသည်။

အကုသိုလ်ဖြစ်ဖြစ် ကုသိုလ်ဖြစ်ဖြစ် ပြုလုပ်ပါက

၁။ ကိုယ်တိုင်ပြုလုပ်သူ

၂။ သူတပါးကို တိုက်တွန်းသူ

၃။ ချီးမွမ်းသူ

၄။ သဘောတူ ကျေနပ်သူ

ဤ ၄ ယောက်တို့သည် အတူတူပင်ဖြစ်ကြောင်း စာပေကျမ်းဂန်များတွင် ဖော်ပြကြသည်။

ရွာများကို မီးရှို့နေသည့်အကြောင်းကို ဆက်စပ်လျှင် ပတ်သက်သူများအားလုံး အကုသိုလ် အမှုလုပ်ငန်းကို ကျူးလွန်နေသူများ ဖြစ်သည်။ သူတို့သည် ထိုကျူးလွန်မှုအတွက် ပစ္စုပ္ပန်ရော တမလွန်ပါ တာဝန်ယူ တာဝန်ခံကြရလိမ့်မည်။

ရွာများကို စကစက မီးရှို့နေသော်လည်း မည်သည့် နာမည်ကြီး နာမည်ရ ဆရာတော်များ၊ မဟန ဆရာတော်များမှ တလုံးတပါဒမျှ မပြောဆိုကြပါ။ ရွှေဆံနွယ်ဆရာတော်ကတော့ မီးမရှို့ဖို့ မေတ္တာရပ်ခံကြောင်း အင်တာနက်စာမျက်နှာပေါ်မှာ ဖတ်ရသည်။

နိုင်ငံတော်ဩဝါဒစရိယ ဆရာတော်ကြီး၏ ပုလဲမြို့နယ် သီတင်းကျေးရွာတွင် ကျောင်းနှင့် ရွာ အိမ်‌ခြေ ၁၂၀ ပါ မီးရှို့ခံရသည်ဟု ဖော်ပြထားပါသည်။ ဆရာတော်ကြီး၏တပည့်က မုံရွာမြို့ မဟာဇောတိကာရုံကျောင်းမှ မဟနဆရာတော် ဦးဂါရဝဖြစ်ကြောင်း ဆိုပါသည်။ ယခု စကစမှ ရွာများကို မီးရှို့သည့်ဒဏ်ကို မဟနရော နိုင်ငံတော်ဩဝါဒစရိယ ဆရာတော်ပါ အရှုံးပေးနေရသည်ဟု ပြောရမည်။

အမျိုး ဘာသာ သာသနာကို စောင့်ရှောက်သောမင်းဟု လာဘ်လာဘမျှော်ကိုးသော အရှက်မရှိသည့် ဘုန်းကြီးများကလည်း မြေှာက်ပေးကြသေးသည်။

မာတုဂါမ(မိန်းမ) တည်းဟူသော တံတိုင်းကြီးကို ကျော်နိုင်သော်လည်း လာဘ သက္ကာရ သိလောက လာဘ် အရိုအသေခံမှု ကျော်စောမှုဆိုသည့် တံတိုင်းကို ရဟန်းများက မကျော်လွှားနိုင်ကြကြောင်း ပထမ မြတောင်ဆရာတော်ကြီးက မိန့်ဆိုဖူးပါသည်။

တချိန်က ၈၈ ခုနှစ်ကာလတဝိုက်က စစ်အစိုးရကို ဝေဖန်ရေးတရား ဟောဖူးသော သပိတ်ဆရာတော်က ယခု စစ်အစိုးရကို ထောက်ခံနေလေသည်။ အသက်ကြီးလာလျှင် ဖောက်ပြန်တတ်သည်လား မပြောတတ်ပါ။

ပဲခူးမြို့က ကြခတ်ဝိုင်းဆရာတော်လည်း ရွှေဝါရောင်အရေးအခင်းမှာ စစ်တပ်ဘက်က ရပ်တည်သဖြင့် ပျံတော်မူသည်အထိ နာမည်ပျက်ခဲ့ရဖူးသည်။

အသက်ကြီးလာသော ယနေ့ နာမည်ကျော် သပိတ်အိုင်ဆရာတော်သည် လာဘ်ကိုမလိုချင်ဘူးဟု ဆိုပါစေဦး၊ မင်းဆိုသူက အရိုအသေပြုတာ မင်းက ကိုးကွယ်တာ ဆိုသည့် ကျော်စောမှုကို အလိုရှိပုံရလေသည်။

ပုထုဇဉ်မှန်သော်လည်း စာတတ် ပေတတ်ဟု လူများက သတ်မှတ်ထားသော နိုင်ငံကျော် သပိတ်အိုင်ဆရာတော်၊ မော်ကျွန်းတိပိဋက။ ဓမ္မဒူတ ဦးဆေကိန္ဒ။ ဝစီပိတ်ဆရာတော်နှင့် စကစကို ထောက်ခံသော ဘုန်းကြီးများကိုတော့ ပြည်သူအများက သူခိုးကို ဓားရိုးကမ်းသူများ ဟူ၍ သတ်မှတ်နေကြပါသည်။

မြင်းမူမြို့နယ်က မိတ်ဆွေတယောက်က သူ့မျက်မြင်ကိုယ်တွေ့ဖြစ်ရပ်ကို ဖုန်းထဲတွင် ပြောပြသည်။

"စစ်တပ်က ရွာထဲဝင်လာတာနဲ့ မြင်သမျှ အကုန်ပစ်တာ။ ပတ်သက်သလား မပတ်သက်ဘူးလား ဆိုတာ နားမလည်ဘူး။ မြန်မာစကားလည်း နားလည်ပုံမရဘူး။ ဘယ်လိုမှကို တောင်းပန်လို့ မရလို့ လွတ်အောင် ထွက်ပြေးနေရတာ။ တောင်ဘက်ရွာက ဆွမ်းခံကြွတဲ့ ကိုယ်တော်တွေကို ဝမ်းလျားမှောက်ခိုင်းပြီး ခေါင်းကိုနင်းထားတာ။ ဘုန်းကြီးလည်း နားလည်တာမဟုတ်ဘူး။ မြန်မာစကား နားမလည်တာလား၊ နားမလည်ချင်ယောင် ဆောင်ခိုင်းထားတာလား၊ မသိပါဘူးဗျာ။"

စစ်ကိုင်းတိုင်း တတိုင်းလုံးကို မီးရှို‌့တော့မည်လားဟု တွေးမိသည်။ နအဖခေတ်က စစ်တပ်အကြီးအကဲတွေ အလိုကျ မျက်နှာရခဲ့သော ဗိုလ်ချုပ်ကြီးဟောင်းသာအေးရွာပင် မီးရှို့ခံရသဖြင့် သူ၏နှမတွေပင် မီးလွတ်ရာ ပြေးနေရသည်။

"သာအေး စာမရေးဘူး” ဟု ဆိုဖူးသော စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဟောင်းလည်း ဘာမှမတတ်နိုင်တော့ပါ။ သည့်အတွက် ပြည်သူတွေက "သာအေးခေတ် ကုန်ပြီပဲ” ဟု ပြောကြသည်။

"မုဆိုး တသက် တောမီး တကွက်” ဟူသော စကားရှိသည်။ တသက်လုံး မုဆိုးလုပ်လာသော သက်တမ်းထက် တောမီးတကွက်ကိုရှို့သည့် အကုသိုလ်က ပိုကြီးသည်ဟု ဆိုပါသည်။ ရွာများစွာကို မီးရှို့ဖို့ အမိန့်ပေးထားသော မင်းအောင်လှိုင်နှင့် မီးရှို့နေကြသော စစ်သား၊ ရဲ၊ ပျူစောထီး၊ သွေးသောက်အဖွဲ့ဝင်တို့မှာ မရှုမလှ တန်ပြန်ဒဏ်ကို မခံစားရဘူးဟု မည်သူက ပြောနိုင်ပါသလဲ။

ရွာကိုမီးရှို့နေသည့်သူ စစ်သား၊ ရဲ၊ ပျူစောထီး မှန်သမျှ လူသားချင်းစာနာစိတ် မရှိ၍သာ သည်အလုပ်ကို လုပ်နိုင်ကြတာဖြစ်သည်။ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှု ရှိသည်ဟူသော စကားအတိုင်း အပြစ်မဲ့ပြည်သူများ၏အိမ်ကို အသားလွတ် မီးရှို့ခိုင်း မီးရှို့နေသောသူများမှာ တနေ့ ပြန်ခံစားကြရမှာ ဧကန်မုချ ဖြစ်တော့သည်။

ဘိက္ခု နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013